AD
AD
AD

ကလေးမရနိုင်လို့ စိတ်ဆင်းရဲနေတဲ့ အိမ်ထောင်ရှင်တွေရှိရင် မိမိတို့ရှူရှိုက်နေတဲ့ လေထုကိုလည်း အပြစ်တင်သင့်တယ်လို့ တရုတ်သုတေသနတစ်ခုက ဆိုပါတယ်။ အလွန်သေးငယ်တဲ့အမှုန် (Particulate matter PM 2.5) လို့ခေါ်တဲ့ အဏုကြည့် မှန်ပြောင်းနဲ့သာ မြင်နိုင်တဲ့ လေထုထဲက အမှုန်လေးတွေဟာ အမျိုးသားတွေရဲ့ သုက်ကောင်စွမ်းဆောင်ရည်ကို ထိခိုက်စေ နိုင်ပါတယ်။ သုက်ကောင်စွမ်းဆောင်ရည် လျော့ကျတဲ့အခါ အမျိုးသမီး သားဥနဲ့ ပေါင်းဖက်ပြီး မျိုးအောင်နိုင်စွမ်းလည်း လျော့ကျစေတယ်လို့ သုတေသနက ဆိုပါတယ်။

play

 

PM2.5 ဆိုတာ အချင်း (၂.၅) မိုက်ခရိုမီတာလောက်ပဲရှိတဲ့ အလွန်သေးငယ်တဲ့ အမှုန်လေးတွေကို ဆိုလိုပါတယ်။ မျက်စိထဲမြင်အောင် ပြရရင် လူ့ဆံပင်မွှေးတစ်ချောင်းရဲ့ အချင်း (၃) ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။

"လေထုညစ်ညမ်းမှုဟာ ပုံမှန်သုက်ကောင်တစ်ကောင်ရဲ့ ပုံသဏ္ဍာန်နဲ့ အရွယ်အစား သိသိသာသာကျဆင်းခြင်းနဲ့ တိုက်ရိုက်ဆက်နွယ် နေပါတယ်။ ဒီလိုနဲ့ အိမ်ထောင်ရှင်တော်တော်များများ ကလေးရနိုင်ခြေ လျော့နည်းလာတာကိုလည်း သုတေသန ရလဒ်တွေအရ သိရှိရပါတယ်" လို့ သုတေသီခေါင်းဆောင် Xiang Qian Lao က ဆိုပါတယ်။ သူဟာ ဟောင်ကောင်တက္ကသိုလ်က ပြည်သူ့ ကျန်းမာရေးကျောင်းမှာ တွဲဖက်ပါမောက္ခတစ်ဦးလည်း ဖြစ်ပါတယ်။

play

 

Lao ရဲ့အဆိုအရတော့ PM2.5 ဟာ သုက်ကောင်တွေကို တိုက်ရိုက်အန္တရာယ် ပြုနိုင်တယ်လို့တော့ သုတေသနက အဖြေထုတ် မထားပါဘူးတဲ့။ သုတေသနက အတိအကျ ပြောကြားနိုင်တာကတော့ ဒီနှစ်ခုကြားမှာ ဆက်စပ်မှုရှိနေတယ် ဆိုတာပါပဲ။ "ဒါဟာ အမြဲတမ်းဖြစ်နေမယ့် အရာတစ်ခုလို့တော့ သုတေသနရလဒ်တွေကို ကြည့်ပြီး ကောက်ချက်ချလို့တော့ မရပါဘူး။ ဒါပေမယ့် အဆိပ်အတောက်ဆိုင်ရာ လေ့လာမှုဗေဒနဲ့ တခြားလေ့လာမှုတွေရဲ့ သက်သေပြချက်တွေ၊ ရလဒ်တွေအရ PM2.5 နဲ့ မျိုးအောင်နိုင်စွမ်းကြားက ဆက်နွယ်မှုဟာ အားကောင်းနေတာကို တွေ့ရှိရမှာပါ" လို့ သူကဆိုပါတယ်။

 

လေထုညစ်ညမ်းမှုက သုက်ကောင်ကျန်းမာရေးကို ဘယ်သို့၊ ဘယ်ပုံ ထိခိုက်စေနိုင်လဲ ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးဘူးလို့ Lao က ဆိုပါတယ်။ PM2.5 ထဲမှာပါဝင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ သတ္ထုဓာတ်တွေနဲ့ polycyclic aromatic hydrocarbon တွေဟာ သုက်ကောင်ထိခိုက်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ တခြားစမ်းသပ်ချက်တွေကလည်း ဆိုပါတယ်။

သုက်ကောင်တွေပေါ်မှာ လေထုညစ်ညမ်းမှုက အကျိုးဆက်က ဘယ်လောက်ပဲ သေးငယ်နေပါစေ... လေထုညစ်ညမ်းမှုက ကမ္ဘာတဝှမ်းလုံးမှာ ဖြစ်ပွားနေတော့ တစ်ကမ္ဘာလုံးမှာ အတိုင်းအတာ တစ်ခုထိ ထိခိုက်စရာရှိလာနိုင်ပါတယ်လို့လည်း Lao က ဆိုပါတယ်။

play

 

အပြန်အလှန်ပါပဲ... လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ခြင်းကလည်း သုက်ကောင်ရဲ့အရည်အသွေးကို မြင့်တက်လာစေနိုင်ပါတယ်။ Lao က "သားဖွားကျန်းမာရေးအတွက် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ ကမ္ဘာတဝှမ်းလုံးမှာ နည်းဗျူဟာတွေကို ချမှတ်နေပါတယ်" လို့လည်း ဆိုပါတယ်။

ခုလိုမျိုး အမျိုးသားတွေမှာ သုက်ကောင်အားနည်းခြင်းတွေကြောင့် သုက်ကောင်လေးတွေဟာ အမျိုးသမီး သားဥကို ဖောက်ထွင်းနိုင်ခြင်း မရှိရာက ကလေးမရတာလို့ New York မြို့၊ Lenox Hill ဆေးရုံက သားဖွားဆရာဝန်နဲ့ မျိုးပွားခြင်းဆိုင်ရာ သုတေသနအဖွဲ့ ဒါရိုက်တာ Dr. Tomer Singer ကလည်း ရှင်းပြပါတယ်။

"ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေတည်းက သုက်ကောင်ရဲ့ထုထည်၊ ရွေ့လျားနိုင်စွမ်းနဲ့ ပုံသဏ္ဍာန်တို့ဟာ ဆိုးရွားလာတာကို ကျွန်တော်တို့ သတိထားမိပါတယ်" လို့ Singer က ဆိုပါတယ်။ "ဒါပေမယ့် ဘယ်အရာကြောင့် ဖြစ်နေတယ်ဆိုတာကိုတော့ အတိအကျ ထောက်ပြဖို့ ခဲယဉ်းခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။ ဘာပဲပြောပြော အခုသုတေသနရလဒ်တွေအရ လေထုညစ်ညမ်းခြင်းနဲ့ အမျိုးသား မျိုးအောင်နိုင်စွမ်းကြားမှာ တိုက်ရိုက်ဆက်နွယ်မှု ရှိနေတယ်ဆိုတော့ ကုသနည်းကို ရှာဖွေဖို့ အတိုင်းအတာတစ်ခုထိ အကူအညီ ဖြစ်စေပါတယ်။

Source: Webmd

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD