ကိုယ့်ရဲ့ကောင်မလေး ကိုယ့်အပေါ်ခံစားချက်တွေပြောင်းလဲနေပြီလား သိချင်ကြမှာပါပဲ။


ခင်ဗျားမှာချစ်သူကောင်မလေးတစ်ယောက်ရှိပြီး ခင်ဗျားရဲ့အချိန်တွေ၊ ငွေတွေ၊ ခံစားချက်တွေကိုမြှပ်နှံပြီး Relationship တစ်ခုကိုတည်ဆောက်ခဲ့တယ်ဆိုပါစို့။ သူကလည်းခင်ဗျားကိုချစ်တယ်။ ခင်ဗျားကလည်းသူ့ကိုချစ်တယ်။ အသိုင်းအဝိုင်းကလည်း ခင်ဗျားတို့နှစ်ယောက်ကို ချစ်သူတွေအဖြစ်အသိအမှတ်ပြုထားကြတယ်ဆိုပါစို့။ ဒါပေမယ့်အချိန်တွေကြာလာတာနဲ့အမျှ ခင်ဗျားတို့ကြားက မမြင်နိုင်၊ မတွေ့မထိနိုင်တဲ့အသေးအဖွဲအရာလေးတွေက ပြောင်းလဲလာတယ်လို့ခံစားလာရမယ်။ သူ့ရဲ့ခံစားချက်တွေကလည်း အေးစက်လာတယ်လို့ခံစားလာရမယ်။ ဒါပေမယ့် ဘာတွေဖြစ်နေတယ်ဆိုတာကိုလည်း ခင်ဗျား တပ်အပ်မပြောနိုင်ဘူး။ ဒါဆိုရင်တော့ ခင်ဗျားရဲ့ချစ်သူကောင်မလေး ခင်ဗျားအပေါ်ထားတဲ့ခံစားချက်တွေ ပြောင်းလဲသွားရင်ဖြစ်တတ်တဲ့ အရာလေးတွေကို ဖတ်ကြည့်လိုက်ရအောင်။
၁။ ဖုန်းတွေ၊ မတ်ဆေ့ချ်တွေပြန်ဖြေဖို့ အချိန်တွေပိုကြာလာတယ်



အရင်တုံးကဆို ခင်ဗျားဖုန်းတွေကိုသူမျှော်ပါတယ်။ အလုပ်တွေများနေလို့ဖုန်းမဆက်မိရင်တောင် စိတ်ကောက်ကြောင်းဖော်ပြပါတယ်။ ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ ခင်ဗျားဖုန်းခေါ်ရင်တောင် တစ်ကြိမ်တည်းနဲ့မကိုင်တော့ပါဘူး။ တစ်ခါတလေ missed call တွေအများကြီးတွေ့မှ ပြန်ခေါ်တာမျိုးတွေဖြစ်လာပါတယ်။ မတ်ဆေ့ချ်တွေကိုလည်းတွေ့တွေ့ချင်းပြန်မပို့တော့ပါဘူး။ တမေ့တမောကြာမှ Shortcut လေးတွေ၊ emoji လေးတွေပဲပြန်ပို့ပါတော့တယ်။ ဖုန်းပြောနေရင်းလည်း စိတ်မပါလက်မပါဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့မစိုးရိမ်ပါနဲ့ဦး။ ဒါဟာသူ့ရဲ့တနေ့တာအစီအစဉ်ဟာ ကမောက်ကမတွေ၊ အဆင်မပြေတာတွေဖြစ်ခဲ့လို့လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် အထက်ဖော်ပြပါပုံစံအတိုင်း နေ့စဉ်ရက်ဆက်ဖြစ်နေပြီဆိုရင်တော့ ခင်ဗျားသတိထားသင့်ပါပြီ။ ဖြစ်နိုင်ခြေက (၂)မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ သူကခင်ဗျားရဲ့ဖုန်းတွေ၊ မတ်ဆေ့ချ်တွေကိုအချိန်မှန်မှန် ပြန်မဖြေတော့ပါဘူး။ ပြီးရင်ထုံးစံအတိုင်း ဆင်ခြေတွေကိုပဲပေးပါလိမ့်မယ်။ သူ့ရဲ့ဆင်ခြေတွေက တုံ့ဆိုင်းနေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့ရဲ့အကြောင်းပြချက်တွေကို ခင်ဗျားမယုံကြည်သလိုခံစားရတာပဲဖြစ်ဖြစ် ဖြစ်လာရင်တော့ တကယ်ဟုတ်မဟုတ် စုံစမ်းကြည့်သင့်ပါတယ်။ စုံစမ်းကြည့်လို့မှန်နေရင်တော့ ဘာမှစိတ်ပူနေစရာမလိုတော့ဘူးပေါ့။ ဒါပေမယ့် သူ့ရဲ့တုံ့ပြန်မှုတွေ စိတ်မပါ လက်မပါဖြစ်နေပြီ။ နောက်ပြီးကျေနပ်လောက်တဲ့အကြောင်းပြချက်ကိုလည်းမပေးနိုင်တော့ဘူး ဆိုရင်တော့ အေးအေးဆေးဆေးတိုင်ပင်ဆွေးနွေးပြီး ဘာဆက်လုပ်ကြမလဲ ဆိုတာကို မေးမြန်းသင့်ပါပြီ။

၂။ ကိုယ့်ထက် တခြားအရာတွေပိုဦးစားပေးလာပါတယ်

လူတိုင်း လူတိုင်းမှာဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စတွေရှိပါတယ်။ ဥပမာ... အလုပ်၊ မိသားစု၊ ကျန်းမာရေးစသဖြင့်ပေါ့။ ဒါပေမယ့် အဲဒီအရေးကြီးဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စတွေကလွဲရင်တော့ သူ့ရဲ့ချစ်သူဖြစ်တဲ့ ခင်ဗျားဟာ သူ့ဘဝရဲ့အရေးကြီးဦးစားပေးစာရင်းထဲမှာ ပါဝင်နေသင့်ပါတယ်။ ဒါပေမယ့် ခင်ဗျားနဲ့တွေ့ဖို့ချိန်းထားပြီးမှ ကောက်ဖျက်လိုက်တဲ့အကြိမ်ရေတွေ ပိုများလာတာတို့၊ အစောကတည်းက ခင်ဗျားနဲ့တွေ့ဖို့ထက် သူများတွေနဲ့တွေ့ဖို့ကို ပိုဦးစားပေးနေပြီဆိုရင်တော့ ဒါဟာမီးနီမသိမသာပြလိုက်တာပါပဲ။ ဒါပေမယ့် အရမ်းကြီးတော့မစိုးရိမ်ပါနဲ့ဦး။ လူတိုင်း လူတိုင်းမှာ social life (လူမှုရေး) ဆိုတာရှိပါတယ်။ ခင်ဗျားတွဲနေတဲ့ကောင်မလေးက social ကောင်းလွန်းတဲ့မိန်းကလေးတစ်ယောက် (အပေါင်းအသင်းမိတ်ဆွေများလွန်းရင်) သူမရဲ့အချိန်တွေကို ခင်ဗျားအတွက် သိပ်မပေးနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတော့ ခင်ဗျားကောင်မလေးဆီမှာ ဒီဆောင်းပါးထဲမှာပါတဲ့တခြားအချက်တွေကိုမတွေ့ရဘဲ ဒီတစ်ချက်ထဲတွေ့ရမယ်ဆိုရင်တော့ သိပ်စိုးရိမ်စရာမရှိသေးပါဘူး။

၃။ သူ့ရဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ခင်ဗျားကိုမိတ်ဆက်မပေးဘူး

မိန်းကလေးတွေက ကိုယ်တကယ်ချစ်မြတ်နိုးတဲ့ယောကျ်ားကို ပေါ်တင်ပဲတွဲချင်ကြပါတယ်။ (Silent တွဲနေပြီဆိုရင်လည်း သူတကယ်ချစ်တဲ့ယောကျ်ားကိုတွေ့တဲ့တနေ့ ကိုယ့်ကိုခေါက်ခဲ့မှာပါပဲ။) ဒီတော့ ခင်ဗျားကို တစ်ဘဝလုံးစာအတွက်ရည်မှန်းထားတယ်ဆိုရင် သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးမှာပါ။ တစ်ခုတော့ရှိပါတယ်။ တွဲတာသိပ်မကြာသေးတဲ့ Relationship တစ်ခုမှာတော့ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းမသိရသေးခင် သူ့ရဲ့ inner circle (မိသားစုစက်ဝိုင်း) ထဲကိုတော့ဆွဲထည့်ဦးမှာမဟုတ်ပါဘူး။ ဒါပေမယ့် တွဲလာတာလည်းကြာပြီ။ တစ်ယောက်အကြောင်း တစ်ယောက်လည်းကောင်းကောင်းသိပြီဆိုရင်တော့ အချိန်တစ်ခုကြာရင် သူ့ရဲ့မိသားစုနဲ့ဆုံပေးသင့်ပါပြီ။ ဒီလိုမှမဟုတ်ရင်တော့ သူဟာ ခင်ဗျားတို့နှစ်ယောက်ရဲ့ relationship ကိုနောက်တစ်ဆင့်တက်ဖို့ မစဉ်းစားထားပါဘူး။

