အသံတိတ်လူသတ်သမားလို့တောင် ကင်ဆာရောဂါကို ခေါ်ဝေါ်ခဲ့ကြပါတယ်။

အသားအရောင်မရွေး၊ လူတန်းစားမခွဲခြားပဲ အားလုံးရင်ဆိုင်နေရတာကတော့ သေခြင်းတရားပါပဲ။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာကြီးပေါ်မှာ လူပေါင်းများစွာ သေကျေပျက်စီးနေကြရပါတယ်။ အကြောင်းအရင်းအမျိုးမျိုးကြောင့် သေဆုံးမှုနှုန်းတွေ မြင့်တက်လာသလို သေဆုံးမှုတွေထဲမှာဆိုရင် ရောဂါဘယကြောင့် သေဆုံးမှုနှုန်းကလည်း ထိပ်ဆုံးအဆင့်က ပါဝင်နေခဲ့တာပါ။ အထူးသဖြင့် ကင်ဆာရောဂါဆိုးကြီးကြောင့် သေဆုံးမှုနှုန်းဟာ အခြားရောဂါဘယတွေကြောင့်သေဆုံးမှုထက် ပိုပြီးတော့ များပြားနေခဲ့ပါတယ်။ ကင်ဆာဖြစ်ပွားရခြင်း အကြောင်းအရင်းတွေ အများကြီးရှိနေခဲ့ပြီးတော့ ကင်ဆာမဖြစ်ပွားအောင် ဘယ်လိုမျိုးနေထိုင်ရမလဲဆိုတဲ့ ဆေးပညာရှင်တို့ရဲ့ အကြံပေးချက်၊ ထုတ်ပြန်ချက်တွေကလည်း အမြဲတမ်းလိုလို ထွက်ပေါ်နေခဲ့ပါတယ်။

 

ရိုးရှင်းလွယ်ကူတဲ့ လူနေမှုပုံစံတွေကို ပြောင်းလဲပေးရုံဖြင့် ကင်ဆာကြောင့် သေဆုံးမှုနှုန်းကို (၄၀)ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း သုတေသနပြုလုပ်ချက်များအရ သိရပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အစားအသောက်စားသောက်မှု၊ အရက်သေစာသောက်သုံးမှုတို့ကြောင့် နှစ်စဉ် လူပေါင်း ၈.၂သန်းခန့် ကမ္ဘာကြီးပေါ်မှာ သေဆုံးနေတာလည်း ဖြစ်ပါတယ်။ သိပ္ပံနည်းကျ စမ်းသပ်မှုများ ပြုလုပ်အပြီးမှာတော့  ရာခိုင်နှုန်း ၃၀ ကျော်သော လူသားတွေဟာ ဆေးရွက်ကြီး စားသုံးမှုကြောင့် ကင်ဆာဖြစ်ပွားခဲ့ကြပြီး သေဆုံးခဲ့ကြပါတယ်။ ဒါတွေကို ရှောင်ရှားဖို့ နဲ့ လိုက်နာဖို့အတွက်လည်း အကြံပြုခဲ့ကြပါတယ်။

 

အခြားသောအကြောင်းရင်းတွေထဲမှာတော့ နေရောင်ခြည်ဒဏ်ခံရမှု၊ အဝလွန်မှု နဲ့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း မရှိသော ၁၄ရာခိုင်နှုန်းမျှသော လူပေါင်း ၁.၂သန်းခန့်ဟာ ကင်ဆာဖြစ်ပွားမှုကြောင့် သေဆုံး ခဲ့ရတာပါ။ ကင်ဆာကြောင့်သေဆုံးမှုတွေထဲမှာ အထက်ပါအချက်တွေကြောင့် သေဆုံးမှုက အများဆုံးဖြစ်ပြီးတော့ ဒီအရေအတွက်ဟာ ထိတ်လန့်စရာကောင်းကြောင်း ဆေးသုတေသီတွေက ဆိုကြပါတယ်။ ဒါတွေကို နည်းနည်းချင်းစီ လျှော့ချဖို့ ကြိုးစားခြင်းဟာ မိမိအတွက်ရော၊ ပတ်ဝန်းကျင် အတွက်ပါ ထိရောက်တဲ့ ရောဂါကုထုံးသစ်တစ်ခုလိုဖြစ်ပြီး ကင်ဆာဖြစ်ပွားမှုလျော့ချစေဖို့ အကြောင်းရင်းတစ်ခုဖြစ်ကြောင်းလည်း သြစတေးလျ ဆေးပညာရှင်တွေက အဆိုပြုခဲ့ကြပါတယ်။

 

