ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် ဒါလေးတွေကို သိထားသင့်ပါတယ်။


အခုလိုမိုးရာသီမှာ မိုးလေးဖွဲဖွဲလေးရွာနေတုံး ကော်ဖီလေးတစ်ခွက်၊ စီးကရက်လေးတစ်ဘူးနဲ့ဘာကိုဖီးလ်လို့ဖီးလ်မှန်းမသိဘဲ ထိုင်ဖီးလ်ရတာ တော်တော်ကောင်းတဲ့အရသာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေ ဆေးလိပ်သောက်ခြင်းရဲ့ဆိုးကျိုးတွေကို သိသိကြီးနဲ့ဆက်မိုက်နေကြတာပါ။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်တယ်။ ပါးစောင်ကင်ဆာဖြစ်နိုင်တယ်။ လေဖြတ်နိုင်တယ်။ ဦးနှောက်သွေးကြောပြတ်နိုင်တယ်။ မျက်စိတိမ်စွဲနိုင်တယ်။ ဒီလိုမကောင်းတဲ့ဆိုးကျိုးတွေရှိနေတာကို သိသိရက်နဲ့ ကျွန်တော်တို့တွေ ဘာကြောင့်ဆေးလိပ်မဖြတ်နိုင်ကြတာလဲ။ နောက်တစ်ခုက ဆေးလိပ်ဖြတ်တယ်ဆိုတာ ပြောရတာသာလွယ်တာ။ လက်တွေ့လုပ်ရတာတော့တကယ်ခက်ပါတယ်။ ဆေးလိပ်ဖြတ်ချင်နေတဲ့ဘော်ဒါတွေအတွက် ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ အစားများများစားပါ

ဆေးလိပ်တစ်လိပ်လောက် ဖွာချင်စိတ်ပေါက်လာရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခုခုကိုသာ စားလိုက်ပါ။ ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်းဓာတ်က ကျွန်တော်တို့ရဲ့သွေးထဲမှာရှိတဲ့ သကြားဓာတ်တွေကို လှုံ့ဆော်ပေးပြီး အစာစားချင်စိတ်ကို ကုန်ခမ်းစေပါတယ်။ အဲဒီကမှတဆင့် ကျန်းမာရေးပြဿနာတွေဖြစ်လာရပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ချင်စိတ် ပေါက်လာပြီဆိုရင် အသီးအရွက်သုပ်တို့၊ သစ်သီးစုံပွဲတို့လိုမျိုး ကျန်းမာရေးအတွက်လည်းကောင်းတဲ့အစားအစာတစ်ခုခုကို စားပြီး အာရုံလွှဲပေးပါ။ အဲဒါတွေစားဖို့အတွက် အဆင်သင့်မဖြစ်သေးရင်လည်း မြေပဲသကြားလုံးလေးတွေ ဆောင်ထားလို့ရပါတယ်။


၂။ ဆေးလိပ်အစားထိုးကုန်ပစ္စည်းတွေပေါ် အရမ်းမမှီခိုပါနဲ့

Smoking-2.jpg 

ဆေးလိပ်ဖြတ်ချင်စိတ်ပေါက်လာပြီဆိုတော့ တဖြည်းဖြည်းမျှင်းဖြတ်မယ်ဆိုတဲ့စိတ်ကူးနဲ့ နီကိုတင်းကပ်ခွာ ကပ်တာတို့၊ လျှပ်စစ်စီးကရက် (Vape) ပြောင်းသောက်တာတို့ လုပ်ဖူးကြမှာပါ။ တကယ်တော့ အဲဒီနည်းလမ်းတွေက ဆေးလိပ်အစားထိုးတာထက် ဆေးလိပ်ကို တုံးတိမဖြတ်ဘဲ ဖြည်းဖြည်းချင်းမျှင်းဖြတ်လို့ရအောင် ကူညီပေးတာပါ။ သူတို့ကို သုံးစွဲတဲ့နှုန်းကိုလည်း ဖြည်းဖြည်းချင်း လျှော့သွားရမှာပါ။ ဆေးလိပ်မသောက်တော့ဘူးဆိုပြီး Vape တွေချည်းပဲလှိမ့်ရှိုက်နေရင်လည်း ဆေးလိပ်ပြန်သောက်မိသွားဖို့ ရာခိုင်နှုန်းတော်တော်များပါတယ်။ ဒါကြောင့် ဆေးလိပ်အစားထိုးကုန်ပစ္စည်းတွေအပေါ် အရမ်းမမှီခိုဘဲ မိမိရဲ့စိတ်ခိုင်မာမှုပေါ်မှာပဲ ပိုမိုမှီခိုပါ။

၃။ ဖြည်းဖြည်းချင်းဖြတ်ပါ

image-20160310-26274-ewesej.jpg 

ဆေးလိပ်ဖြတ်တယ်ဆိုတာ ညတွင်းချင်းပြီးအောင်လုပ်လို့ရတဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ ခင်ဗျားရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို သူတို့အတွက် နီကိုတင်းမလိုအပ်တော့တဲ့အကြောင်းကို သွေးဆောင်ဖြားယောင်းဖို့ဆိုတာ အချိန်အများကြီးပေးရပါတယ်။ ဆေးလိပ်ဖြတ်မယ်ပြောပြီး စိတ်မခိုင်လို့ ပြန်သောက်မိသွားတဲ့လူတွေလည်း မနည်းပါဘူး။ ဒါကြောင့်ဆေးလိပ်ဖြတ်ဖို့အတွက် အကောင်းဆုံးနည်းကတော့ တစ်နေ့ နည်းနည်း နည်းနည်း အလိပ်ရေလျှော့သွားပြီး နောက်ဆုံးမှာလုံးဝရပ်တန့်လိုက်တာပါပဲ။ နှစ်ပတ်လောက် လုပ်ကြည့်ပါ။ သိသာလာပါလိမ့်မယ်။

