ကိုယ့်ကို မွေးဖွားခဲ့တဲ့ အချိန်ဟာ ကိုယ့်စိတ်နေစိတ်ထားနဲ့လည်း ဆက်စပ်နေပါတယ်။
 

ရာသီဥတု၊ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ခံစားချက်တွေ ပြောင်းလဲတတ်ပါတယ်။ ရာသီဥတု ပူနေရင် စိတ်ရှုပ်တာမျိုး၊ သာယာတဲ့ပန်းခြံထဲမှာ အေးအေးလူလူ လမ်းလျှောက်နေတဲ့အခါ စိတ်ခံစားချက်လေးက ကောင်းနေရောလေ။ ကိုယ့်ကို မွေးဖွားခဲ့တဲ့ အချိန်ဟာ ကိုယ့်စိတ်နေစိတ်ထားနဲ့လည်း ဆက်စပ်နေပါတယ်။ သင့်ကိုရော ဘယ်အချိန်မှာ မွေးဖွားခဲ့တာလဲ?

၁။ မနက်ပိုင်း

မနက်ပိုင်းဆိုတော့ အပူချိန်ကလည်း နည်းတယ်။ ဆူညံသံတွေလည်း နည်းပါးပြီး အေးအေးဆေးဆေးဖြစ်ဆုံးအချိန်ပေါ့။ ဒီအချိန်မှာ မွေးခဲ့သူတွေဟာ အများအားဖြင့်တော့ စိတ်ရှင်းရှင်းထားတတ်ကြသူတွေပါ။ စိတ်ဆိုးတာတွေ စိတ်ကောက်တွေ မရှိဘူး။ အနေအေးပြီး စကားနည်းတယ်။ ပြောတဲ့စကားလည်း တည်တယ်။ အပေါင်းအသင်းအများကြီးမရှိပေမဲ့ ရှိစုမဲ့စု အပေါင်းအသင်းတွေ အနိုင်ကျင့်သမျှ ခံတတ်ကြတယ်။ အချစ်ရေးမှာ သစ္စာတရားကြီးမားတယ်။ အလုပ်ကြိုးစားကြသူတွေဖြစ်ပါတယ်။

 

၂။ နေ့လယ်ပိုင်း

လူတွေ လှုပ်ရှားမှုအများဆုံးအချိန်ပေါ့။ ဘယ်နေရာကြည့်ကြည့် အလုပ်များနေကြတယ်။ နေ့လယ်ပိုင်းမှာ မွေးဖွားလာသူတွေဟာ သွက်လက်တက်ကြွကြပါတယ်။ ထက်မြက်တယ်၊ စိတ်တိုလွယ်တယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေလည်း ဖြစ်နေကြတယ်။ သူငယ်ချင်းတွေထဲမှာတော့ ကိုယ်က အထင်ပေါ်ဆုံးပဲ။ ချစ်သူအပေါ် အရမ်းချစ်တတ်ကြပေမဲ့ အချစ်ရေးမှာတော့ ပျော်ရွှင်ရတာ ရှားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိသူလည်း ဖြစ်ပါတယ်။

 

၃။ ညနေခင်း

နေဝင်ချိန် ဆည်းဆာက အေးမြပြီး လွမ်းမောစရာကောင်းတယ်လေ။ အလုပ်လုပ်ရတဲ့ လူတွေလည်း မောပန်းနွမ်းနယ်နေကြပြီ။ ညနေခင်းပိုင်းမှာ မွေးလာသူတွေက ဆည်းဆာလိုပဲ အဆွေးဓာတ်ခံ ရှိကြတယ်။ ဆုံးဖြတ်ချက်ချဖို့ နှေးတယ်။ ပညာရေးမှာ အရမ်းကြီးထူးချွန်တာမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ လူချစ်လူခင် ပေါတယ်။ စိတ်ကူးတွေယဉ်တတ်လွန်းတော့ ချစ်သူနဲ့ လွဲရတယ်။ ကိုယ့်ကိုအသည်းခွဲမယ့်လူကိုချည်း ချစ်မိတတ်ကြတယ်။

 

၄။ ညဦးပိုင်း

စိတ်ကောက်တတ်သူလေးတွေ မေးကြည့်ပါဦး။ ဘယ်အချိန်မှာ မွေးလာတာလဲလို့။ များသောအားဖြင့် ညဦးပိုင်းမွေးတဲ့လူတွေက ကောက်တေးလေးတွေ။ စပ်စပ်စုစုနိုင်တော့ ဗဟုသုတလည်းကြွယ်တယ်။ တစ်ခုခုဆိုလည်း လွယ်လွယ်နဲ့ အလိုမကျတတ်ဘူး။ စိတ်ဖိစီးမှုဒဏ်ကို အများကြီးမခံနိုင်သူတွေ။ သူငယ်ချင်းအများကြီးမရှိပေမဲ့ ရှိတဲ့သူငယ်ချင်းတွေကိုတော့ အသေခင်တာ။ အချစ်ရေးမှာတော့ ကိုယ်လည်းချစ် ကိုယ့်ကိုလည်းချစ်သူနဲ့ ဖူးစာဆုံတတ်ကြပါတယ်။

 

၅။ သန်းခေါင်ယံ

ညဉ့်နက် သန်းခေါင်ယံဝန်းကျင်မှာ မွေးဖွားလာသူတွေရဲ့စိတ်က အစွန်းရောက်တတ်ပါတယ်။ ချစ်ရင်လည်း အရမ်းချစ်ပြီး မုန်းရင်လည်း အရမ်းမုန်းတာမျိုး။ တစ်ခါတစ်လေမှာ စိတ်ကူးတွေယဉ်နေပေမဲ့ တစ်ခါတစ်လေကျပြန်တော့ လုပ်ချင်တာကို တဇွတ်ထိုးလုပ်ပစ်ကြပြန်ရော။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ ပျင်းတဲ့စိတ်လေး ရှိပေမဲ့ အကွက်မြင်သူတွေဆိုတော့ အောင်မြင်မှုကို ရအောင်ယူနိုင်တယ်။ ချစ်သူအပေါ် အနိုင်ရချင်တဲ့စိတ်အခံလေးလည်း ရှိကြပါတယ်။

Share

Loading Next Article...
က္က