၄။ လက်ကိုင်တာတွေ၊ ပွေ့ဖက်တာတွေကိုငြင်းပယ်လာပါလိမ့်မယ်



(၂၁) ရာစုကြီးထဲမှာ စုံတွဲရယ်လို့ဖြစ်လာရင် တွဲသွားတွဲလာလုပ်ကြတဲ့အခါ လက်တွဲသွားတာတို့၊ ပုခုံးဖက်တာတို့က ပုံမှန်ပါပဲ။ ဒါဟာနှစ်ယောက်ကြားကရင်းနှီးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာမှီခိုလိုမှုကို ဖော်ပြပါတယ်။ ဒီလိုမဟုတ်တော့ဘဲ နှစ်ယောက်အတူရှိနေချိန်တိုင်း လက်တွဲသွားဖို့ကိုငြင်းပယ်တာတို့၊ ကော်ဖီဆိုင်အတူထိုင်နေရင်း ပုခုံးသွားဖက်ရင်ပုတ်ချတာတို့ လုပ်လာပြီဆိုရင်တော့ (စိတ်ကောက်နေတာမဟုတ်ရင်) သူ့ရဲ့ စိတ်သဘောထားကိုအသံတိတ်ဖော်ပြနေတာပါပဲ။ ဒီနေရာမှာတစ်ခုမှတ်ထားရမှာက စတွဲကတည်းကဒီလိုရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမျိုးကို လူမြင်ကွင်းမှာမလုပ်လိုဘူးလို့ ငြင်းပယ်ထားတဲ့ မိန်းကလေးတွေ ရှိကောင်း ရှိနိုင်ပါတယ်။ အဲဒီလိုမိန်းကလေးတွေကျတော့ အရှက်အကြောက်ကြီးပြီး သူ့ရဲ့အိမ်နဲ့မိသားစုကတွေ့သွားမှာစိုးရိမ်လို့ လူမြင်ကွင်းမှာတွဲမသွားလိုတာဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးမဟုတ်ဘဲ တွဲကာစကအကောင်း၊ နောက်မှ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေကိုငြင်းဆန်လာမယ်ဆိုရင်တော့ ဒါဟာခင်ဗျားကိုဖြတ်ချင်တဲ့လက္ခဏာတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

၅။ အနာဂတ်ကြီးတစ်ခုလုံး ပျောက်ဆုံးလာမယ်

အတွဲတွေကြားမှာ တစ်ချိန်ကျရင်ဘာလုပ်မယ်ဆိုပြီး ကြိုတင်ပြောဆိုစိတ်ကူးထားတာတွေရှိတတ်ကြပါတယ်။ ဥပမာ... နှစ်ပတ်လည်နေ့ရောက်ရင် ခရီးတူတူထွက်မယ်။ အကောင်းဆုံးဟိုတယ်မှာတည်းပြီး ဒေသအစားအစာတွေကိုလျှောက်စားမယ် စသည်ဖြင့်ပေါ့။ ဒီလိုလေးတွေအနာဂတ်စီမံကိန်းချတာကိုက Relationship တစ်ခုအတွက်သံယောဇဉ်ကိုခိုင်မြဲစေပါတယ်။ ဒီလိုမဟုတ်တော့ဘဲ သူ့မှာတွေဝေစရာတွေ ရှိလာပြီဆိုရင်တော့ ခင်ဗျားတို့နှစ်ယောက်ကြားက အနာဂတ်စီမံကိန်းအကြောင်းပြောဖို့အခွင့်အလမ်းလေးတွေ လျော့နည်းလာပါလိမ့်မယ်။ ဒီလိုနဲ့ခင်ဗျားတို့ကြားက အမှတ်ရစရာအချိန်လေးတွေ လျော့နည်းလာပြီး ပတ်သက်မှုကလည်း အပျက်ဘက်ကိုဦးတည်လာပါလိမ့်မယ်။



Source: Get-a-wingman

Share

Loading Next Article...
က္က