လေဖြတ်တော့မယ်လို့ ခန္ဓာကိုယ်က အချက်ပြနေတဲ့ လက္ခဏာတွေကို ကြိုသိထားခြင်းက အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင်ပါလိမ့်မယ်။

လေဖြတ်လေငန်းရောဂါဆိုတာ သိပ်ကြောက်ဖို့ကောင်းတဲ့ရောဂါပါ။ ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်နိုင်တော့လို့ ချေးပါ၊ သေးပေါက်ကအစ အိမ်သားတွေကို အားကိုးရမှာဖြစ်တဲ့အတွက် ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်တာမဟုတ်ဘဲ အိမ်သားတွေပါ ဒုက္ခရောက်စေတဲ့ ရောဂါမျိုးပါ။ ဒါကြောင့် လေဖြတ်တော့မယ်လို့ ခန္ဓာကိုယ်က အချက်ပြနေတဲ့ လက္ခဏာတွေကို ကြိုသိထားခြင်းက အကျိုးကျေးဇူး ဖြစ်ထွန်းစေနိုင်ပါလိမ့်မယ်။

၁။ အမြင်အာရုံအားနည်းမယ်

1_m5FURzngXScSdDDLo2cX7g.jpeg 

လူတော်တော်များများက ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အမြင်အာရုံ အားနည်းခြင်းတို့ကို အသက်အရွယ်ကြီးရင့်လာလို့တို့၊ ပင်ပန်းနွမ်းနယ်လို့တို့ ထင်တတ်ကြပါတယ်။ တကယ်တော့ မျက်စိထဲမှာ ပုံရိပ်တွေကို နှစ်ထပ်မြင်နေရပြီဆိုတာ ပင်ပန်းလို့ဆိုတာထက်၊ မျက်စိကို အများကြီးအသုံးချမိလို့ ဆိုတာထက်ပိုပါတယ်။ ဒါဟာ သွေးကြောပိတ်ဆို့ခြင်းကြောင့် မျက်စိဆီကို အောက်ဆီဂျင်လုံလုံလောက်လောက် မရောက်တဲ့အခါ ဖြစ်တတ်ပါတယ်။

ဒါဟာာ လေဖြတ်ခြင်းရဲ့လက္ခဏာတစ်ခုပါ။ ဒါကြောင့် အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ကြုံနေရပြီဆိုရင် မျက်စိဆရာဝန်နဲ့ ပြသစစ်ဆေးပါ။ ပြီးရင် လေဖြတ်လေငန်းရောဂါနဲ့ ဆက်နွယ်နေမှုရှိမရှိ စစ်ဆေးကြည့်ပါ။

၂။ လက်တွေထုံလာမယ်

56.jpg 

အိပ်ယာကရုတ်တရက် လန့်နိုးလာပြီး လက်တွေထုံနေမယ်ဆိုရင် လက်ကိုဖိအိပ်မိလို့လို့ပဲ ယူဆမိကြမှာပါ။ ဒါပေမယ့် တကယ်ကော အဲဒီအတိုင်းဟုတ်ပါ့မလား။ မိုင်ယာမီတက္ကသိုလ်က အာရုံကြောဗေဒ ပါမောက္ခ ဒေါက်တာ Ralph Sacco ကတော့ "လက်မောင်းတစ်ဖက် ရုတ်တရက်ထုံလာပြီး အချိန်တစ်ခုအတွင်း ပြန်သက်သာမလာဘူးဆိုရင်တော့ ဆေးခန်းကို အမြန်ဆုံးပြေးပါတော့" လို့ အကြံပြုထားပါတယ်။ ကျောရိုးမကြီးကနေ နောက်စေ့ကို ဖြတ်သန်းသွားလာနေတဲ့ သွေးကြောတွေမှာ သွေးစီးဆင်းမှုလျော့နည်းခြင်းဟာ ခန္ဓာကိုယ်တစ်ခြမ်းမှာ ထုံကျင်ခြင်း၊ အားနည်းခြင်းကို ဖြစ်စေပါတယ်တဲ့။

၃။ စကားသံတွေ မပီမသဖြစ်မယ်

တစ်ခါတလေမှာ စကားပြောရင် မပီမသ၊ ဗလုံးဗထွေးဖြစ်နေပြီဆိုရင်တော့ လေဖြတ်နိုင်တဲ့ အန္တရာယ်များနေပြီလို့ သိနိုင်ပါတယ်။ လေဖြတ်လေငန်းရောဂါဟာ ဦးနှောက်နဲ့အဓိက ဆက်စပ်နေတဲ့အတွက် ဦးနှောက်ထဲကို သွေးမလျှောက်တော့တဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ အလုပ်လုပ်ရတာခက်ခဲလာပါတယ်။ အဲဒီထဲမှာ မေးရိုးနဲ့လျှာလည်း ပါပါတယ်။ မေးရိုးနဲ့လျှာ ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အခါ စကားသံတွေ မပီမသနဲ့ ဗလုံးဗထွေးဖြစ်လာတတ်ပါတယ်။

၄။ မေ့လွယ်လာမယ်

19.jpg 

အသိတစ်ယောက်နဲ့ စကားပြောနေရင်း ပြောမယ့်စကားက ပါးစပ်ဖျားမှာတင် မေ့လျော့သွားတာမျိုး ကြုံဖူးကြလား။ အဲဒီလို မေ့လျော့ခြင်းက အကြိမ်ရေအရမ်း စိတ်လာပြီဆိုရင်တော့ သတိထားသင့်ပါပြီ။ အယ်လ်ဇိုင်းမားရောဂါရလောက်တဲ့ အသက်အရွယ်လည်း မဟုတ်သေးဘူးဆိုရင်တော့ ဒါဟာလေဖြတ်ရောဂါ ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါပြီ။

၅။ ခေါင်းကိုက်ခေါင်းခဲလာမယ်

9.jpg 

ခေါင်းကိုက်တယ်ဆိုတာကလည်း အရက်သောက်ထားလို့ ခေါင်းကိုက်တာလား။ နေပြင်းလို့ခေါင်းကိုက်တာလား။ အစားမှားလို့ ခေါင်းကိုက်တာလား။ ကွဲကွဲပြားပြားသိဖို့လည်း လိုပါသေးတယ်။ အကြောင်းပြချက်မရှိဘဲ ရုတ်တရက်ကြီး ခေါင်းထကိုက်ပြီဆိုရင်တော့ ဒါဟာ လေဖြတ်လေငန်းရောဂါ ဖြစ်တော့မယ်လို့ သတိပေးနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်ရောဂါနဲ့ လေဖြတ်ရောဂါမှာ အာရုံကြောဆိုင်ရာ ဝိသေသတွေ တူညီနေတော့ အထင်အမြင်မှားနိုင်စရာတွေ ရှိပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က