ငယ်ငယ်တုံးက သင်ရတဲ့ "ဦးစိတ်တို၊ ရန်လို၊ သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး" ဆိုတဲ့ လက်ချောင်း (၅) ချောင်းပုံပြင်ကို မှတ်မိကြသေးလား။

လက်ချောင်းတွေဆိုတာ အလွန်အသုံးဝင်တဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဘောပင်ကိုင်ပြီး စာရေးလို့လည်းရတယ်။ ပစ္စည်းတွေကို သယ်ယူရွှေ့ပြောင်းရာမှာ အသုံးပြုလို့လည်းရတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာအားလုံးနီးပါးမှာ လက်ချောင်းလေးတွေဟာ အလွန်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုက ပါဝင်နေပါတယ်။

 

တကယ်တမ်းကျတော့ ကျွန်တော်တို့ရဲ့လက်ချောင်းလေးတွေဟာ ကျွန်တော်တို့ကို အကူအညီများစွာပေးနိုင်ရုံတင်မကပါဘူး။ ကျန်းမာရေးအရလည်း အထောက်အကူများစွာပေးနိုင်ပါသေးတယ်တဲ့။ သုတေသန တစ်ခုက ဖော်ပြနေတာကတော့ reflexology လို့ခေါ်တဲ့ ခြေ၊ လက်၊ ဦးခေါင်းတွေကို နှိပ်နယ်ပြီး ရောဂါကုသတဲ့ကုထုံးပညာရပ်က ခန္ဓာကိုယ်အတွက်ကော စိတ်အတွက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရရှိစေနိုင်ပါတယ်တဲ့။ အထူးသဖြင့် ဘယ်နေရာတွေကို ဘယ်လောက်ဖိအားပေးရမလဲ ဆိုတာကိုသိရင်ပေါ့။ Reflexology ကို အရပ်စကားနဲ့ခေါ်ရရင် အကြောပြင်ပညာလို့ ခေါ်ပါတယ်။

Surya Mudra (လက်သူကြွယ်ကို ဖိအားပေးနည်း)

အဲဒီထဲမှာမှ အစွမ်းအထက်ဆုံးအကြောပြင်နည်းကတော့ Surya Mudra လို့ခေါ်တဲ့ အကြောပြင်နည်းပါပဲ။ ဒီနည်းလေးကတော့ ယောဂနည်းလမ်းကလာတဲ့ နည်းလမ်းလေးတစ်ခုဖြစ်ပြီး အစာခြေစနစ်နဲ့ ဇီဝကမ္မဗေဒ (metabolism) ကို အထောက်အကူပေးပါတယ်။ ဒီနည်းလမ်းလေးဟာဆိုရင် သွေးကျခြင်း (သွေးဖိအားနည်းခြင်း) နဲ့ အစားအသောက်ပျက်ခြင်း ဝေဒနာတွေကို ပျောက်ကင်းစေတယ်လို့ အဆိုရှိပါတယ်။

 

ဒီနည်းလမ်းလေးကပေးမယ့် အကျိုးအာနိသင်တွေကို အပြည့်အဝရရှိစေဖို့အတွက် လုပ်ရမှာကတော့ လွယ်လွယ်လေးပါပဲ။ မိမိနှစ်သက်ရာ လက်တစ်ဖက်ရဲ့ လက်သူကြွယ်ကို လက်မနဲ့ ဖိထားပေးလိုက်ရုံပါပဲ။ (မရှင်းရင် ပုံမှာကြည့်နိုင်ပါတယ်။) အဲဒီလိုဖိထားချိန်မှာ ကျန်တဲ့လက်ချောင်းတွေကိုတော့ ဖြောင့်ဖြောင့်ပဲဆန့်တန်းထားလိုက်ပါ။ (Tobey Maguire ရဲ့ Spider Man ကားကြည့်ဖူးသူတွေဆိုရင် ဒီ ပုံစံလေးက web shooting စတိုင်နဲ့ဆင်နေတာကို သတိပြုမိကြမှာပါ။ ဤကားစာကြွင်း) ဒါတင်မကသေးပါဘူး။ တခြားလက်ချောင်းတွေမှာလည်း ကျန်းမာရေးအကျိုးအာနိသင်တွေ ရှိနေပါသေးတယ်။

၁။ လက်မ

good_thumb_vs_evil_thumb_by_dommccann.jpg 

အကြောပြင်ပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေကတော့ မိမိနှစ်သက်ရာလက်တစ်ဖက်ရဲ့လက်မကို ကျန်တဲ့လက်တစ်ဖက်ရဲ့ လက်ချောင်းတွေနဲ့ (၅) မိနစ်ခန့်ဆုပ်ကိုင်ထားပေးခြင်းဟာ စိတ်သောကနဲ့ ခေါင်းကိုက်ခေါင်းခဲခြင်းဝေဒနာတွေကို သက်သာစေတယ်လို့ ဆိုထားပါတယ်။ စိတ်သောကများသူတွေ၊ စိတ်ဖိစီးမှုများလွန်းသူတွေ စမ်းကြည့်သင့်ပါတယ်။

