လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဦးနှောက်ကိုလည်း အကျိုးပြုနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးကိုများစွာအထောက်အကူပြုနိုင်တယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Gym က အပြေးစက်ပေါ်မှာအပြေးလေ့ကျင့်ဖို့ ဖိနပ်ကြိုးချည် တော့မယ်ဆိုရင် ဦးနှောက်ကိုလည်း ဒီတိုင်းမထားခဲ့ပါနဲ့။ တကယ်တမ်းကျတော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဦးနှောက်ကိုလည်း အကျိုးပြုနိုင်ပါတယ်။

 

သုတေသန

အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ နှလုံးခုန်နှုန်းနဲ့ ချွေးထွက်နှုန်းမြန်ဆန်လာစေတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းဟာ ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ "မကြာသေးမီက ပြုလုပ်ခဲ့တဲ သုတေသနတစ်ခုမှာတော့ အေရိုးဗစ်ကစားနည်းဟာ ဦးနှောက်အပေါ်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေ သိသိသာသာရှိနေကြောင်း တွေ့ရှိရပါတယ်" လို့ Business Insider ကလည်း ဆိုပါတယ်။

 

အဲဒီနောက်ဆုံးသုတေသနဟာ ရင်သားကင်ဆာရောဂါဒဏ်ကနေ မသေဘဲလွတ်မြောက်လာသူတွေရဲ့မှတ်ဉာဏ်အပေါ် အေရိုးဗစ်ကစားနည်းတွေရဲ့ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာခဲ့တာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို ရင်သားကင်ဆာကိုကုသဖို့အတွက် ကီမိုဆေးတွေသောက်ထားရတဲ့လူနာတွေမှာ "chemo brain" လို့ခေါ်တဲ့ ယာယီမှတ်ဉာဏ် ပျောက်ဆုံးခြင်းနဲ့ အာရုံစူးစိုက်နိုင်မှုလျော့ကျခြင်း ဝေဒနာတွေဖြစ်လာစေနိုင်လို့ပါပဲ။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေက အဲဒီရောဂါလက္ခဏာတွေပျောက်ကင်းအောင် ကူညီလုပ်ဆောင်နိုင်စွမ်း ရှိမရှိကို တိုင်းတာခဲ့တာပဲ ဖြစ်ပါတယ်။

ဘယ်လိုစမ်းသပ်တိုင်းတာခဲ့လဲ

women-friends.jpg 

လေ့လာသူတွေဟာ ရင်သားကင်ဆာဝေဒနာရှင်ဟောင်း အယောက် (၃၀၀) ခန့်ကို သူတို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုတိုင်းတာဖို့ accelerometer (အမြန်နှုန်းတိုင်းကိရိယာ) တွေပေးအပ်ခဲ့ပါတယ်။ နောက်ပြီး iPad app တစ်မျိုးဖြစ်တဲ့ BrainBaseline ကိုလည်း နေ့စဉ်သုံုးစေခဲ့ပါတယ်။ အဲဒီ app ထဲမှာပါတဲ့ ဉာဏ်စမ်းမေးခွန်းလေးတွေဟာ သူတို့ရဲ့အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို တိုင်းတာပေးနိုင်ပါတယ်။

တစ်ပတ်လောက်ကြာတော့ နေ့စဉ်လေ့ကျင့်ခန်းလုပ်တဲ့ ကင်ဆာဝေဒနာရှင်ဟောင်းတွေဟာ လေ့ကျင့်ခန်း လုံးဝမလုပ်တဲ့ဝေဒနာရှင်တွေနဲ့ နှိုင်းယှဉ်ရင် အရင်ကလောက်  မောပန်းမလွယ်တော့တာကို သိသိသာသတိထားမိလာကြပါတယ်။ နောက်ပြီး app ပေါ်မှာကစားရတဲ့ ဉာဏ်စမ်းမေးခွန်း (quizz) တွေကိုလည်း ပိုမိုကောင်းမွန်စွာဖြေဆိုနိုင်လာပါတယ်တဲ့။

"ဒီတော့ ကင်ဆာရောဂါရှင်တွေကိုပေးချင်တဲ့ သတင်းစကားကတော့ လှုပ်လှုပ်ရှားရှားနေဖို့ပါပဲ" Illinois တက္ကသိုလ်က လေ့ကျင့်ခန်းဆိုင်ရာစိတ်ပညာ ပါမောက္ခ Diane Ehlers က ဆိုပါတယ်။ အချိန်ရက်သတ္တပတ်တစ်ခုကြာတဲ့ သုတေသနလေ့လာမှုဟာ ကင်ဆာလူနာတွေအပေါ် လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဆက်လက်လေ့လာနိုင်အောင် အထောက်အပံ့ပေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်အရွယ်မရွေး၊ လူကောင်း/လူနာမရွေး လှုပ်လှုပ်ရှားရှားလုပ်ပေးတာဟာ မှားဖွယ်တော့မရှိပါဘူး။ နောက်ပြီး သုတေသနကဖော်ပြနေတဲ့ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းမွန်တဲ့အာနိသင်တွေဟာ အငြင်းပွားဖွယ်မရှိပါဘူး။

ခင်ဗျားကိုယ်တိုင်ကော စမ်းသပ်ကြည့်ဖို့ ရယ်ဒီပဲလား။ ဘာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ပြီဆိုရင် လေ့ကျင့်ခန်းရဲ့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ချက်ချင်းမြင်တွေ့ရမှာပါ။ ဥပမာ.. စိတ်ရော၊ ကိုယ်ပါ ဖျတ်လတ်လာတာမျိုးပေါ့။

အခြားအကျိုးကျေးဇူးတွေဖြစ်တဲ့ မှတ်ဉာဏ်ပိုကောင်းလာခြင်းလိုမျိုးကတော့ သိသိသာသာပြောင်းလဲလာဖို့ အချိန်ပိုယူပါလိမ့်မယ်။ အကောင်းဆုံးကတော့ အေရိုးဗစ်လေ့ကျင့်ခန်းကို တစ်ကြိမ်ကို (၄၅) မိနစ်လောက်ကြာအောင် နေ့စဉ်ပုံမှန်လုပ်ပေးတာပါပဲလို့တော့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ အထူးသဖြင့် အသက် (၅၀) နဲ့အထက် လူကြီးတွေလုပ်ပေးသင့်ပါတယ်တဲ့။

Source: Reader's Digest

Share

Loading Next Article...
က္က