ကမ္ဘာပေါ်က လူ (၇) ယောက်မှာ (၁) ယောက်ဟာ ခေါင်းကိုက်ခေါင်းခဲဝေဒနာကို ခံစားနေရပါတယ်တဲ့။

ဆေးပညာလောကမှာ စကားတစ်ခွန်းရှိပါတယ်။ ကမ္ဘာပေါ်က လူ (၇) ယောက်မှာ (၁) ယောက်ဟာ ခေါင်းကိုက်ခေါင်းခဲဝေဒနာကို ခံစားနေရပါတယ်တဲ့။ ခေါင်းကိုက်ခေါင်းခဲပြီဆိုရင် အကြောင်းရင်းကို လိုက်ရှာကြပေမယ့် စိတ်ဖိစီးမှုတို့၊ အအေးမိဝေဒနာတို့လို တခြားရောဂါတွေနဲ့ပဲ ဆက်နွယ်တတ်ကြပြီး တိကျသေချာတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

 

နောက်ပြီး ခေါင်းကိုက်တယ်ဆိုတာ သူတစ်ခုတည်း လာတာမဟုတ်ပါဘူး။ အလင်းရောင်စူးစူး၊ အသံကျယ်ကျယ်တွေကို မခံနိုင်တာတို့၊ မူးဝေတာတို့၊ ပျို့အန်တာတို့၊ အမြင်ဝေဝါးတာတို့ကိုပါ တစ်ပါတည်း ခေါ်လာတာပါ။ အဲဒီဝေဒနာတွေက (၇၂) နာရီထိ ကြာမြင့်တတ်ပြီး တခြားဦးနှောက်ရောဂါတွေနဲ့လည်း ဆက်နွယ်နေနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် လူ (၃၇) သန်းလောက် ခေါင်းကိုက်ခေါင်းခဲ ဝေဒနာ ခံစားနေရပြီး ဒီရောဂါကြောင့် နှစ်စဉ် ဒေါ်လာ (၁၇) ဘီလျံခန့် ကုန်ကျနေရပါတယ်တဲ့။

ဒါပေမယ့် ဘာမှစိတ်မပူပါနဲ့တော့။ ဆေးဝါးသိပ္ပံပညာရှင်တွေရဲ့ နှစ်ပေါင်း (၂၀) ကျော် သုတေသန ပြုလုပ်ချက်တွေရဲ့ ရလဒ်အရ ခေါင်းကိုက် ခေါင်းခဲရောဂါကို တိုက်ဖျက်နိုင်မယ့် ဆေးဝါးသစ်တစ်မျိုး ပေါ်ပေါက်လာခဲ့ပါပြီ။

 

ဆေးဝါးသိပ္ပံပညာရှင်တွေဟာ ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေတဲ့ ဦးခေါင်းထဲက ဓာတုပစ္စည်းတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကို Calcitonin Gene-related peptide (CGRP) လို့ ခေါ်ပါတယ်။ အဲဒီ CGRP ဆိုတဲ့ ဓာတုပစ္စည်းက အလင်းရောင်စူးစူးတွေကို sensitive ဖြစ်စေသလို ခေါင်းကိုက်ခြင်းကိုလည်း နှိုးဆွပေးပါတယ်။ ဒီလိုနဲ့ ဆေးဝါးကုမ္မဏီတွေဟာ CGRP ကို တိုက်ဖျက်နိုင်မယ့် ဆေးဝါးသစ်တစ်မျိုးကို ရှာဖွေဖို့အတွက် ငွေတွေပုံအောပြီး သုတေသနတွေ ပြုလုပ်ကြပါတော့တယ်။

အရင်တုန်းက ခေါင်းကိုက်ဝေဒနာ ခံစားရပြီဆိုရင် Botox လိုမျိုး နှလုံးရောဂါနဲ့ ဝက်ရူးပြန်ရောဂါတို့ကို ကုသရင်သုံးတဲ့ ဆေးဝါးတွေကို အသုံးပြုခဲ့ကြပါတယ်။ အဲဒီဆေးဝါးတွေက အမြဲတမ်းအလုပ်မဖြစ်သလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ အခု အသစ်တွေ့ရှိထားတဲ့ ဆေးဝါးသစ် Erenumab ကတော့ CGRP ကိုတိုက်ထုတ်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ အဏုဇီဝဆေးတစ်မျိုး ဖြစ်ပါတယ်။

သုတေသနအရ လူနာတစ်ထောင်ဝန်းကျင်ကို တစ်လတစ်ခါ Erenumab ဆေးဝါး (၇၀ မီလီဂရမ် (သို့) ၁၄၀ မီလီဂရမ်) ရယ်၊ တခြားဆေးဝါးတု တစ်မျိုးရယ်ကို ကြုံရာကျပန်းသဘောမျိုး ထိုးပြီးစမ်းသပ် ခဲ့ကြပါတယ်။ အစမ်းသပ်ခံလူနာတွေဟာ ယေဘုယျအားဖြင့် တစ်လမှာ (၈) ကြိမ်လောက် ခေါင်းကိုက်ခေါင်းခဲတတ်ကြတာပါ။ အဲဒီမှာ (၇၀) မီလီဂရမ် ဆေးထိုးခံရသူတွေဟာ ရောဂါဝေဒနာနဲ့ ဖြစ်ပွားတဲ့ အကြိမ်ရေ (၄၃) ရာခိုင်နှုန်းထိ လျော့ကျသွားပြီး (၁၄၀) မီလီဂရမ် ဆေးထိုးခံရသူတွေလည်း တူညီတဲ့နှုန်းထားအတိုင်းပဲ ဝေဒနာတွေ လျော့ပါးသွားတာကို တွေ့ရှိရပါတယ်။

ဆေးဝါးအတု အထိုးခံရသူတွေမှာတော့ ဒီလိုမျိုး ထူးထူးခြားခြား ဝေဒနာလျော့နည်းသွားတာကို မတွေ့ရှိခဲ့ရပါဘူး။ နောက်ဆုံးမှာတော့ သုတေသနရလဒ်အရ Erenumab ဆေးဝါးဟာ ခေါင်းကိုက်ရောဂါရဲ့ ပြင်းထန်မှုနဲ့ ဖြစ်ပွားတဲ့ကြိမ်ရေကို လျှော့ချရာမှာ ထိရောက်မှုရှိကြောင်း ဖော်ပြနိုင်ခဲ့ပါတယ်။

"ဒီတွေ့ရှိချက်က တကယ်ကိုအံ့သြစရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းကိုက်ခေါင်းခဲရောဂါက ကမ္ဘာကိုဒုက္ခပေးနေပြီး ဒီဆေးဝါးကို ဒီပြဿနာကို အတိုင်းအတာတစ်ခုထိ ရှင်းထုတ်ပေးနိုင်လို့ပါပဲ" လို့ လန်ဒန်၊ ကင်းစ်ကောလိပ်က ဒေါက်တာ Goadsby က ဆိုပါတယ်။ သူ့အဆိုအရဆိုရင် ဒီဆေးဝါးနဲ့ ကုသခံရတဲ့ လူနာ (၂၀) ရာခိုင်နှုန်းဟာ ခေါင်းကိုက်ခေါင်းခဲဝေဒနာ အရှင်းပျောက်သွားခဲ့ပါသတဲ့။ ဒါပေမယ့် အနာဂတ်မှာ ဘာဘေးထွက်ဆိုးကျိုးတွေ ရှိဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က