အိပ်ရေးပျက်ရောဂါဆိုတာ အိပ်ချင်နေပါလျက်နဲ့၊ လူကလည်း ပျိုင်းနေပါလျက်နဲ့ အိပ်မပျော်တဲ့ရောဂါပါပဲ။
 

တချို့အလုပ်တွေကတော့ မနက် (၉) ည (၅) တင်မကပါဘူး။ ညဘက်တွေပါဆက်လုပ်ပေးရတဲ့အလုပ်တွေရှိပါတယ်။ ညဘက်တွေ အလုပ်ဆက်လုပ်ဖန်များလာတဲ့အခါ၊ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေ များလာတဲ့အခါ အိပ်ရေးပျက်ရောဂါ စွဲကပ်လာပါလိမ့်မယ်။ အိပ်ရေးပျက်ရောဂါဆိုတာ အိပ်ချင်နေပါလျက်နဲ့၊ လူကလည်း ပျိုင်းနေပါလျက်နဲ့ အိပ်မပျော်တဲ့ရောဂါပါပဲ။ ညဘက်အိပ်ချိန်လည်း ကောင်းကောင်း အိပ်လို့မရတော့ နောက်နေ့အလုပ်မှာလည်း အဆင်မပြေဖြစ်ပြီး လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေက ပိုများလာရပါတယ်။

အဲဒီလိုလူတွေအတွက် အကောင်းဆုံးဖြေရှင်းနည်းလေးတစ်ခုရှိပါတယ်။ သူတို့အတွက် အိပ်ယာပေါ်မှာလူးလှိမ့်ရင်း မနက်မိုးလင်း သွားတဲ့ညတွေ၊ သိုးလေးတွေကို ရေတွက်ရင်းမိုးလင်းသွားတဲ့ညတွေကို ကျော်ဖြတ်နိုင်စေမယ့် နည်းလမ်းလေးပါ။ မိနစ်ပိုင်းအတွင်း အိပ်မောကျသွားစေရမယ်လို့ ကျွမ်းကျင်သူတွေကိုယ်တိုင် အတည်ပြုထားတဲ့ နည်းလမ်းလေးလည်း ဖြစ်ပါတယ်။

အိပ်ရေးပျက်ရောဂါသည်တွေအတွက် အိပ်မောကျစေမယ့်နည်းလမ်း

maxresdefault (1).jpg 

ဒီနည်းလမ်းလေးရဲ့နာမည်ကတော့ "၄-၇-၈ နည်းလမ်း" ဖြစ်ပါတယ်။ နာမည်လေးက ရိုးရှင်းသလို ပြုလုပ်ရမယ့် အချက်တွေကလည်း ရိုးရှင်းပါတယ်။ အရင်ဆုံး အိပ်ယာပေါ်မှာ သက်တောင့်သက်သာရှိမယ့် ပုံစံနဲ့ လှဲလျောင်းနေလိုက်ပါ။ (အကောင်းဆုံးကတော့ ပက်လက်လှန်အိပ်တာပါပဲ။) ပြီးရင် နှာခေါင်းဝကနေ လေးစက္ကန့်လောက်ကြာအောင် အသက်ရှူသွင်းလိုက်ပါ။ လေးစက္ကန့်ကြာအောင် လေရှူသွင်းပြီးရင် အသက်ကို (၇) စက္ကန့်လောက်ကြာအောင် အောင့်ထားလိုက်ပါ။ ပြီးရင် ပါးစပ်ပေါက်ကနေပြီး အောင့်ထားတဲ့ လေတွေကို (၈) စက္ကန့်လောက်ကြာအောင် ဖြည်းညှင်းစွာပြန်ရှူထုတ်လိုက်ပါ။ ဒီနည်းလမ်းအတိုင်း ခင်ဗျားအိပ်မောကျသွားသည် အထိ ဆက်လုပ်ပေးပါ။

