AD
AD
AD

ဘီယာသောက်တတ်တဲ့ အစ်မတွေ၊ ညီမတွေအတွက်တော့ ဝမ်းသာစရာသတင်းကောင်းပဲဗျို့။ ဆွီဒင်နိုင်ငံ၊ ဂိုသမ်ဘာ့ခ်တက္ကသိုလ်က သုတေသနတစ်ခုရဲ့အဆိုအရ ဘီယာသောက်ခြင်းဟာ အမျိုးသမီးတွေကို နှလုံးရောဂါအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပြီး ရေရှည်မှာ ပိုမိုပျော်ရွှင်ကျန်းမာစေနိုင်ပါတယ်တဲ့။

play

 

သိပ္ပံပညာရှင်တွေဟာ ဘီယာကို အတိုင်းအထွာနဲ့ ချင့်ချိန်သောက်သုံးခြင်းက အမျိုးသမီးတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတာပါ။

လေ့လာမှုတွေအရတော့ ဘီယာကို တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ် သောက်သုံးသူတွေဟာ ဘီယာအလွန်အကျွံ သောက်သုံးတဲ့ အမျိုးသမီးတွေ (သို့) ဘီယာလုံးဝ မသောက်တဲ့ အမျိုးသမီးတွေနဲ့ နှိုင်းစာရင် နှလုံးရောဂါဖြစ်နိုင်ခြေကို (၃၀) ရာခိုင်နှုန်း လျော့ကျစေပါတယ်တဲ့။ ဒါကြောင့် သောကြနေ့ညတိုင်း TGIF လုပ်ပြီး ဘီယာလေးတစ်လုံးနဲ့ chill တာက ကျန်းမာရေးအတွက်ကော၊ လူမှုရေးအတွက်ပါ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။

play

 

ဒါပေမယ့် မိမိအနှစ်သက်ဆုံး အဖျော်ယမကာက အယ်လ်ကိုဟော ပိုမိုပါဝင်တဲ့ အရက်မျိုး ဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာရေး အပေါ်မှာ ပြောင်းပြန်အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါလိမ့်မယ်။ သုတေသနရဲ့ အဆိုအရတော့ အမျိုးသမီးတွေ အရက်အမျိုးမျိုးကို တစ်လကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် သောက်သုံးခြင်းနဲ့ ကင်ဆာရောဂါကြောင့် သေနှုန်းကြားမှာ သိသာထင်ရှားတဲ့ ဆက်နွယ်မှု တစ်ခု ရှိနေပါတယ်တဲ့။ ဒါကြောင့် TGIF မှာ ဗော့ဒ်ကာတစ်ခွက်ကို ဘာမှမရောဘဲ သောက်တတ်တယ်ဆိုရင် ဘီယာအေးအေးလေး တစ်လုံးနဲ့ အစားထိုးလိုက်တာက ကျန်းမာရေးအတွက် ပိုစိတ်ချရပါတယ်။

 

ဒီသုတေသနကို Journal of Primary Health Care ဆိုတဲ့ ဆေးပညာဂျာနယ်တစ်ခုထဲမှာ ဖော်ပြထားတာပါ။ အဲဒီဂျာနယ်ဟာ ကျန်းမာရေးနဲ့ ဆက်နွယ်နေတဲ့ အရာတိုင်းကို ဖော်ထုတ်ဆွေးနွေးတဲ့ ဂျာနယ်တစ်စောင်ပါ။ ဒီသုတေသနကို အမျိုးသမီးဦးရေ (၁၅၀၀) ခန့်ကို နှစ်ပေါင်း (၅၀) ခန့် လေ့လာပြီး အဖြေထုတ်ထားတာပါ။

play

 

၁၉၆၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်ကြားမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ ဝိုင်၊ ဘီယာ၊ အရက် သောက်သုံးမှုနဲ့ သူတို့မှာရှိနေတဲ့ ရောဂါ၊ အဖျားအနာနဲ့ ကျန်းမာရေးအခြေအနေတို့ကို ဖောင်တစ်ခုမှာ ဖြည့်ခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဒေတာတွေကို စီစစ်လေ့လာခဲ့ပြီး အရက်သောက်သုံးခြင်းနဲ့ ရောဂါအန္တရာယ်တွေကြားက ဆက်နွယ်မှုကို လေ့လာနိုင်ခဲ့ပါတယ်။

ရလဒ်တွေက ညွှန်ပြနေတာကတော့ အမျိုးသမီး (၃၄၅) ယောက်မှာ ကင်ဆာရောဂါရှိနေကြောင်း၊ အမျိုးသမီး (၁၈၅) ယောက်မှာ နှလုံးရောဂါရှိနေကြောင်း၊ အမျိုးသမီး (၁၆၂) ယောက်မှာ လေဖြတ်လေငန်းရောဂါ ရှိနေကြောင်း၊ အမျိုးသမီး (၁၆၀) ယောက်မှာ ဆီးချိုရောဂါရှိနေကြောင်း သိရှိရပါတယ်။

အရက်သောက်ခြင်းကို ရှောင်ကြဉ်ဖို့တော့ မလိုအပ်ပေမယ့် သုတေသနက တိုက်တွန်းထားတာက အမျိုးသမီးတွေ တစ်ပတ်မှာ ဘီယာတစ်လုံး၊ နှစ်လုံးခန့် သောက်ပေးတာက ကျန်းမာရေးကို အထောက်အကူတောင် ပြုစေနိုင်ပါသေးတယ်တဲ့။ ဒါပေမယ့် အရက်ကိုတော့ တတ်နိုင်သမျှ ရှောင်တာအကောင်းဆုံးပါပဲ။ အဲထဲမှာ ကော့တေးလ်တွေလည်း ပါတာပေါ့နော်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD