မကောင်းတာတွေတွေးတွေးပြီး ကိုယ့်ကိုယ်ကိုယ် ညှင်းပန်းနေရင် ပိုဆိုးလာနိုင်ပါတယ်။
 

ဘဝဆိုတာ လှည်းဘီးလို အမြဲတမ်းလည်ပတ်နေတဲ့အရာ၊ နိမ့်လိုက် မြင့်လိုက်နဲ့ပေါ့။ ပျော်စရာတွေရှိသလို စိတ်ဆင်းရဲစရာတွေနဲ့လည်း ကြုံရတာပါပဲ။ အဲ့ဒီလို စိတ်ဆင်းရဲစရာတွေကြုံလာတဲ့အခါ အချိန်မီ မဖြေရှင်းနိုင်ဘူးဆိုရင် စိတ်ကျရောဂါ ဝင်လာတတ်ပါတယ်။ ဒီလိုမျိုး မဖြစ်ရအောင် စိတ်ကျရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရာ အချက်အလက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။ ဆင်ခြင် ပြုပြင်ပြီး ဘဝကို ခွန်အားရှိရှိနဲ့ ရှေ့ဆက်ကြပါစို့...

၁။ လေ့ကျင့်ခန်းမလုပ်ခြင်း

နေ့စဉ် ပြုမူဆောင်ရွက်မှုတွေဟာ စိတ်နဲ့ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းဖြစ်တဲ့ ပြေးတာ၊ စက်ဘီးစီးတာ၊ ကိုယ်လက်လှုပ်ရှားတာ၊ လမ်းလျှောက်တာ၊ ကြက်တောင်ရိုက်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပါ။ ပြီးတော့ စိတ်လေ့ကျင့်ခန်းလဲ လုပ်ပေးပါဦး။ စိတ်ကို အနားယူပါ။ အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ပါ။

 

၂။ မှားယွင်းတဲ့ ကိုယ်အလေးချိန်လျှော့ချမှု

အစားအသောက်ကို မှန်ကန်စွာ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကို ကျန်းမာစေရုံသာမကဘဲ စိတ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများတဲ့ ကိုယ်အလေးချိန်လျှော့ချမှု နည်းလမ်းဆိုးတွေဟာ စိတ်ကျရောဂါဖြစ်စေနိုင်ပါတယ်။ အစား လုံးဝမစားဘဲ နေခြင်းထက် အစားကို သင့်တင့်မျှတအောင် မှန်ကန်အောင် စားသုံးတာကသာလျှင် ကိုယ်နဲ့စိတ်ကို ကျန်းမာစေပါလိမ့်မယ်။

၃။ ပုံမှန်မဟုတ်သော အိပ်စက်မှုနှင့် စိတ်ဖိစီးမှု

လူတစ်ယောက်ရဲ့ အိပ်ချိန်ဟာ တစ်နေ့ကို အနည်းဆုံး ၆ နာရီလောက်တော့ ရှိသင့်ပါတယ်။ အိပ်ရေးမဝခြင်းဟာ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေနိုင်လို့ အိပ်ရေးဝဖို့ အရေးကြီးပါတယ်။ အိပ်တဲ့အခါ တောက်လျှောက် အိပ်စက်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ အိပ်ချိန်ကို ခွဲပြီး အိပ်စက်တာမျိုး (ဥပမာ ၂နာရီအိပ် လေးနာရီအလုပ်လုပ် ၂နာရီ ပြန်အိပ်တာမျိုး)ဟာ အလွန်အန္တရာယ်များပါတယ်။ စိတ်ဖိစီးမှုတွေကို ဆုပ်ကိုင်မထားပါနဲ့။ လျှော့ချပါ။ ဖြေရှင်းပါ။ ဒီလိုမှမဟုတ်ရင် လွှတ်ချပစ်လိုက်ပါ။

 

၄။ တစ်ယောက်တည်းနေခြင်း

လူဆိုတာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ နေတာပါ။ ကိုယ့်ပတ်ဝန်းကျင်ကို မကြိုက်ဘူးဆိုရင် ပြောင်းလဲပစ်လိုက်ပါ။ မပြောင်းလဲနိုင်ဘူးဆိုရင် လိုက်လျောညီထွေဖြစ်အောင် နေပါ။ တစ်ကိုယ်တည်း အခန်းတံခါးပိတ်နေတတ်ခြင်းဟာ အကျင့်ကောင်းတစ်ခု မဟုတ်ပါဘူး။ ပူးပေါင်းလုပ်ဆောင်မှုတွေဟာ သင့်ကို သွက်လက်တက်ကြွစေပြီး စိတ်ခွန်အားပေးနိုင်ပါတယ်။ တစ်ယောက်တည်းမနေပါနဲ့။ အထူးသဖြင့် စိတ်ဓါတ်ကျနေချိန်မှာ ပိုပြီးတော့မနေပါနဲ့။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ စကားပြောပါ။

၅။ မှားယွင်းတဲ့အတွေးတွေ

စိတ်မကောင်းစရာတွေကို ခနခန ပြန်တွေးမနေပါနဲ့။ အပျက်သဘောဆန်တဲ့ အတွေးတွေဟာ စိတ်ကျရောဂါဖြစ်စေနိုင်တဲ့ အဓိကအချက်ပါပဲ။ ဖြစ်ပြီးခဲ့တာတွေကို အချိန်ကာလတစ်ခုစာပဲ ဝမ်းနည်းလိုက်ပါ။ ငိုစရာရှိရင် အားရအောင်ငိုလိုက်ပါ။ ပြီးရင်တော့ လုပ်စရာရှိတာတွေ ဆက်လုပ်ပါတော့။ မကောင်းတာတွေတွေးတွေးပြီး ကိုယ့်ကိုယ်ကို စိတ်ညစ်မခံပါနဲ့။ ဘဝထဲက ဆိုးရွားမှုတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။

လူတိုင်းမှာ စိတ်ပင်ပန်းစရာတွေ ရှိနေတတ်ပါတယ်။ ဒီကမ္ဘာကြီးမှာ မဖြေရှင်းနိုင်တဲ့ ဒုက္ခတွေ တစ်ပုံကြီးပါ။ အဲ့တာတွေကို ထပ်တလဲလဲတွေးမနေဖို့ လိုပါတယ်။ ကိုယ့်အနားမှာရှိတဲ့လူတွေနဲ့ အချိန်ကို တန်ဖိုးရှိရှိအသုံးချပါ။ သူတို့က သင့်စိတ်ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။  သင်က ပြဿနာတွေ ဒုက္ခတွေ စိတ်ပင်ပန်းမှုတွေကို မလိုချင်ဘူးဆိုရင် ဆုပ်ကိုင်မထားပါနဲ့။ သင်ကိုယ်တိုင်ကမှ မပြုံးချင်ဘူးဆိုရင် ပျော်စရာတွေက သင့်ဆီ ဘယ်လိုလုပ်လာနိုင်ပါတော့မလဲ။

Share

Loading Next Article...
က္က