နေပူထဲမှာ အကာအကွယ်မပါပဲ သွားလာလှုပ်ရှားနေသူတွေဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်သင့်ခံရမှုကြောင့် အရေပြားကင်ဆာလို ရောဂါမျိုးတွေ ဖြစ်ပွားပြီးတော့ သြစတေးလျနိုင်ငံမှာဆိုရင်တော့ ၂၀၁၃ ခုနှစ်အတွင်းမှာ အရေပြားကင်ဆာဖြစ်ပွားသူဦးရေ လေးသောင်းကျော်အထိ ရှိခဲ့ပါတယ်။ အဝလွန်မှုနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းပါးသူတွေကတော့ ၅ ရာခိုင်နှုန်းခန့်အထိ ပါဝင်ခဲ့ပြီးတော့ အဲဒီထဲကမှ ဝ.၈ ရာခိုင်နှုန်းလောက်ဟာ လေ့ကျင့်ခန်း ပြုလုပ်ခြင်း မရှိတဲ့သူတွေ ဖြစ်ပါတယ်။ ဒီလေ့လာမှုကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဒေါက်တာ David Whiteman ကတော့ ကင်ဆာကြောင့်သေဆုံးအမျိုးသားဦးရေဟာ ၄၁ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေကတော့ ၃၄ ရာခိုင်နှုန်းထိ ပါဝင်ကြောင်း Internation Journal of Cancer မှာ ဖော်ပြခဲ့ပါတယ်။ " အမျိုးသားအများစုဟာ ဆေးလိပ်နဲ့ အရက်သောက်သုံးမှု၊ နေရောင်ခြည်ထဲ သွားလာမှုတွေနဲ့ အစားကောင်းကောင်း မစားခြင်းကြောင့် ကင်ဆာဖြစ်ပွားမှုတွေ ရှိလာတာပါ၊ ကင်ဆာဖြစ်ရခြင်းအကြောင်းအရင်းတွေမှာ မျိုးရိုးဗီဇကြောင့်၊ ကံဆိုးမှုတွေကြောင့်ဆိုတာ မဟုတ်ပါဘူး" လို့ သူက ပြောခဲ့ပါသေးတယ်။

 

" လူတွေဟာ သူတို့ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်မယ်ဆိုရင် ကင်ဆာဖြစ်ပွားမှုနှုန်းကို အများကြီးလျှော့ချပေးနိုင်မှာ သေချာပေါက်ပါပဲ၊ နည်းနည်းချင်းလေးစီ ကြိုးစားပြီးတော့ ပြုပြင်ပြောင်းလဲမယ်ဆိုရင်တောင်မှ ကင်ဆာကြောင့် နှစ်စဉ်သေဆုံးသူ ဦးရေဟာ အများကြီးလျော့ကျသွားမှာ သေချာပါတယ်လို့ " ဒေါက်တာ Whiteman က အကြံပေးခဲ့ပါတယ်။ သူတိုက်တွန်းခဲ့တာတွေမှာတော့ ဆေးလိပ်နဲ့ဆေးရွက်ကြီးစားသုံးမှု၊ အရက်သေစာသောက်စားမှု၊ နေရောင်ခြည်ဒဏ် သင့်မှုတွေနဲ့ လေ့ကျင့်ခန်းပြုလုပ်မှု၊ အစားအစာကို ချင့်ချိန်စားသုံးဖို့ အစရှိတာတွေ ပါဝင်ခဲ့ပြီးတော့ လူတွေရဲ့နေ့စဉ် လှုပ်ရှားမှုဘဝတွေထဲက လွယ်ကူစွာ ပြောင်းလဲနိုင်မယ့်အရာတွေပဲ ဖြစ်ပါတယ်။

 

နေ့စဉ်ပတ်ဝန်းကျင်မှာ လွယ်ကူစွာ ရရှိနေတဲ့ ဓာတုဗေဒပစ္စည်းပါ စားသောက်ကုန်တွေ၊ ဆေးလိပ်နဲ့ဆေးရွက်ကြီး၊ အရက်သေစာ အစရှိတာတွေကို ရှောင်ရှားဖို့ထက် ပိုပိုပြီး စားသောက်မှုနှုန်းက ကမ္ဘာကြီးပေါ်မှာ တစ်နေ့တစ်ခြား မြင့်မားလာခဲ့ပါတယ်။ တစ်ဆက်တည်းမှာလည်း ဒီအရာတွေကြောင့် ရောဂါဖြစ်ပွားမှုတွေ ပိုမိုများပြားလာခဲ့ပြီးတော့ ရံဖန်ရံခါမှာဆိုရင် ရောဂါအသစ်အဆန်းတွေကိုပါ ဖြစ်ပွားလာစေခဲ့တာပါ။ အထူးသဖြင့် ကင်ဆာရောဂါဟာ ဖြစ်ပွားနေချိန်မှာ သိရှိရခြင်းမရှိပဲ များစွာသော ရောဂါဝေဒနာရှင်တွေဟာ အချိန်နှောင်းမှ သိရှိရတာဖြစ်တာမို့ အသံတိတ်လူသတ်သမားရယ်လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ လေ့လာတွေ့ရှိမှုတွေအရဆိုရင်တော့ ကင်ဆာဖြစ်ပွားရမှု ရာခိုင်နှုန်းအများစု နေထိုင်စားသောက်ပုံစံနဲ့ အများကြီးဆက်နွယ်နေတာမို့လို့ ဒါတွေကို လိုက်နာရှောင်ရှားခြင်းအားဖြင့် ကင်ဆာဖြစ်ပွားမှုကို ကာကွယ်နိုင်မှာဖြစ်သလို အထက်မှာ ဆိုခဲ့တဲ့အတိုင်း နှစ်စဉ် လူသေဆုံးမှုနှုန်းကိုလည်း အများကြီးလျော့ကျစေတာမို့ လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီးလှပါတယ်။

Source : Dailymail

Share

Loading Next Article...
က္က