Kalay: မေမေများအလုပ်မပင်ပန်းစေဖို့ လျှို့ ၀ှက်ချက်များ

ယခုဆောင်းပါးကို Duwun နဲ့ www.kalay.com.mm တို့မှပူးပေါင်းတင်ဆက်ထားပါတယ်။

မေမေတို့အနေနဲ့ သားသားမီးမီးတို့ တစ်ဖက်နဲ့နေ့စဉ်လူနေမှုဘ၀မှာ အမြဲ အလုပ်များနေတတ်ပါတယ်။ အချိန်နဲ့လူမမျှသလိုလုပ်စရာတွေကတစ်ခုပြီးတစ်ခု မပြီးနိုင်သလို ဖြစ်နေတတ်ပါတယ်။ လုပ်စရာတွေများလွန်းလို့ ဘယ်အရာက ဘာမှန်းမသိပဲ ပိုအရေးကြီးတဲ့အရာတွေကို မလုပ်မိဘဲလွတ်သွားတတ်ပါတယ်။ ဒီလို အရေးမကြီးတာတွေအတွက် အရေးကြီးတာတွေကို မလုပ်လိုက်ရတာမျိုး မဖြစ်အောင် အလုပ်တွေ အများကြီးလုပ်နေပေမယ့်လည်း ပင်ပန်းတယ်လို့ မခံစားရစေမယ့် လျှို့ ၀ှက်နည်းလမ်းလေးတွေကို Kalay ကနေ မေမေတို့ အတွက် မျှဝေပေးလိုက်ပါတယ်နော်။

play

 

အရေးကြီးဆုံးအရာကို မှတ်ထားပါ

တစ်နေ့တာ လုပ်စရာတွေထဲက ဘယ်အရာက အရေးကြီးဆုံး ဆိုတာကို မှတ်ထားပါ။ ဒီလိုဆို အရေးကြီးတဲ့ အလုပ်က ဘာလည်းဆိုတာ မမေ့ပဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်နော်။  လူတိုင်းမှာ တစ်နေ့စာ အချိန် ၂၄ နာရီ အတူတူ ရရှိတာပါပဲ။  ရတဲ့အချိန်တွေကိုမှ အရေးကြီးတဲ့အရာတွေအတွက် အချိန်ဘယ်လိုပေးမလဲဆိုတာအပေါ် မူတည်ပြီး စီမံခန့်ခွဲတတ်ရမှာပါ။ လုပ်စရာတွေ အများကြီးရှိတာမှန်ပေမယ့် အရေးကြီးဆုံးဆိုတာတွေကို ဦးစားပေးပြုလုပ်ပေးဖို့ လိုအပ်ပါတယ်နော်။

 

အချိန်ဇယား၊ အစီအစဉ် ဆွဲထားပါ

ဘယ်အချိန်မှာ ဘယ်လုပ်ရမလဲဆိုတာတွေအတွက် အချိန်ဇယား၊ အစီအစဉ် ဆွဲထားပါ။ မိသားစုအတွက်အချိန်၊ ကိုယ်ပိုင်အချိန်၊ သားသားမီးမီးတွေအတွက် အချိန်ဆိုတာတွေအထဲမှ အရေးကြီးဆုံးဆိုတဲ့အရာတွေအတွက် အချိန်သတ်မှတ်ပြီး လုပ်ဆောင်ပေးပါ။ အချိန်ဇယားရှိထားတဲ့အတွက် ဘာပြီးရင် ဘာလုပ်ရမလဲဆိုတာ တွေဝေနေစရာ မလိုတော့ပါဘူး။ တစ်ခုပြီးတစ်ခု ဆက်လုပ်သွားရုံပါပဲ။ အစီအစဉ်ကြိုဆွဲထားတဲ့အတွက် မလိုအပ်ပဲအချိန်ကုန်တာတွေကို မဖြစ်စေတော့ပါဘူး။

play

 

