အလုပ်ချိန် ၈ နာရီ ရှိတဲ့အနက် ပထမဆုံး တစ်နာရီကို သင့်အတွက် သီးသန့်ဖယ်ထားတာ ကောင်းမွန်တဲ့အကျင့်တစ်ခုဖြစ်ပါတယ်။

လုပ်ငန်းဆောင်ရွက်ရာမှာ ပြီးမြောက်အောင်မြင်ဖို့အတွက် အခြားသူများရဲ့တောင်းဆိုမှုတွေထက် သင့်အတွက်အရေးကြီးတဲ့တာဝန်တွေကို အရင်ပြီးမြောက်အောင်လုပ်ဖြစ်ဖို့ အလွန်လိုအပ်ပါတယ်။  ဒါကြောင့် နေ့တစ်နေ့အစမှာ သင့်အတွက်အရေးအကြီးဆုံးအရာတွေကို အရင်ဆုံးလုပ်နိုင်ဖို့ အောက်ပါအချက်များကို ကျင့်သုံးကြည့်ပါ။

(၁) အလုပ်ချိန်ရဲ့ ပထမဆုံး တစ်နာရီမှာ ဘာအနှောင့်အယှက်မှ အဝင်မခံပါနဲ့။

အလုပ်ကိုရောက်လို့ စားပွဲမှာ ထိုင်လိုက်ပြီဆိုတာနဲ့ တစ်လောကလုံးကို အဆက်အသွယ်ဖြတ်ပြီး တစ်နာရီတိတိ အလုပ်လုပ်ပါ။ ထို တစ်နာရီအတွင်းမှာ ဘာစကားတစ်လုံးမှ မပြောပါနဲ့။ သူများတွေက လာပြောလည်း ခဏလေးနေမှ ပြန်အကြောင်းပြန်မယ် စသဖြင့် ပြောပါ။ အလုပ်ချိန် ၈ နာရီ ရှိတဲ့အနက် ဒီတစ်နာရီက သင့်အတွက် အရေးကြီးတဲ့ ကိစ္စတွေနဲ့ ခြုံငုံသုံးသပ်သင့်တဲ့အရာတွေကို ပြန်စမ်းစစ်တဲ့အလုပ်တွေ လုပ်ရပါမယ်။ ဒီ တစ်နာရီမှာ Meeting နဲ့ အခြားအစည်းအဝေးတွေ၊ Appointment တွေ လုံးဝ မရှိတာ အကောင်းဆုံးပါပဲ။ ပြန်လာရင် အခြားထပ်တိုးကိစ္စတွေ ပေါ်လာပြီး လုပ်စရာရှိတာတွေ မလုပ်ဖြစ်တော့မှာ စိုးလို့ပါ။

(၂) ဒီနေ့လုပ်မယ့် လုပ်ရန် စာရင်းကို ချရေးပါ။

ဒါဆို ဒီတစ်နာရီအတွင်းမှာ ဘာလုပ်ကြမလဲ။ အရေးအကြီးဆုံးအလုပ်၊ ဒီနေ့ မပြီးမဖြစ် အလုပ် နံပါတ်တစ်၊ နှစ် နဲ့ သုံး ကို ချရေးပါ။ ဘယ် ၃ ခုက အရေးကြီးသလဲ စဉ်းစားပြီး ကျန်တာ ခဏခေါက်ထားလိုက်ပါ။ ဒီတစ်နာရီအတွင်းမှာ အလုပ် နံပါတ်တစ်၊ နှစ်၊ သုံးကို သတ်မှတ်ပြီးတာနဲ့ အဲဒီ ၃ ခုကို ဘယ်လိုလုပ်မလဲ၊ ဘယ်သူတွေနဲ့ လုပ်မှာလဲ၊ ဘာတွေ ပြင်ဆင်ရဦးမလဲ စသဖြင့် ပုံဖော်လိုက်ပါ။ အဲအခါမှာ ဒီ ၃ ခုနဲ့ သက်ဆိုင်တဲ့ အလုပ်သေးသေးလေးတွေ ထပ်ပေါ်လာပါလိမ့်မယ်။ ဒါတွေကိုလည်း ဒီနေ့ လုပ်ရမယ့်စာရင်းထဲ ထည့်ဖို့ မမေ့ပါနဲ့။ ဖြစ်နိုင်ရင်တော့ ညမအိပ်ခင်ကတည်းက စဉ်းစားထားတာ ပိုကောင်းတယ်။

(၃) ပထမဦးဆုံးအရေးကြီးတဲ့အလုပ်ကို ပြီးမြောက်အောင် စလုပ်ပါမယ်။

တိတ်ဆိတ်ပြီး အနှောင့်အယှက်ကင်းမယ့် နေရာမှာဆို ပိုသင့်တော်ပါတယ်။ သင့်စာရင်းထဲက နံပါတ် တစ် ကို အရင်လုပ်ပါ။ ပြီးတာနဲ့ နံပါတ် နှစ်ကို လုပ်ပါ။ သုံးကို ဆက်လုပ်ပါ။ ဒီသုံးခုအတွက် လိုအပ်တာတွေ လိုက်ဖြည့်ပါ။ ၁၀၀% ပြီးမြောက်ဖိုု့ လုပ်နိုင်သလောက်လုပ်ထားပါ။ ဒီအချိန်မှာ အခြားသူများက သင့်ကို စကားလာပြောတာ၊ မေးစရာရှိတာလာမေးတာ၊ အကြံတောင်းတာ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ ဝင်လာနိုင်ပါတယ်။ လုံးဝအနှောင့်ယှက်မခံပါနဲ့။ ညင်သာယဉ်ကျေးစွာနဲ့ နောက်တစ်နာရီဆို ရပါပြီ။ အဲဒီအချိန်မှ ပြောကြတာပေါ့ စသဖြင့် တုံံ့ုပြန်လိုက်ပါ။

ဒီလိုမျိုး အချိန် တစ်နာရီ တိတိ အပိုင်စီးထားပြီး သူများတွေကို ဂရုမစိုက်ဘဲ ကိုယ့်ဖာသာကိုယ် တကုပ်ကုပ် လုပ်နေလို့ မသင့်တော်ဘူးမထင်ပါနဲ့။ ဒီ တစ်နာရီအတွက် သင်တစ်ကိုယ်ကောင်းဆန်သင့်ရင် ဆန်ရမှာပါပဲ။ အလုပ်ချိန်က ၈ နာရီအတွင်းမှာ တစ်နာရီလောက် ကိုယ့်အလုပ်အတွက် အချိန်ပေးတာကို ဘယ်သူမှအပြစ်တင်လို့ မရပါဘူး။ ပြီးတော့ ဒီလိုအချိန်မှာ အကြံကောင်း၊ အစီအစဉ်ကောင်းတွေ ပေါ်တတ်တာမို့ သင်အပါအဝင် သင့်လုပ်ဖော်ကိုင်ဖက်အားလုံးအတွက်လည်း ကောင်းမွန်ပြီး အကျိူးဖြစ်ထွန်းစေနိုင်မှာ ဖြစ်ပါတယ်။

Source : Reader's Digest

Share

Loading Next Article...
က္က