လူတိုုင်းလူတိုင်းမှာ မေ့ဖျောက်ပစ်ချင်တဲ့မှတ်ဉာဏ်တွေရှိကြမှာပါပဲ။ ဘဝမှာဖယ်ထုတ်ပစ်မရတဲ့ ကင်ဆာဆဲလ်တွေလို စွဲကပ်နေတဲ့ အမှတ်တရ မှတ်ဉာဏ်ဆိုးတွေကို ဖယ်ထုတ်ပစ်ချင်ကြမှာပါ။

လူတိုင်းလူတိုင်းမှာ မေ့ဖျောက်ပစ်လိုတဲ့မှတ်ဉာဏ်တွေရှိမှာပါပဲ။ ဘဝမှာအကြီးအကျယ်အရှက်ကွဲခဲ့ရတဲ့ အခိုက်အတန့်ဖြစ်ချင်ဖြစ်မယ်။ မိမိအချစ်ရဆုံးသူတစ်ဦး မျက်စိရှေ့မှာတင် သေဆုံးသွားတဲ့ မှတ်ဉာဏ် ဖြစ်ချင်ဖြစ်မယ်။ နိုင်ထက်စီးနင်းပြုကျင့်ခံရတဲ့ မှတ်ဉာဏ် ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အရမ်းချစ်ရတဲ့ချစ်သူက ထားသွားတာခံရတဲ့ မှတ်ဉာဏ်အစိတ်အပိုင်းဖြစ်ချင်ဖြစ်မယ်။

 

ဘာပဲဖြစ်ဖြစ် မခံမရပ်နိုင်အောင် နာကျင်စေတဲ့မှတ်ဉာဏ်တွေကိုတော့ လူတိုင်းဖယ်ရှားလိုကြမှာပါပဲ။ နောက်ပြီး အဲဒီမှတ်ဉာဏ်တွေက စိတ်သောကရောက်ခြင်းနဲ့ PTSD လို့ခေါ်တဲ့ အဖြစ်အပျက်တစ်ခုကိုစွဲပြီး စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ စိတ်ရောဂါတစ်မျိုးကို လှုံ့ဆော်ပေးနိုင်ပါတယ်။ အဲဒီမှာမေးခွန်းတစ်ခုပေါ်ပေါက်လာတာက အဲဒီလို စိတ်ဒုက္ခပေးတဲ့မှတ်ဉာဏ်တွေကို ဖျက်ပစ်လို့ရမယ်ဆို ဖျက်ပစ်ကြမလား။ အဲဒီလိုဖျက်ပစ်လိုက်တာကကော လူတွေကို ကူညီပေးနိုင်ပါ့မလား။

မှတ်ဉာဏ်တွေကို ပြန်စီခြင်း

anxiety.jpg 

ကိုလမ်ဘီယာတက္ကသိုလ် ဆေးပညာဌာနက သုတေသီတွေကတော့ စိတ်သောကနဲ့ PTSD ကိုဖြစ်စေတဲ့ မှတ်ဉာဏ်တွေကို ဖယ်ရှားပစ်နိုင်တဲ့ ဆေးဝါးဖန်တီးဖို့ရာဖြစ်နိုင်ကြောင်း သတင်းပို့ခဲ့ကြပါတယ်။ အဲဒီလို မလိုလားအပ်တဲ့မှတ်ဉာဏ်တွေကို ဖယ်ရှားပစ်မယ်ဆိုပေမယ့် ကျန်တဲ့မှတ်ဉာဏ်တွေကတော့ အကောင်းအတိုင်းကျန်ရှိနေခဲ့မှာ ဖြစ်ပါတယ်တဲ့။

