ကိုယ့်အကြောင်းကိုယ်သိတယ်... ဒါပေမဲ့ ပြင်မရဘူး။

စကားပြောကောင်းတယ်၊ ပွင့်လင်းတယ်၊ ပေါင်းရသင်းရသင်းရကောင်းလို့ လူချစ်လူခင်များတယ်ဆိုတဲ့ ဂုဏ်ပုဒ်က ပွင့်ပွင့်လင်းလင်း နေထိုင်တတ်သူတွေမှာပဲ တွေ့ရတတ်တာ။ သူတို့နဲ့တွေ့ရတာ စိတ်ညစ်စရာမကောင်းဘူး။ ကောက်ကျစ်တာတွေလည်းမရှိတော့ စိတ်ဖြောင့်ဖြောင့်ပေါင်းလို့ရတယ်။ ပြောစရာရှိလည်း ဒဲ့ပြောလိုက်ကြတာပဲ။ သူတို့ကိုကြည့်ရတာ ပျော်နေပုံရပေမဲ့ သူတို့မှာလည်း သူတို့ဒုက္ခနဲ့သူတို့ ရှိကြသတဲ့။

 

၁။ ကြိုတင်စီစဉ်ထားတာတွေ ဖြစ်မလာဘူးဆိုရင် အကြီးအကျယ် ဝမ်းနည်းတတ်ကြတယ်။ သေသေချာချာ ပြင်ဆင်ထားသူဆိုတော့ စီစဉ်ထားပြီးမှ ဖျက်လိုက်ရရင် အပီအပြင်ကြေကွဲပြီပဲ။

၂။ ဘော်ဒါတွေနဲ့ပဲ နေချင်တယ်။ ကိုယ်တိုင်ကလည်း အပေါင်းအသင်းမက်သူဆိုတော့ ဘာပဲလုပ်လုပ် သူငယ်ချင်းတွေကို ခေါ်လိုက်ရမှ။ သူတို့ဘက်က ငြင်းလွှတ်ရင် ကိုယ့်မှာ ဝမ်းနည်းမဆုံးဘူး။

၃။ စကားတစ်ခွန်းပြောဖို့ စဉ်းစားမနေဘူး။ လွှတ်ခနဲပြောမိတယ်။ မပြောသင့်တဲ့စကားတွေပါ လွယ်လွယ်ပြောမိရော။

၄။ လူတွေအာရုံစိုက်တာ ခံရလွန်းတော့ တစ်ခါတစ်ခါ ရှက်မိပါရဲ့။ ကိုယ်ကလည်း လူကြားထဲရောက်ပြီဆို အငြိမ်နေတာမဟုတ်တော့ ကိုယ့်ပဲလိုက်ကြည့်နေ၊ ပြောနေကြတာလေ။

၅။ ပစ္စည်း၊ ငွေ၊ အချိန်၊ ခံစားချက် ဘာဆိုဘာမှချန်မထားဘူး။ ဘော်ဒါတွေနဲ့အတူ မျှဝေလွန်းလို့ခက်ရတယ်။ ကိုယ်လိုတဲ့အချိန် ပြန်မရနိုင်တာ ဆိုးတယ်မဟုတ်လား။

 

၆။ ဘယ်အဖွဲ့မှာဖြစ်ဖြစ် လူစည်ကားအောင်လုပ်ပေးဖို့ဆို ကိုယ့်ကိုပဲ တာဝန်ပေးကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်လုပ်ဖို့ကို ဘယ်သူကမှ အာရုံနောက်မခံချင်ဘူး။ ကိုယ်ကသာ ပါလေရာငပိချက်ဖြစ်နေလို့ တာဝန်ပေးကြတာ။

၇။ ဖေ့စ်ဘွတ်နဲ့ ဗိုင်ဘာက ဂရုတွေမှာ ကိုယ်က အဒ်မင်။ ဂရုတွေဆို အများကြီးပဲ။ အမှန်တော့ ကိုယ်က သိပ်ပြီး အားလျားနေပုံရလို့ အဒ်မင်လုပ်ခိုင်းထားတာပါ။ ဘာဖြစ်လာသလဲဆိုရင် ကိုယ့်အလုပ်တွေပစ်ပြီး အဲ့ဒီဂရုတွေကိုပဲ အချိန်ပေးမိသွားတယ်။

၈။ ဘယ်နေရာမှာ ဘာဖြစ်နေသလဲဆိုတာလည်း စပ်စုလိုက်ရမှ။ ဖေ့စ်ဘွတ်ပေါ်က ရန်ပွဲမှန်သမျှ မသိလိုက်ရဘူးဆိုတာမရှိ။ အပြင်မှာ လူချင်းဆုံတဲ့ပွဲတိုင်းကိုလည်း မလွတ်စေရတဲ့ ပွဲကြိုက်ခင်/ပွဲကြိုက်မောင်တွေလည်း ဖြစ်နေပြန်တယ်။

 

၉။ စကားပြောရင် အားပါးတရပြောတော့ အသံကပါ ကျယ်သလိုဖြစ်လာတယ်။ မခံနိုင်တဲ့လူက ထဆဲတော့လည်း ခံလိုက်ရပြန်ရော။ လျှာရှည်ခြင်းရဲ့ ကောင်းကျိုးတွေပေါ့။

၁၀။ အပေါ်မှာ ဖြစ်နေတာတွေရော ဒီ့ထက်ပိုဆိုးတာတွေရော ကိုယ်က မကြုံချင်ဘူး။ ကိုယ်ခံစားနေရတာ ဖြစ်နေတာတွေအားလုံးကို မကြိုက်လို့ ပြောင်းလဲချင်ပေမဲ့ ကိုယ့်အကျင့်စရိုက်ကိုက ပွင့်ပွင့်လင်းလင်းသမားလေ။ ဘယ်တော့မှ ပြင်လို့မရတာကိုလည်း တစ်ခါတစ်ခါ စိတ်ပျက်မိပါတယ်။

Source : Huffpost

Share

Loading Next Article...
က္က