တစ်ယောက်နဲ့တစ်ယောက် စကားသိပ်မပြောဖြစ်တော့ဘူးဆိုရင် အိမ်ထောင်ရေးက အေးစက်စပြုနေပါပြီ။
 

အိမ်တွင်းရေးအကြံပေးသူတွေကတော့ ဆက်ဆံပြောဆိုခြင်းဟာ ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေးတစ်ခုရဲ့ အခြေခံအုတ်မြစ်ပါတဲ့။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ကိုယ့်ကြားမှာ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ဖွင့်ပြောမယ်ဆို ခိုင်မြဲတဲ့ပေါင်းသင်းမှုကို ရရှိနိုင်မှာပါ။ သူ့ဘက်က ရေငုံနှုတ်ပိတ် အေးတိအေးစက်မဟုတ်ဘဲ ဒီ့ထက်ပိုပြောထွက်လာဖို့ ဘယ်လိုတွေလုပ်သင့်သလဲ?

(၁) ငါတို့စကားပြောဖို့လိုပြီလို့ မပြောပါနဲ့

ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာ ဒီစကားလောက် စိုးရိမ်စရာကောင်းတာ မရှိတော့ပါဘူး။ အချိန်တစ်ခုသတ်မှတ်ပြီး စကားပြောရအောင်လို့ ပြောလိုက်ရင် သူ့ဘက်ကလည်း လိမ်စရာတွေအတွက် ကြိုတင်ပြင်ဆင်ချိန်ရသွားနိုင်ပါတယ်။ ပုံမှန်အတိုင်းလေးပဲ ပြောစရာရှိတာပြောလိုက်တာ အကောင်းဆုံးပါပဲ။

 

(၂) နှစ်ယောက်လုံးပင်ပန်းနေချိန်မှာ အရေးကြီးတဲ့အကြောင်းအရာကို အစမပျိုးပါနဲ့

အထူးသဖြင့် ညနေခင်း အလုပ်ပြန်ရောက်ခါစအချိန်တွေဆိုရင် သူရောကိုယ်ရော ပင်ပန်းနေကြပါတယ်။ ဒီလိုဆိုရင် အရေးကြီးဆွေးနွေးမယ့်အရာကို အစမပျိုးပါနဲ့ဦး။

(၃) ရှင်းပြပါ

ကိုယ်ပြောမယ့်အရာက ဘာလို့အရေးကြီးတယ်ဆိုတာ သူနားလည်အောင်ရှင်းပြပါ။ သူ့ဘက်က ထုတ်မပြောတာတွေက ကိုယ့်ကိုဘယ်လိုသက်ရောက်တယ်ဆိုတာ သူနားလည်သွားရင် ထုတ်ဖော်ပြောပြလာမှာပါ။

(၄) ဒေါသမထွက်ပါနဲ့

သူက နဂိုတည်းကမှ ကိုယ့်ကိုစကားသိပ်မပြောရတဲ့အထဲ စကားမှားတာလေးကို အထအနကောက်ပြီး ဒေါသဖြစ်နေရင် အခြေအနေပိုဆိုးသွားမယ်မဟုတ်လား။

 

(၅) ကိုယ့်ချို့ယွင်းချက်တွေကို အရင်စပြောပါ

ဒီလိုမှပဲ သူ့ဘက်က ပြောရဲဆိုရဲရှိလာမှာပေါ့။ ကိုယ်ကလည်း မှားတာတွေ ပြင်ဆင်စရာတွေ ရှိတာပဲလေ။ သူ့ဘက်ကအမှားတွေ ပြင်ဆင်စရာတွေကိုလည်း သူကိုယ်တိုင်ဝန်ခံလာအောင် ကိုယ်ကအရင်စပြောလိုက်တာနဲ့ သူ့ဘက်ကပိုပြီးပွင့်လင်းတဲ့စကားပြောခန်းလေး ဖြစ်လာပါမယ်။

(၆) အာရုံစိုက်ပြီးနားထောင်ပေးပါ

သူ့ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်မပြောဘူးဆိုတာကလည်း ကိုယ်က သေသေချာချာ ဂရုစိုက်ပြီး နားမထောင်ပေးလို့ ဖြစ်နိုင်ပါတယ်။ စကားပြောနေသူရဲ့မျက်နှာကိုကြည့်ပြီး အာရုံစိုက်နားထောင်ပေးမှ တစ်ဖက်က ပိုပြောချင်မှာပေါ့။

Source : Huffpost

Share

Loading Next Article...
က္က