"ဥပမာပေးရရင် ခင်ဗျားဟာမှောင်မဲနေတဲ့လမ်းကြားတစ်ခုထဲကိုသွားရင်း အနုကြမ်းစီးခံရတယ်ဆိုပါစို့။ အဲဒီလမ်းကြားထဲမှာ စာတိုက်ပုံးတစ်လုံးရှိနေတာကိုလည်း ခင်ဗျားက သတိထားမိလိုက်တယ်ဆိုပါစို့။ အဲဒီမှာ မှောင်မဲနေတဲ့လမ်းကြားကိုရောက်တိုင်း ဒီအဖြစ်အပျက်ကိုသတိရတတ်တာကို တိုက်ရိုက်ဆက်နွယ်နေတဲ့မှတ်ဉာဏ်လို့ခေါ်ပြီး စာတိုက်ပုံးတစ်လုံးကိုမြင်တိုင်း ဒီအဖြစ်အပျက်ကို သတိရတတ်တာကိုတော့ သွယ်ဝိုက်ဆက်နွယ်နေတဲ့မှတ်ဉာဏ်လို့ခေါ်ပါတယ်။ အဲဒီမှာ သွယ်ဝိုက်ဆက်နွယ်နေတဲ့ မှတ်ဉာဏ်တွေကို ဖယ်ရှားပစ်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်" လို့ CUMC က အာရုံကြောဗေဒ ပရော်ဖက်ဆာ Samuel M. Schacher က ဆိုပါတယ်။

Schacher နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ သုတေသနပြုလုပ်ရင်း အထက်ဖော်ပြပါမှတ်ဉာဏ်နှစ်မျိုးလုံးကို ရွေးချယ်ပြီး ဖျက်ပစ်ဖို့ရာ ဖြစ်နိုင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ တခြားကျန်ရှိတဲ့ မှတ်ဉာဏ်တွေကိုလည်း မထိခိုက်ပဲနဲ့ပေါ့။ မြင်သာအောင်ဥပမာပေးရရင် စမတ်ဖုန်းတစ်လုံးထဲမှာ cache memory ရှင်းတဲ့အခါ မိမိဖျက်ပစ်လိုတဲ့ cache memory တွေကိုပဲ ဖျက်ပစ်ပြီး ချန်ထားလိုတဲ့ cache memory တွေကို ချန်ထားခဲ့နိုင်သလိုပါပဲ။

ကျင့်ဝတ်နဲ့ကောညီပါသလား

460669515.jpg 

ပန်ဆေလ်ဗေးနီးယားတက္ကသိုလ်က ပရော်ဖက်ဆာ Edna B. Foa ကတော့ ဒီနည်းလမ်းကိုသဘောမကျပါဘူး။ "တကယ်တော့ ကိစ္စတစ်ခုပေါ်ပေါက်ပြီးချိန်မှာ အဲဒီလိုမှတ်ဉာဏ်တွေကျန်ခဲ့တယ်ဆိုတာ ရည်ရွယ်ချက်တစ်ခုတော့ရှိပါတယ်။ အဲဒါက ဆိုးဝါးတဲ့အရာတွေကို မှတ်မိနေတဲ့အတွက် နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်" လို့ သူကဆိုပါတယ်။

Schacher ကလည်း ဒီဆေးဝါးမှာ မျှော်လင့်မထားတဲ့အကျိုးဆက်တွေလည်း ရှိလာနိုင်ကြောင်းဝန်ခံပါတယ်။ "ဆေးဝါးတိုင်းမှာတော့ ဘေးထွက်ဆိုးကျိုးဆိုတာရှိနိုင်ပါတယ်။ မှန်ကန်စွာအသုံးပြုဖို့ကိုတော့ နည်းလမ်းရှာရဦးမှာပါ" လို့လည်း သူကဆိုပါတယ်။

စိတ်သောကဝေဒနာကို ကုသနေတဲ့လက်ရှိကုထုံးတွေနဲ့ မလုံလောက်လို့လား

Sh-Therapy-2-Ed-8.5.jpg 

Foa ကတော့ အကြမ်းဖက်ဖြစ်ရပ်တစ်ခုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲစိတ်သောကဝေဒနာကို ကုစားနိုင်တဲ့ကုထုံးတွေက လက်ရှိအချိန်မှာလည်း ရှိနေတာပဲလို့ ဆိုပါတယ်။ Prolonged exposure (အချိန်ဆွဲ ထိတွေ့ခြင်း) လို့ခေါ်တဲ့ အပြုအမူဆိုင်ရာ ကုထုံးတစ်မျိုးဟာ စိတ်ထိခိုက်ဖွယ်အတွေ့အကြုံတစ်ခုနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေ၊ ခံစားချက်တွေ၊ အခြေအနေတွေကို ရှောင်လွှဲပစ်မယ့်အစား အချိန်ယူရင်ဆိုင်ခြင်းဖြင့် ရောဂါပျောက်ကင်းစေတဲ့ကုထုံးတစ်မျိုးဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့အကြောက်တရားတွေကို ထပ်ခါထပ်ခါပြောစေခြင်းဖြင့် အဲဒီအကြောက်တရားတွေအပေါ် ထိန်းချုပ်နိုင်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။