၄။ ကဖင်းဓာတ်သုံးစွဲမှုကိုလည်းလျှော့ပါ

ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်လုပ်ဆောင်မှုတွေအပေါ် အများကြီးအကျိုးသက်ရောက်မှုရှိပြီး အဲဒါတွေထဲက တစ်ခုကတော့ အသည်းရဲ့ကဖင်းဓာတ်လက်ခံနိုင်တဲ့စွမ်းရည်ကို လျှော့ချပစ်တာပါပဲ။ ဒါကြောင့်ဆေးလိပ်ဖြတ်မယ်ဆိုရင် တစ်နေ့တစ်နေ့သောက်တဲ့ ကော်ဖီခွက်ရေကိုလည်း ထက်ဝက်လောက်လျှော့ချသင့်ပါတယ်။ ဒါမှသာ ခန္ဓာကိုယ်က ဆေးလိပ်ဖြတ်ခြင်းလုပ်ငန်းကို ပိုပြီးမြန်မြန်လုပ်ဆောင်နိုင်မှာပါ။ ကဖင်းဓာတ်ပါတဲ့ အားဖြည့်အချိုရည်တွေကိုလည်း ရှောင်ရှားသင့်ပြီး ကော်ဖီကိုလည်း တစ်နေ့တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။

၅။ ဆေးလိပ်ရဲ့ဆိုးကျိူးတွေအကြောင်းဖတ်ပါ

smoking-main.jpg 

ဆေးလိပ်ဖြတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းနောက်တစ်ခုကတော့ ကိုယ့်စိတ်ကိုယ်ခြောက်လှန့်တာပါပဲ။ အွန်လိုင်းပေါ်မှာရှိတဲ့ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ရတဲ့ဆိုးကျိုးတွေအကြောင်း ရှာဖတ်ပါ။ Google မှာ နည်းနည်းရိုက်ရှာလိုက်တာနဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုတောင် ခင်ဗျားဖတ်ရှုရဦးမှာပါ။ ခင်ဗျားကိုအသက်အန္တရာယ်ပြုနိုင်တဲ့အရာတစ်ခုနဲ့ ဝေးရာမှာနေ နေတယ်လို့ မိမိစိတ်ကို အယုံသွင်းကြည့်ပါ။ အခန်းထဲမှာလည်း ဆေးလိပ်ဖြတ်ခြင်းနဲ့ဆိုင်တဲ့ ပိုစတာတွေကပ်ထားလိုက်ပါ။

၆။ ခန္ဓာကိုယ်နဲ့စိတ်ရဲ့တုံ့ပြန်မှုတွေကို လက်ခံထိန်းချုပ်ပါ

ဆေးလိပ်ဖြတ်ပြီဆိုရင် ခန္ဓာကိုယ်က ဒီတိုင်းငြိမ်နေမှာမဟုတ်ပါဘူး။ ခံတွင်းချဉ်လာတာတို့၊ လက်တွေတုန်လာတာတို့လုပ်ပြပြီး ခင်ဗျားကိုဆေးလိပ်ပြန်သောက်ဖို့ တောင်းဆိုမှာပါ။ ဒါတင်မကသေးပါဘူး။ အလုပ်ခဏနားချိန်တို့၊ ထမင်းစားပြီးချိန်တို့မှာလည်း "ထမင်းစားပြီးတစ်မျိုးလို၊ အိပ်ယာဝင်လည်းတစ်မျိုးလို... ဆေးလိပ်တို" ဖြစ်နေမှာပါ။ နောက်ပြီး ဆေးလိပ်ဖြတ်ခြင်းကို ခန္ဓာကိုယ်က တုံ့ပြန်မှုတွေဖြစ်တဲ့ ရုတ်တရက်ဒေါသထွက်လွယ်တာတို့၊ စိတ်မငြိမ်တာတို့ဖြစ်တတ်ပါတယ်။ ဒီစိတ်ခံစားမှုတွေနောက်ကို လိုက်သွားမယ့်အစား ကောင်းကောင်းလက်ခံထိန်းချုပ်နိုင်ဖို့ပဲ ကြိုးစားပါ။ ဒီလိုမျိုးတွေဖြစ်လာရင် ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေလည်း ကြိုဆွဲထားပါ။

၇။ ဝါသနာအသစ်တစ်ခုကို အကောင်အထည်ဖော်ပါ

boy-swimming.jpg 

လူတိုင်းလူတိုင်းမှာ လုပ်မယ်စိတ်ကူးထားပြီး လက်တွေ့မလုပ်ဖြစ်သေးတဲ့အရာတွေ အများကြီးရှိပါတယ်။ Youtube က ချက်နည်းပြုတ်နည်းတွေကြည့်ပြီး လက်တည့်စမ်းကြည့်ချင်တာ ဖြစ်ချင်ဖြစ်မယ်။ ရေကူးတာဖြစ်ချင်ဖြစ်မယ်။ လက်ဝှေ့ထိုးသင်တာဖြစ်ချင်ဖြစ်မယ်။ ဆေးလိပ်ဖြတ်နေတဲ့အချိန်ဟာ အာရုံလွှဲဖို့အကောင်းဆုံးအချိန်ဆိုတော့ အဲဒီအချိန်မှာ မိမိရဲ့ဝါသနာတွေကို အကောင်အထည်ဖော်လိုက်ပါ။ ဒါဆိုရင် ဆေးလိပ်သောက်ချင်နေတဲ့စိတ်ကို မိမိရဲ့ဝါသနာပေါ်မှာ ပြောင်းလဲအာရုံစိုက်နိုင်ပါပြီ။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က