တစ်ယောက်ယောက်ကို အသဲခွဲဖို့ စဉ်းစားနေပြီဆိုရင် ဒါလေးကိုလည်း တစ်ချက်သတိရပေးပါ။ အခန့်မသင့်ရင် ကိုယ်ပါ လူသတ်တရားခံ ဖြစ်သွားနိုင်ပါတယ်။

အသဲကွဲတယ်ဆိုတာ လူတိုင်းကြုံရနိုင်ပြီး ခံရခက်တဲ့ ဝေဒနာတစ်မျိုးပါ။ နှစ်ပေါင်းများစွာ မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ခဲ့ပေမယ့် ကြားစကားတစ်ချက်လောက် ဝင်ထောက်လိုက်ရင် ဖူးစာဆိုတာကြီးကို လွှဲချပြီး ဝေးသွားနိုင်တာပဲမဟုတ်ပါလား။

တစ်နည်းအားဖြင့်ပြောရရင် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုပုံပြီးတော့ တစ်ပါးသူလက်ထဲမှာ ကိုယ့်နှလုံးသားကို သွားထည့်ရဲ လောက်သည်အထိ မိုက်ရူးရဲဆန် (သို့) သတ္တိကောင်းတဲ့သူတိုင်း အသဲကွဲဖူးကြမှာပါပဲ။ တကယ်တော့ အသဲကွဲတယ်ဆိုတာ စိတ်ခံစားချက်မှာ ထိခိုက်ဒဏ်ရာရတယ်ဆိုတာထက် ပိုပါတယ်။ အသဲကွဲခြင်းက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာလည်း သက်ရောက်မှု ရှိနိုင်ပါတယ်။

 

ကိုုယ်နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုးချစ်ရတဲ့သူတစ်ယောက်နဲ့ လမ်းခွဲလိုက်ရတဲ့အခါ (ဒါမှမဟုတ်) ချစ်ရသူတစ်ဦးနဲ့ သေကွဲခွဲ လိုက်ရတဲ့အခါ ကျန်ရစ်ခဲ့ရသူတစ်ဦးရဲ့ စိတ်ခံစားချက်ဟာ ရင်ဘတ်ထဲမှာ ဗလာဟင်းလင်းကြီးဖြစ်ပြီး ကျန်ခဲ့တာပါ။ ဆုံးရှုံးခြင်းက ဘဝရဲ့မလွှဲမရှောင်သာတဲ့ အရာတစ်မျိုးဖြစ်ပေမယ့် မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရတဲ့အခါ အသက်အန္တရာယ်ကိုပါ ထိပါးနိုင်တဲ့ အရာတစ်မျိုးကိုပါ ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်။ အဲဒါကတော့ Broken Heart Syndrome လို့ခေါ်တဲ့ ရောဂါတစ်မျိုးပါပဲ။

အဲဒီလိုရောဂါမျိုး ဖြစ်ပြီဆိုရင် နှလုံးထဲကို ဝင်ထွက်နေတဲ့ သွေးတွေဟာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးရဲ့ ပိတ်ဆို့မှုကြောင့် အလုပ်လုပ်တာ ယာယီနှောင့်နှေးသွားပြီး ကျန်းမာရေးကို ထိခိုက်စေပါတော့တယ်။ နှလုံးသွေးကြောများ ကျဉ်းမြောင်းလာခြင်းက သွေးစီးဆင်းမှုကို အနှောင့်အယှက် ပေးနိုင်ပြီး အခန့်မသင့်ရင် တုံးခနဲလဲကျ သေဆုံးစေနိုင်ပါတယ်။ ဒါမှမဟုတ် နာတာရှည်နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။

၁၉၉၁ ခုနှစ်တုန်းက ဂျပန်သုတေသီတွေဟာ broken heart syndrome (အသဲကွဲရောဂါ) တဖြစ်လဲ ဆေးပညာအခေါ် stress cardiomyopathy ကို သတိပြုမိခဲ့ကြပါတယ်။ ရောဂါလက္ခဏာတွေကတော့ ရုတ်တရက်ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြီးကြီးမားမား တစ်ခုကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲဝေဒနာတစ်မျိုး ဖြစ်ပါတယ်။ Minneapolis နှလုံးရောဂါဆိုင်ရာ ဆေးကျောင်းမှ သုတေသီတွေကတော့ broken heart syndrome ဝေဒနာရှင်လူနာတွေကို လေ့လာခဲ့ပြီး ကျန်းမာရေးအပေါ် အသဲကွဲခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို သိရှိနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

အဲဒီမှာ အသဲကွဲတယ်ဆိုတာ ကျွန်တော်တို့ထင်ထားသလောက် နေလို့ထိုင်လို့ကောင်းတဲ့ ဝေဒနာမဟုတ်ကြောင်းနဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်နိုင်စွမ်းကလည်း သိသာထင်ရှားစွာ မရှိသေးပေမယ့် ဆိုးကျိုးတွေရှိနေတာတော့ အမှန်ပဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

နောက်တစ်ခုကတော့ ဒီရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များတဲ့ ရောဂါမျိုးပါ။ စစချင်းမှာတော့ နှလုံးသွေးကြောပိတ်ရောဂါနဲ့ လက္ခဏာချင်း ဆင်တူနေနိုင်ပေမယ့် CT စကင် သေချာရိုက်ကြည့်မှ စိတ်ဖိစီးမှုဟော်မုန်း တွေကြောင့်ဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းခြင်းဖြစ်ကြောင်း သိနိုင်ပါတယ်။ ပုံမှန်အခြေအနေဆိုရင်တော့ အသဲကွဲခြင်းကြောင့် နှလုံးသွေးကြောကျဉ်းခြင်းဟာ စဖြစ်ဖြစ်ချင်း တစ်ပတ်ကနေ လေးပတ်အတွင်းမှာ သက်သာပျောက်ကင်းသွားတတ်ပါတယ်။

ဒါပေမယ့် အဲဒီအချိန်ပိုင်း ကျော်လို့မှ ဝေဒနာက လျော့ပါးမသွားသေးဘူးဆိုရင်တော့ ဆေးဝါးကုသမှုကို စနစ်တကျ ခံယူသင့်ပါပြီ။ နောက်ပြီး အသဲကွဲနေသူရဲ့ ကိုယ်ခံအားနဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီးလည်း ရောဂါကို ပိုမိုဆိုးရွားနိုင်ပါသေးတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို အသဲခွဲဖို့ စဉ်းစားနေပြီဆိုရင် ဒါလေးကိုလည်း တစ်ချက်သတိရပေးပါ။ အခန့်မသင့်ရင် ကိုယ်ပါ လူသတ်တရားခံ ဖြစ်သွားနိုင်ပါတယ်။

Source: MedicalDaily

Share

Loading Next Article...
က္က