၂။ လက်ညှိုး

Index_finger_=_to_attention.jpg 

ပညာရှင်တွေရဲ့အဆိုအရတော့ လက်ညှိုးဟာ ကြောက်ရွံ့ခြင်းဆိုတဲ့ စိတ်ခံစားမှုနဲ့ဆက်နွယ်နေပါတယ်တဲ့။ ညဘက်သရဲကားကြည့်ပြီး အိမ်ပြန်အလာ ကြောက်ရွံ့သလိုခံစားနေရရင် လက်ညှိုးတစ်ချောင်းကိုသာ ကျန်တဲ့လက်တစ်ဖက်ရဲ့လက်ချောင်းတွေနဲ့ (၅) မိနစ်လောက်တင်းတင်းဆုပ်ကိုင်ထားပေးလိုက်ပါ။ ကြောက်ရွံ့နေတဲ့စိတ်ခံစားချက်တွေ လျော့ပါးသွားပါလိမ့်မယ်။

၃။ လက်ခလယ်

လက်ခလယ်ထောင်တယ်ဆိုတာ အနောက်တိုင်းမှာတော့ ရိုင်းပျတဲ့အမူအရာပါ။ စိတ်ပညာနဲ့ အကြောပြင်ပညာသဘောတရားအရလည်း လက်ခလယ်ဆိုတာ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်းနဲ့ ဆက်နွယ်နေပါတယ်တဲ့။ ညာဘက်လက် (သို့) ဘယ်ဘက်လက်ရဲ့ လက်ခလယ်ကို ကျန်တဲ့လက်တစ်ဖက်ရဲ့လက်ချောင်းတွေနဲ့ (၅) မိနစ်ခန့် တင်းတင်းဆုပ်ကိုင်ထားပေးလိုက်မယ်ဆိုရင် စိတ်ဆိုးဒေါသထွက်နေတာတွေ ပြေပျောက်သွားမှာပါ။ ဒေါသကြောင့်မဖြစ်သင့်တာမဖြစ်ရလေအောင် ဒေါသအရမ်းထွက်နေချိန်မှာ ဒီနည်းလမ်းလေးကို စမ်းသပ်ကြည့်သင့်ပါတယ်။

၄။ လက်သူကြွယ်

o-RING-FINGER-facebook.jpg 

အပေါ်မှာတော့ လက်သူကြွယ်ကိုသုံးပြီး စိတ်သောကတွေလျော့ပါးအောင်လုပ်တဲ့နည်းကို ဖော်ပြပြီးပါပြီ။ ဒီတစ်ခုကတော့ လက်သူကြွယ်နဲ့ ဝမ်းနည်းပူဆွေးမှု လျော့ပါးအောင် လုပ်နည်းလေးပါ။ မိမိနှစ်သက်ရာ လက်တစ်ဖက်ရဲ့ လက်သူကြွယ်ကို ကျန်လက်တစ်ဖက်ရဲ့လက်ချောင်းလေးတွေနဲ့ အချိန် (၅) မိနစ်ခန့် ဆုပ်ကိုင်ထားလိုက်ခြင်းက ဝမ်းနည်းပူဆွေးမှုတွေကို လျော့ပါးစေပါတယ်တဲ့။ အကြောင်းကိစ္စတစ်ခုခုကြောင့် ဝမ်းနည်းပူဆွေးမှုဝေဒနာကို ခံစားနေရသူတွေ ဒီနည်းလမ်းလေးကို သတိရလိုက်နော်။

၅။ လက်သန်း

hands-joined-pinky-finger.jpg 

လက်သန်းလို့ ကျွန်တော်တို့ခေါ်တဲ့ pinky finger လေးကတော့ စိတ်ဖိစီးမှုနဲ့ဆက်နွယ်နေပါတယ်တဲ့။ စိတ်ဖိစီးမှုတွေအရမ်းများနေပြီလို့ ခံစားရရင် meeting room ထဲမှာ ပေါက်ကွဲထွက်မသွားအောင် မိမိရဲ့ လက်သန်းလေးကို ကျန်တဲ့လက်တစ်ဖက်ရဲ့လက်ချောင်းလေးတွေနဲ့သာ အချိန် (၅) မိနစ်လောက် နှိပ်နယ်ပေးနေလိုက်ပါ။ စိတ်ဖိစီးမှုတွေ အတိုင်းအတာတစ်ခုထိတော့ သက်သာသွားမှာပါ။

၆။ လက်ဖဝါး

လက်ချောင်းတွေချည်းပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လက်ဖဝါးမှာလည်း ပေးနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနေပါသေးတယ်။ လက်ဖဝါးတစ်ဖက်ပေါ်ကို လက်မလေးနဲ့ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးနေရင်း အသက်ကိုဝအောင် ရှူသွင်းရှူထုတ်လုပ်ပေးမယ်ဆိုရင် မူးဝေခြင်း၊ စိတ်ဖိစီးမှု၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းဝေဒနာတွေကို သက်သာစေပါတယ်။ နောက်ပြီး လက်ဖဝါးနှစ်ဖက်ကို တရားထိုင်သလို ပုံစံမျိုးနဲ့ ပူးကပ်ထားမယ်ဆိုရင် (လက်အုပ်ချီသလို) အာရုံစူးစိုက်မှုနဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်တဲ့။

Source: Reader's digest

Share

Loading Next Article...
က္က