မိမိရဲ့သူငယ်ချင်း၊ အပေါင်းအသင်းထဲမှာ ညှိရနှိုင်းရခက်တဲ့၊ ခေါင်းအရမ်းမာတဲ့ သူငယ်ချင်းတစ်ယောက်ရှိလား။

မိမိရဲ့သူငယ်ချင်း၊ အပေါင်းအသင်းထဲမှာ ညှိရနှိုင်းရခက်တဲ့၊ ခေါင်းအရမ်းမာတဲ့ သူငယ်ချင်းတစ်ယောက်ရှိလား။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ကော ခေါင်းအရမ်းမာတတ်လား။ တကယ်တော့ ခေါင်းမာတယ်ဆိုတာ အချိန်နဲ့နေရာကိုလည်း လိုက်ပါသေးတယ်။ ကိုယ်ယုံကြည်ရာ အရာတစ်ခုကို မစွန့်လွှတ်ဘဲ မမှိတ်မသုံရပ်တည်တာလိုမျိုး ခေါင်းမာတာမျိုးကို ယေဘုယျအားဖြင့် ကောင်းတယ်လို့ ပြောလို့ရပါတယ်။

 

ဒါပေမယ့် မှားနေတဲ့အချက်ကြီးကို ခေါင်းမာမာနဲ့ ဖင်ပိတ်ငြင်းနေတာလိုမျိုး ခေါင်းမာတာကြီးကျ ကောင်းတယ်လို့ သတ်မှတ်လို့ မရတော့ပါဘူး။ အရမ်းခေါင်းမာပြီး ညှိနှိုင်းရခက်တဲ့သူကို လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေကလည်း မနှစ်သက်ကြပါဘူး။ ဒါပေမယ့် ခေါင်းမာခြင်းမှာ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ ကောင်းကျိုးတွေလည်း ရှိနေပါသေးတယ်တဲ့။

ကယ်လီဖိုးနီးယား တက္ကသိုလ်၊ စန်ဒီရေဂိုဆေးကျောင်းက သုတေသီတွေပြုလုပ်တဲ့ သုတေသနတစ်ခုအရ ခေါင်းမာခြင်းဟာ လူကိုအသက်ပိုရှည်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ သုတေသန ပြုလုပ်ရာမှာ အီတလီနိုင်ငံ၊ ကျေးလက်ဒေသမှာ နေထိုင်တဲ့ အသက် (၉၀) ကနေ (၁၀၁) နှစ် ဝန်းကျင်ရှိတဲ့ သက်ကြီးရွယ်အို (၂၉) ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ သူတို့ရဲ့သားသမီးတွေထက် ပိုဆိုးတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲဆိုတာကို တွေ့ရှိရပါတယ်။

 

အဲဒီသက်ကြီးရွယ်အို (၂၉) ယောက်လုံးမှာ သိသာထင်ရှားနေတဲ့ စရိုက်လက္ခဏာတွေကတော့ ခေါင်းမာခြင်း၊ အလုပ်ကြိုးစားလိုစိတ် ပြင်းပြခြင်း၊ မိသားစုနဲ့ နီးနီးကပ်ကပ် နေထိုင်တတ်ခြင်း၊ ဘဝကို နေပျော်ခြင်းနဲ့ ကျေးလက်ဒေသကို ချစ်မြတ်နိုးခြင်းတို့ပဲ ဖြစ်ပါတယ်။ သုတေသီတွေကတော့ ခေါင်းမာခြင်းဟာ စမ်းသပ်ခံ သက်ကြီးရွယ်အိုတွေကို အသက်ရှည်စေတဲ့ အဓိကအကြောင်းရင်းလို့ ယုံကြည်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သူများတွေဘာတွေးလဲကို ဂရုမစိုက်တဲ့အတွက် စိတ်ဖိစီးမှုလည်း သူများထက် ပိုနည်းပါတယ်။

 

"ကျွန်မတို့ တွေ့ရှိထားတာကတော့ ဒီအုပ်စုဟာ ခေါင်းမာကြတယ်။ တဇွတ်ထိုးဆန်ကြတယ်။ နောက်ပြီး နေရာတကာမှာ ဝင်ပြီးခြယ်လှယ်ချင်ကြတယ်" လို့ သုတေသနအဖွဲ့ရဲ့ စာတမ်းရှင်တစ်ဦးဖြစ်တဲ့ Anna Scelzo က UC San Diego Health မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။ "နောက်ပြီး အဲဒီလို နေရာတကာမှာ ခြယ်လှယ်လိုပြီး ကိုယ်တိုင်လုပ်ရမှ စိတ်တိုင်းကျတတ်တဲ့ စရိုက်က ပြောင်းလဲနေတဲ့ အခြေအနေတွေပေါ် မူတည်ပြီး လိုက်လျောညီထွေနေတတ်ဖို့ အသင့်တော်ဆုံးဖြစ်စေပါတယ်" လို့လည်း သူမကဆိုပါတယ်။

"စိတ်ဖိစီးမှုဆိုတာဘာလဲ ကျွန်တော်မသိဘူး။ ကျွန်တော်တစ်ခုခုဆို အမြဲတမ်းပဲ တက်ကြွနေတယ်" သုတေသနမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက ဆိုပါတယ်။ "ဘဝဆိုတာ ဘဝပဲလေ။ လာသမျှကို ရင်ဆိုင်လိုက်ရုံပဲပေါ့" လို့လည်း ပြောသွားပါသေးတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က