ဆေးလိပ်နဲ့အရက်ကို ရှောင်လေကောင်းလေ..။

တကယ်လို့ သင်က ဆေးလိပ်မသောက်ဘူး၊ အဝမလွန်ဘူး၊ အရက်ကိုလည်း အလွန်အကျွံမသောက်ဘူးဆိုရင် သင့်အသက် ၇ နှစ်လောက် ပိုရှည်သွားအောင် ပြုလုပ်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုက ဆိုလိုက်ပါတယ်။

 

Health Affairs ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုရလဒ်မှာတော့ အသက်ရှည်ရှည်နေရမယ့်အပေါ် ဒုက္ခဖြစ်စေမယ့် အကျင့်ဆိုးတွေကနေ ရှောင်ကြဉ်မယ်ဆိုရင် ကျန်းမာရေးကောင်းကောင်းနဲ့ နှစ်များစွာ အသက်ရှည်ဦးမယ်လို့ ဆိုပါတယ်။ ဆေးဝါးနည်းပညာတွေကလည်း တိုးတက်လာနေတာကြောင့် ပိုကျန်းမာ၊ ပိုအသက်ရှည်တဲ့ဘဝကို ရနိုင်မယ်လို့လည်း လေ့လာမှုကိုဦးဆောင်သူဖြစ်တဲ့ ဂျာမနီနိုင်ငံက Institute for Demographic Research မှ ညွှန်ကြားရေးမှုး မက်စ် ပလက်က်က ပြောပါတယ်။

 

ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံသာ ရှိထားမယ်ဆိုရင် ပျမ်းမျှလူ့သက်တမ်းထက် နှစ်အတော်ကြာပိုပြီး နေထိုင်နိုင်လိမ့်မယ်လို့လည်း လေ့လာသူတွေက ယုံပါတယ်။ ကျန်းမာရေးနဲ့မလျော်ညီနဲ့ ဘဝနေထိုင်မှုပုံစံတွေဖြစ်တဲ့ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ အရက်အလွန်အကျွံသောက်သုံးခြင်းတို့ဟာ လူ့သက်တမ်းကိုတိုစေပြီး မသန်စွမ်းဖြစ်နိုင်ခြေ စောစီးစွာကြုံရနိုင်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

 

ပျမ်းမျှလူ့သက်တမ်းဆိုရာမှာ တစ်ဦးနဲ့တစ်ဦးတော့ မတူညီကြပါဘူး။ အဝမလွန်တဲ့အမျိုးသားတွေအနေနဲ့ ဆေးလိပ်ကို တစ်ကြိမ်တစ်ခါမှသောက်သုံးခြင်းမရှိသူ၊ အရက်ကို အလျွန်အကျွံမသောက်သူတွေဟာ ဆေးလိပ်နဲ့အရက်အလွန်အကျွံသောက်လေ့ရှိတဲ့ အဝလွန်အမျိုးသားတွေနဲ့ယှဉ်ရင် အသက် ၁၁ နှစ်လောက် ပိုရှည်နိုင်တာ တွေ့ရပါတယ်။ အမျိုးသမီးတွေမှာဆိုရင်တော့ အသက် ၁၂ နှစ်လောက် ပိုရှည်ကြပါသတဲ့။ ဒီသုတေသနရလဒ်အနေနဲ့တော့ ကြိုတင်ကာကွယ်ခြင်းကို ပိုမိုအာရုံစိုက်သင့်ကြောင်း ဖော်ပြထားခဲ့ပါတယ်။

Source : Huffpost

Share

Loading Next Article...
က္က