"ရည်ရွယ်ချက်ကတော့ နာကျင်မှုမရှိဘဲ မှတ်ဉာဏ်တွေကိုလက်ခံထိန်းချုပ်သွားနိုင်ဖို့ပဲဖြစ်ပါတယ်။" လို့လည်း Foa က ဆိုပါတယ်။ ဒီကုထုံးနဲ့ အကြိမ် (၂၀) လောက်ကုသမှုခံယူပြီးရင် လူတော်တော်များများက စိတ်သောကဝေဒနာကို ထိန်းချုပ်နိုင်သွားတယ်လို့လည်း သူမကဆိုပါတယ်။ ဒါပေမယ့် Schacher ကတော့ စကားပြောခိုင်းပြီး ကုသတဲ့ PE ကုထုံးကို မှတ်ဉာဏ်ဖျောက်ဆေးနဲ့ တွဲဖက်အသုံးပြုတာဟာ လူနာအတွက်အကောင်းဆုံးဖြစ်မယ်လို့ ယုံုကြည်နေပါတယ်။

ဆေးဝါးကအဆင်သင့်ဖြစ်ပြီလား

prescription-drugs.jpg 

Foa ကတော့ ဒီလိုစွမ်းဆောင်ရည်ရှိမယ့်ဆေးဝါးမျိုး လူသားတွေအပေါ် အသုံးချနိုင်ဖို့လိုပါသေးတယ်လို့ ယူဆပါတယ်။ Schacher ကတော့ သူမသေခင် လက်တွေ့ဖြစ်လာနိုင်ပါသတဲ့။ အခုအချိန်မှာ စမ်းသပ်အောင်မြင်တာက အာရုံကြောပေါင်း (၂၀,၀၀၀) သာရှိတဲ့ ပက်ကျိတွေပေါ်မှာသာဖြစ်ပြီး အာရုံကြောပေါင်း (၈၆) ဘီလီယံရှိတဲ့လူသားတွေအပေါ်မှာ စမ်းသပ်အောင်မြင်ဖို့ဆိုတာတော့ အချိန်တစ်ခုကြာဦးမယ်ထင်ပါတယ်။

"ဒီဆေးဝါးကို လူသားတွေအပေါ်မှာစမ်းသပ်ဖို့ဆိုတာကတော့ နောက်ထပ်သုတေသနတွေလိုအပ်ပါလိမ့်ဦးမယ်။ အခုကျွန်တော်တို့ တွေ့ရှိထားတာက မှတ်ဉာဏ်အမျိုးအစားပေါင်းစုံနဲ့ ဆက်နွယ်နေတဲ့ စိတ်ဝင်စားစရာမော်လီကျူးတွေရဲ့ အစပိုင်းလေးပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာတော့ ပိုမိုတိကျတဲ့ရလဒ်တွေ ထွက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့လည်း Schacher က ဆိုပါတယ်။

မှတ်ဉာဏ်ဖျောက်ဆေးပြီးရင် မှတ်ဉာဏ်အတုတွေထည့်နိုင်တဲ့ဆေးဝါးတွေကော ပေါ်လာနိုင်သလားဆိုတာလည်း မေးခွန်းထုတ်စရာ ပါပဲ။ ကျွန်တော်တို့တွေ နှစ်နှစ်ခြိုက်ခြိုက်ကြည့်ခဲ့ကြတဲ့ Matrix ရုပ်ရှင်တွေထဲကလို တစ်ချိန်မှာဖြစ်လာနိုင်မလား ဆိုတာလည်း သံသယဖြစ်ဖွယ်ပါပဲ။

Source: healthline

Share

Loading Next Article...
က္က