ဒါလေးပါပဲ။ နည်းလမ်းက ဘာမှခက်ခက်ခဲခဲကြီးမဟုတ်သလို ရိုးရိုးရှင်းရှင်းလေးပါပဲ။ ရိုးရိုးရှင်းရှင်းနည်းလမ်းလေးဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့။ အိန္ဒိယနိုင်ငံက ယောဂီတရားထိုင်နည်းကနေ ဆင့်ပွားပြီး ဒီနည်းလမ်းကိုတီထွင်ထားတဲ့ ဟားဗတ်တက္ကသိုလ်ဘွဲ့ရ ဒေါက်တာ အန်ဒရူးဝီးလ်က ခုလိုဆိုပါတယ်။ "ဒီနည်းလမ်းက ညသန်းခေါင်ကြီးရုတ်တရက်လန့်နိုးလာပြီး ပြန်အိပ်မရတော့တဲ့သူတွေ၊ အိပ်ရေးပျက်ရောဂါကြောင့် အိပ်မပျော်တဲ့သူတွေအတွက်တော့ အမြန်ဆုံးအိပ်ပျော်သွားစေဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။" လက်ချာတစ်ခုမှာ သူကခုလိုဆိုပါတယ်။

 

ယောဂီတွေကတော့ ဒီနည်းလမ်းကို စိတ်ကိုတည်ငြိမ်အေးချမ်းစေဖို့၊ စိတ်ဖိစီးမှုနဲ့ သောကတွေကိုတိုက်ဖျက်ဖို့အတွက် အသုံးပြုကြပါတယ်။ ခင်ဗျားရဲ့အသက်ရှူခြင်းလုပ်ငန်းစဉ်ကို နှေးကွေးအောင် လျှော့ချလိုက်ခြင်းဖြင့် နှလုံးခုန်နှုန်းဟာလည်း လိုက်လံနှေးကွေးလာပါလိမ့်မယ်။ ဒီလိုနည်းနဲ့ ခန္ဓာကိုယ်ကလည်း တင်းမာနေမှုတွေ ဖြည်းဖြည်းချင်း ပြေလျော့လာပါလိမ့်မယ်။ တနည်းအားဖြင့်ပြောရရင် ဒီနည်းလမ်းလေးက စိတ်နဲ့ ခန္ဓာကိုယ်အတွက် စိတ်ငြိမ်ဆေးတစ်မျိုးပါပဲ။

"နောက်ကွယ်ကသီအိုရီကတော့ အသက်ရှူခြင်းပေါ်မှာ စည်းချက်ကျအောင်သတ်မှတ်ပေးလိုက်ခြင်းဖြင့် မသိစိတ်ထဲမှာပါ စည်းဝါးကျသွားအောင် ပြုလုပ်လိုက်တာပါပဲ။ ဖြည်းဖြည်းချင်းနဲ့ အာရုံကြောစနစ်ထဲမှာပါ စည်းဝါးကျသွားမှာပါ" လို့ ဒေါက်တာ အန်ဒရူးက ဆိုပါတယ်။ "ဒါပေမယ့်အချိန်တစ်ခုတော့လိုအပ်ပါတယ်။ ဒီနည်းလမ်းလေးအတိုင်း ရက်သတ္တပတ်အနည်းငယ်ကြာအောင်၊ လတွေ၊ နှစ်တွေကြာအောင် ပုံမှန်လုပ်ပေးမယ်ဆိုရင် ခင်ဗျားလိုချင်တဲ့ပြောင်းလဲမှုကိုရရှိလာမှာပါ" လို့လည်း ပြောပါတယ်။

 

ကဲ... ဘာကိုစောင့်နေကြဦးမှာလဲ။ အိပ်မပျော်တဲ့သူတွေ၊ ညကြီးသန်းခေါင်မျက်စိကြောင်နေတဲ့သူတွေ ဒီနည်းလမ်းလေးသုံးပြီး ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကိုရယူနိုင်ပါပြီ။

Source: Reader's digest

Share

Loading Next Article...
က္က