ဂျပန်လို Shinrin-yoku မြန်မာလို တောအုပ်ထဲမှာ ရေချိုးခြင်း လို့ခေါ်တဲ့ စိတ်ရောကိုယ်ပါလန်းဆန်းစေတဲ့ ကာယလေ့ကျင့်ခန်း တစ်မျိုးရှိပါတယ်။ နာမည်က တောအုပ်ထဲမှာသန့်စင်ခြင်းဆိုလို့ တောအုပ်ထဲမှာ ရေခွက်တစ်ခွက်ကိုင်ပြီး ရေလောင်းချိုးရတာကို ဆိုလိုတာမဟုတ်ပါဘူး။ သဘာဝရဲ့အဆင်း၊ အသံ၊ ရနံ့တွေကြားမှာ လမ်းလျှောက်ရင်း မိမိစိတ်နဲ့ခန္ဓာကို စင်ကြယ်သွားအောင် ဆေးကြောခြင်းကို ဆိုလိုတာပါ။ Shinrin-yoku ဆိုတဲ့စကားကလည်း ဂျပန်ယဉ်ကျေးမှုကလာပြီး သဘာဝနဲ့ လိုက်လျောညီထွေ ရှိအောင် နေထိုင်တတ်တဲ့ ရိုးရာဓလေ့ကို ဖော်ထုတ်ပြသနေပါတယ်။

 

Shinrin-yoku ဟာတခြား ကိုယ်လက်ကြံ့ခိုင်ရေးနည်းလမ်းတွေနဲ့ ဘာများကွာခြားပါသလဲ။ "လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးခြင်းရဲ့ ဦးတည်ချက်က သတ်မှတ်ထားတဲ့ပန်းတိုင်တစ်ခုကို ရောက်ရှိပြီး တစ်နေ့ကို ဘယ်နမိုင် ခရီးရောက်လဲတိုင်းတာဖို့ဖြစ်ပါတယ်။ Shinrin-yoku လမ်းလျှောက်ခြင်းရဲ့ဦးတည်ချက်ကျတော့ အေးအေးလူလူနဲ့လမ်းလေးလျှောက်ရင်း စိတ်ရော၊ ကိုယ်ပါ အေးအေးဆေးဆေး ဖြစ်နေချိန်မှ မြင်ရ၊ ကြားရမယ့် သဘာဝတရားကြီးကို အပြည့်အဝခံစားဖို့၊ စိတ်ဖိစီးမှုတွေက လွန်မြောက်ဖို့ပဲ ဖြစ်ပါတယ်" လို့ Shinrin Yoku Los Angeles အသင်းကို တည်ထောင်သူ Ben Page က ဆိုပါတယ်။

ဂျပန်နိုင်ငံမှာတော့ Shinrin-Yoku ဟာ အာနိသင်ထိရောက်လွန်းလို့ အာမခံတောင်ထားထားရတယ်လို့ ဆိုုပါတယ်။ အာနိသင် ထိရောက်ကြောင်း ဖော်ပြနိုင်ခဲ့တဲ့ သက်သေ၊ သက္ကာယတွေလည်း အများကြီးပါပဲ။ အဲဒီထဲကတစ်ခုကတော့ ပတ်ဝန်းကျင် ကျန်းမာရေးနဲ့ ကာကွယ်နိုင်သောဆေးဝါးများ မဂ္ဂဇင်းမှာ ထုတ်ဝေဖော်ပြခဲ့တဲ့ ၂၀၁၀ ခုနှစ်က လေ့လာမှုတစ်ခုဖြစ်ပါတယ်။

 

အဲဒီလေ့လာမှုဟာ ဂျပန်နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ တောအုပ် (၂၄) ခုကို သွားရောက်ကွင်းဆင်းလေ့လာခဲ့တဲ့ လေ့လာစမ်းသပ်မှုတွေက ရလာတဲ့ ဒေတာတွေကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီမှာ တွေ့ရှိခဲ့ရတာကတော့ တောအုပ်ထဲမှာ သန့်စင်ခြင်း (Shinrin-Yoku) ကို ပြုလုပ်ခဲ့သူတွေမှာ သွေးဖိအားကျဆင်းပြီး နှလုံးခုန်နှုန်းလည်း ပုံမှန်ထက်ကောင်းမွန်နေတာကို တွေ့မြင်ရပါတယ်။ နောက်ပြီး သူတို့မှာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်း (cortisol) ပမာဏလည်း မြို့ပြလူနေမှုစနစ်မှာနေထိုင်သူတွေထက်စာရင် အများကြီးလျော့နည်းနေပါတယ်။

