ချစ်ခင်ရသူတိုင်းအတွက် အမှတ်တရ နေ့ရက်လေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ကျော်ကတည်းက စတင်ဆင်နွှဲခဲ့ကြတာပါ။
 

နှစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ရောက်လာတိုင်း ချစ်သူတွေက ရင်ခုန်ရပါတယ်။ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်တွေအပြန်အလှန်ပေးရင်း ချစ်ခြင်းမေတ္တာကို ပြသကြတာပါ။ နေရာအနှံ့မှာလည်း  အချစ်ငှက်လေးတွေကို မြင်ရပါလိမ့်မယ်။ Valentine's Day ကို ချစ်သူများနေ့ရယ်လို့လည်း ခေါ်တွင်ကြပါတယ်။ ဗယ်လင်တိုင်းနေ့ ဖြစ်လာပုံအစကတော့ အေဒီ ၂၇၀ ကျော်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

တတိယရာစုအတွင်းက အီတလီနိုင်ငံ၊ ရောမမြို့မှာ နေထိုင်ခဲ့တဲ့ ကတ်သလစ်ဘုန်းတော်ကြီး ဗယ်လန်တိုင်းဟာ ဆေးဝါးအတတ်ကိုလည်း တတ်ကျွမ်းသူပါ။ ထိုအချိန်က ရောမမြို့မှာ အင်ပါယာမင်း ကလောဒီရုစ်-၂ က အုပ်စိုးနေခဲ့ပါတယ်။ တိုင်းပြည်ချဲ့ထွင်ရေးကို လိုလားသူပီပီ ပြည်တွင်းကလူငယ်တွေကို စစ်တပ်ထဲဝင်စေခဲ့ပါတယ်။ လူငယ်တွေကို အိမ်ထောင်ပြုခွင့်မပေးဘဲ စစ်မှုထမ်းစေသလို ခရစ်ယာန်ဘုန်းတော်ကြီးတွေကိုလည်း စုံတွဲတွေကိုလက်ထပ်ပေးခြင်း မပြုဖို့တားမြစ်ခဲ့သူပါ။

 

ဘုန်းတော်ကြီးဗယ်လင်တိုင်းကတော့ မင်းမိန့်ကိုမနာခံဘဲ စုံတွဲတွေကို လက်ထပ်ထိမ်းမြားပေးနေခဲ့ပါတယ်။ ဒါကို ကလောဒီရုစ်-၂ က သိတဲ့အခါ ဘုန်းတော်ကြီးကို ထောင်သွင်းအကျဉ်းချထားလိုက်ပါတယ်။ အကျဉ်းကျနေစဉ်မှာတောင် ဘုန်းတော်ကြီးဗယ်လင်တိုင်းက ထောင်သားတစ်ဦးရဲ့သမီးဖြစ်သူကို ထိမ်းမြားပေးခဲ့ပြန်ပါတယ်။ အဲ့ဒီအမျိုးသမီးလေးရဲ့အမည်က ဂျူလီယာလို့ခေါ်တွင်ပြီး အမြင်အာရုံမရရှာသူပါ။ ဗယ်လင်တိုင်းကို ဘုရင်ကလောဒီရုစ်-၂ က သူ့အလိုအတိုင်းလိုက်နာပြီး ရောမနတ်ဘုရားတွေကိုသာ ကိုးကွယ်ဖို့ သိမ်းသွင်းခဲ့ပေမဲ့ မအောင်မြင်တဲ့အဆုံး အေဒီ ၂၇၀၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ခေါင်းဖြတ်ကွပ်မျက်လိုက်ပါတော့တယ်။

ဘုန်းတော်ကြီးဗယ်လင်တိုင်းဟာ ကွပ်မျက်မခံရမီမှာ ဂျူလီယာထံကို စာတိုလေးတစ်စောင်ပေးပို့ပြီး စာအဆုံးမှာ From Your Valentine လို့ ရေးထိုးခဲ့ပါတယ်။ ဗယ်လင်တိုင်းအမည်ထဲက ဗာလာ (Valar) ဆိုတာ ခွန်အားသတ္တိလို့ အဓိပ္ပာယ်ရပါတယ်။ ဘုန်းတော်ကြီးဗယ်လင်တိုင်းမရှိတော့တဲ့နောက်မှာ ချစ်သူစုံတွဲတွေက အမှတ်ရအောက်မေ့တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ရောက်တိုင်း Valentin's Day ကို ကျင်းပခဲ့တာပါ။ အချစ်ရေးအဆင်မပြေတာတွေ၊ ချစ်သူနဲ့ပေါင်းဖက်နိုင်ရေးတွေအတွက် စိန့်ဗယ်လင်တိုင်းထံမှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့လည်း ယုံကြည်ကြပါတယ်။

Share

Loading Next Article...
က္က