No ပြောဖို့ အားမနာပါနဲ့

မမေဖြစ်လာပြီဆိုရင် သားသားမီးမီးတို့နဲ့တင် အတော်ကို အလုပ်များနေပါပြီ။ တော်တန်ရုံဖိတ်တဲ့ပွဲတွေ၊ မင်္ဂလာဆောင်ပွဲတွေ၊ အလှူ၊ မွေးနေ့ပွဲတွေကို မလာနိုင်တဲ့အကြောင်း သေချာရှင်းပြပြီး ငြင်းတတ်ရပါမယ်။ အချိန်ဇယားမှာ အပြင်သွားစရာတွေချည်း အပြည့်မထည့်ထားပါနဲ့။ မသွားမဖြစ် သွားစရာတွေကလွဲ သိပ်အရေးမကြီးတဲ့ပျော်ပွဲရွှင်ပွဲတွေကို မသွားပါနဲ့။ အပြင်ထွက်တယ်ဆိုတာ မေမေတွေအတွက်က မလွယ်ကူပါဘူး။ ကိုယ်တိုင်အတွက်ပြင်ဆင်ဖို့ မဆိုထားနဲ့ဦး သားသားမီးမီးတွေအတွက်ပြင်နေရတာနဲ့ပဲ အချိန်တွေကုန်သွားတတ်လို့ပါ။

အိပ်ရေးဝအောင် အိပ်ပါ

မေမေတွေအနေနဲ့ အလုပ်တွေအများကြီး လုပ်နိုင်ဖို့ဆိုတာ အားရှိဖို့ လိုအပ်ပါတယ်။ အားပြည့်ဖို့အတွက် အစာစားရုံတင်နဲ့မရပါဘူး။ အိပ်ရေး၀၀ အိပ်ဖို့လည်း လိုအပ်ပါတယ်။ တစ်နေ့ ပျမ်းမျှ အနည်းဆုံး ၇ နာရီ အိပ်ပေးရမှာပါ။ ပုံမှန်က သားသားမီးမီးတွေငယ်တုန်းဆိုရင် ညအချိန် အိပ်ရေးပျက်နိုင်ပါတယ်။ ဒီလိုဆို နေ့လည်ပိုင်း ကလေးအိပ်တဲ့အချိန်တွေမှာ ကလေးဘေးနားခဏ ၀င်အိပ်လိုက်တာမျိုး ပြုလုပ်ပေးပါ။ ညလည်း  အိပ်ရေးမ၀၊ နေ့လည်ကလေး အိပ်ချိန်က တခြားလုပ်စရာတွေ လုပ်နေရတယ်ဆိုရင် မေမေတို့အနေနဲ့ အလုပ်လုပ်တဲ့အချိန်မှာ လန်းဆန်းတက်ကြွနေတော့မှာ မဟုတ်ပါဘူး။ အိပ်ရေးဝမှ စိတ်ကလန်းဆန်းနေပြီး လုပ်စရာ အလုပ်တွေကို သွက်သွက်လက်လက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်နော်။

မမျှော်လင့်ပဲ ဖြစ်လာမယ့်အရာတွေအတွက် ကြိုပြင်ဆင်ထားပါ

တခါတလေကျ မမျှော်လင့်ထားတာတွေက ဖြစ်တတ်ပါတယ်။ မမျှော်လင့်ပဲ ဖြစ်လာမယ့်အရာတွေအတွက် ကြိုပြင်ဆင်ထားပါ။ ဘယ်လိုဖြစ်လာရင် ဘာလုပ်ရမလဲဆိုတဲ့အရေးပေါ် အခြေအနေများအတွက် ကြိုတွေးထားပါ။ သားသားမီးမီးတွေက  ရုတ်တရတ်ဖျားလာတာမျိုး၊ အပူ အအေး နည်းနည်းမမျှတတာ၊ အစားမှားလိုက်တာနဲ့ ချက်ချင်း နေမကောင်းဖြစ်တတ်လို့ပါ။ အရေးပေါ် ဆရာဝန်ကို ဖုန်းဆက်နိုင်မယ့်ဖုန်းနံပါတ်တွေ အဆင်သင့် ရှိနေဖို့ လိုအပ်ပါတယ်။ တကယ်လို့ မေမေက အလုပ်ထဲရောက်နေတဲ့အချိန်မျိုးမှာ တစ်ခုခုဖြစ်တာနဲ့ ချက်ချင်းပြန်လာနိုင်မယ့် အရေးတွေကိုပါ တွေးထားရမှာပါ။

 

ဒါဆို မေမေတို့ဘက်က အရာအားလုံးကို စနစ်တကျနဲ့လုပ်ဖို့ ကြိုတင်ပြင်ဆင်ထားမယ်ဆို ဘယ်လိုအခြေအနေမျိုးမဆို အလုပ်ပိုမများတော့ပဲ၊ မလိုအပ်ပဲ ပင်ပန်းစရာမလိုပဲ အဆင်ပြေပြေနဲ့ လုပ်ဆောင်သွားနိုင်မယ်လို့ Kalay ကယုံကြည်ပါတယ်နော်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