နောက်ထပ်လေ့လာမှုတစ်ခုကတော့ ပါဝင်သူတွေကို ဂျပန်နိုင်ငံက တောအုပ်တွေထဲမှာ (၂) ညအိပ်၊ (၃) ရက်ခရီးထွက်စေခဲ့ပြီး ခရီးကပြန်ရောက်ပြီးနောက်မှာ ကျန်းမာရေးကိုပြန်လည်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ဘာတွေ့ရှိခဲ့လဲဆိုတော့ ခရီးအပြီးမှာ ပါဝင်သူတွေရဲ့ကိုယ်ခံအားစနစ် အရင်ကထက်ပိုမိုကောင်းမွန်နေတာကို တွေ့ရှိခဲ့ရပါတယ်။

Shinrin-yoku ဘယ်လိုလုပ်ရမလဲ

1296x728_HEADER_Forest-bath.jpg 

Shinrin-yoku (တောအုပ်ထဲမှာသန့်စင်ခြင်း) ကို ဘယ်လိုလုပ်ရမလဲဆိုတော့... အရင်ဆုံး မိမိရဲ့ဒစ်ဂျစ်တယ်ပစ္စည်း/ လျှပ်စစ်ပစ္စည်း တွေအားလုံးကို အိမ်မှာ (သို့) တည်းတဲ့နေရာမှာ အကုန်ထားခဲ့ပါ။ ဒါမှသာ သဘာဝရဲ့အရသာကို အပြည့်အဝခံစားနိုင်မှာပါ။ နောက်တစ်ခုက စိတ်ထဲမှာလည်း ငါဒီလိုလမ်းလျှောက်ရင် ကယ်လိုရီဘယ်လောက်လောင်မလဲတို့၊ ဘာတို့ကိုမတွေးဘဲ လွတ်လွတ်လပ်လပ်သာ လမ်းလျှောက်ပါ။

ပြီးရင် မိမိရဲ့စပ်စုလိုစိတ်ကိုသာ လမ်းပြလိုသဘောထားပြီး အေးဆေးသာလျှောက်သွားပါ။ ဘယ်အချိန်ဘယ်ရောက်မလဲတွေ၊ ဘယ်အချိန်ပြန်ရမလဲတွေလည်း သိပ်မတွေးဘဲ လွတ်လွတ်လပ်လပ်သာ လမ်းလျှောက်ပါ။ အေးအေးလူလူထိုင်လို့ရတဲ့ နေရာတစ်နေရာမှာ သက်တောင့်သက်သာထိုင်ပြီး သဘာဝရဲ့အသံတွေကို နားထောင်ပါ။

 

ငှက်လေးတွေရဲ့ အော်မြည်းသံဖြစ်ချင်ဖြစ်မယ်။ ရှဉ့်လေးတွေ အစာလုသံဖြစ်ချင်ဖြစ်မယ်။ သဘာဝရဲ့အဆင်း၊ အသံ၊ အနံ့ အားလုံးကို မိမိကိုယ်ထဲ လွတ်လွတ်လပ်လပ်စိမ့်ဝင်ပါစေ။ သူငယ်ချင်း (သို့) အဖွဲ့နဲ့သွားတယ်ဆိုရင်လည်း အပိုစကားတွေ သိပ်မပြောပါနဲ့။ ကိုယ့်ဖာသာကိုယ် သဘာဝနဲ့ပဲ စကားပြောပါ။ အကောင်းဆုံးကတော့ တစ်ယောက်တည်း အေးအေးလူလူ လျှောက်သွားတာပါပဲ။

ဒီနေရာမှာအရေးအကြီးဆုံးကတော့ သစ်တောပါပဲ။ ဂျပန်နိုင်ငံမှာ သစ်တောတွေပေါများသလို မြန်မာပြည်မှာ အေးအေးလူလူ လျှောက်သွားလို့ရတဲ့ သစ်တောတွေရှိပါသေးတယ်။ ဥပမာ... လှော်ကားဥယျာဉ်တို့၊ ပြင်ဦးလွင်က အမျိုးသားကန်တော်ကြီး ဥယျာဉ်တို့ပေါ့။ ဘာပဲပြောပြော... မြို့ပြလူနေမှုနဲ့ကင်းဝေးပြီး စိတ်ဖိစီးမှုတွေ ပပျောက်စေဖို့က အရေးအကြီးဆုံးပါပဲ။

Source: Reader's Digest

Share

Loading Next Article...
က္က