တရုပ်လူမျိုးတွေရဲ့အချက်အပြုတ်ဆိုင်ရာ ရိုးရာဓလေ့နဲ့ သမိုင်းကြောင်းတွေက ကြွယ်ဝပြီး ရှည်လျား ရှုပ်ထွေးပါတယ်။

တရုပ်အစားအသောက်တွေကို လူတိုင်းနီးပါးနှစ်သက်ကြမှာပါ။ တရုပ်ရိုးရာအစားအသောက်တွေဖြစ်တဲ့ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်အစရှိတာတွေကို ကမ္ဘာတဝှမ်းလုံးက နှစ်ခြိုက်ကြပါတယ်။

တကယ်တမ်းကျတော့ တရုပ်လူမျိုးတွေရဲ့အချက်အပြုတ်ဆိုင်ရာ ရိုးရာဓလေ့နဲ့ သမိုင်းကြောင်းတွေက ကြွယ်ဝပြီး ရှည်လျား ရှုပ်ထွေးပါတယ်။ ကျယ်ဝန်းလှတဲ့ တရုပ်ပြည်ကြီးမှာ နယ်မြေအလိုက် အချက်အပြုတ်ပုံစံတွေ ကွဲပြားသလို လက်ရာတွေလည်း ခြားနားကြပါတယ်။ အဲဒီထဲမှာ ယနေ့ဖော်ပြမယ့် "hot and sour soup" (တရုပ်ရိုးရာ ချဉ်ချဉ်စပ်စပ်ဟင်းချို) ဟာလည်း တစ်ခု အပါအဝင်ပါပဲ။

 

ဟုတ်ပါတယ်။ နာမည်ကဖော်ပြနေသလိုပါပဲ။ ဒီဟင်းချိုရဲ့အရသာက ပူစပ်ပူလောင်နဲ့ သောက်လို့ကောင်းတဲ့ ချဉ်ပြုံးပြုံးအရသာလေး စွက်နေပါတယ်။ အခုလို မိုးကုန်ခါနီးရာသီမှာ ရာသီကုန် မိုးစက်လေးတွေကို တရုပ်ရိုးရာ ချဉ်ချဉ်စပ်စပ်ဟင်းချိုလေးနဲ့ နှုတ်ဆက်လိုက်ကြပါစို့။

ပြုလုပ်နည်း

 

ပါဝင်ပစ္စည်းတွေကတော့... ကြက်ပေါင် (၃) ချောင်း၊ တို့ဟူး (၄) အောင်စ၊ ဆန်ရှာလကာရည် လက်ဖက်ရည်ဇွန်း (၆) ဇွန်း၊ ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ငရုပ်သီးထောင်း လက်ဖက်ရည်ဇွန်း (၁/၂) ဇွန်း၊ ပြောင်းဖူးမှုန့် လက်ဖက်ရည်ဇွန်း (၆) ဇွန်းခန့်၊ ပဲငံပြာရည် (၄) ဇွန်း၊ နှမ်းဆီ (၁) ဇွန်း၊ သကြား (၁) ဇွန်း၊ ကြက်ဥ (၂) လုံး၊ မှိုခြောက်ပန်းခြောက် (၂) အောင်စ၊ မှိုအမဲအခြောက် (၂) အောင်စ၊ ဂျင်း (၁) လက်မအရွယ် တစ်တက်၊ မျှစ် (၄) အောင်စ၊ ကြက်သွန်မြိတ် (၂) ပင်၊ နံနံပင် လက်တစ်ဆုပ်စာခန့် တို့ပဲဖြစ်ပါတယ်။

အရင်ဆုံး မှိုခြောက်တွေကို ကြက်သီးနွေးရုံလောက်ရေနွေးထဲမှာ မိနစ် (၃၀) ခန့်စိမ်ပေးပါ။ ပြီးရင်တော့ ရေတွေကိုသွန်ချပြီး ရေတစ်ထပ်ပြန်ဆေးပေးလိုက်ပါ။ ကြက်ပေါင်တွေကိုတော့ ဆားအနည်းငယ်ထည့်ထားတဲ့ ရေနွေးထဲမှာ အပူချိန် အလည်အလတ်လောက်နဲ့ မိနစ် (၂၀) ခန့် ပြုတ်ပေးလိုက်ပါ။ ပြီးရင် ဆန်ကာကောင်းကောင်းတစ်လုံးနဲ့ ကြက်စွတ်ပြုတ်ကို စစ်ထုတ်ပေးလိုက်ပါ။ ကြက်သားကိုတော့ အအေးခံထားလိုက်ပါ။

ကြက်သားရယ်၊ တို့ဟူးရယ်၊ မှိုရယ်၊ မျှစ်ရယ်ကို ခုတ်ထစ်ရောမွှေထားလိုက်ပါ။ ပြီးရင် ပြောင်းဖူးမှုန့်အနည်းငယ်ကိုတော့ အရည်ဖျော်ပေးလိုက်ပါ။ ကျန်တဲ့ပြောင်းဖူးမှုန့်တွေကိုတော့ စောစောက ကြက်စွတ်ပြုတ်ရည်နဲ့ ရောပြုတ်ပေးလိုက်ပါ။ ပြီးရင် ခုတ်ထစ်ထားတဲ့ မှို၊ မျှစ်၊ တို့ဟူး၊ ပဲငံပြာရည်နဲ့ ဂျင်းကို ရောထည့်ပြီး အပူချိန် (medium) လောက်နဲ့ ချက်ပြုတ်ပေးလိုက်ပါ။ စက္ကန့် (၃၀) လောက်ကြာမှ ကြက်သားကို ရောထည့်လိုက်ပါ။

 

သမအောင်မွှေပေးနေရင်း ခဏကြာရင် ရှာလကာရည်ရယ်၊ ငရုပ်သီးထောင်းအနှစ်ရယ်၊ သကြားရယ်ကိုပါ ရောထည့်ပေးလိုက်ပါ။ ပြီးတာနဲ့ စောစောက ရေရောပြီးဖယ်ထားတဲ့ ပြောင်းဖူးမှုန့် အနှစ်ကို အပေါ်က လောင်းထည့်ပေးလိုက်ပါဦး။ အဲဒီအတိုင်း တစ်မိနစ်ခန့်ကြာအောင် ချက်ပြုတ်ပေးလိုက်ပါ။ ပြီးတာနဲ့ ကြက်ဥ (၂) လုံးကို ပန်းကန်လုံးတစ်လုံုးထဲကို ဖောက်ထည့်ပြီး ဇွန်းနဲ့ (၃) (၄) ချက် ခေါက်ထားတဲ့ ကြက်ဥအနှစ်ကို အပေါ်ကထပ်အုပ်ပေးလိုက်ပါ။ အဲဒါထည့်ပြီးရင်လည်း တစ်မိနစ်လောက်ကြာအောင် မွှေပေးလိုက်ပါဦး။ ပြီးပြီဆိုရင်တော့ ငရုပ်ကောင်းမှုန့်ရယ်၊ နှမ်းဆီရယ်ကိုထည့်ပြီး (၁၅) စက္ကန့်ခန့်ကြာအောင် ထပ်မွှေပေးလိုက်ပါ။

(၁၅) စက္ကန့်ပြည့်ရင်တော့ မီးကိုပိတ်ပြီး ကြက်သွန်မြိတ်နဲ့ နံနံပင်အုပ်ပေးလိုက်ရင် အရသာရှိတဲ့ တရုုပ်ရိုးရာ "ချဉ်ချဉ်စပ်စပ်" စွတ်ပြုတ်လေးကို ရရှိပါပြီ။

Share

Loading Next Article...
က္က