ကလေး (၂) ယောက်ယူဖို့စိတ်ကူးထားတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အသက်သိပ်မကွာစေတာက ဒီလိုအကျိုးကျေးဇူးတွေ ရစေနိုင်ပါတယ်။


သားသမီးယူရင် (၂) နှစ်ခြားတစ်ခါလောက်ယူနိုင်ရင်အကောင်းဆုံးပါပဲ။ တစ်ယောက်ယူပြီး နောက်တစ်ယောက်ထပ်ယူမယ်လို့ စိတ်ကူးထားရင်ပေါ့။ ဘာလို့လဲဆိုတော့ အသက်သိပ်မကွာတဲ့ ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် ပိုုမိုနီးကပ်လို့ပါပဲ။ ဒီခေတ်ကြီးက ဒစ်ဂျစ်တယ်နည်းပညာခေတ်ကြီးဆိုတော့ ပြောင်းလဲမှုတွေကလည်း အရမ်းမြန်ဆန်ပါတယ်။ ကလေးတွေအသက်အရမ်းကွာရင် Generation Gap လို့ခေါ်တဲ့ မျိုးဆက်ကွာဟမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီအချိန်မှာ ကလေးတွေတစ်ယောက်နဲ့တစ်ယောက် မတည့်ကြတော့ မိဘတွေလည်းစိတ်ညစ်ရပါတယ်။ အောက်မှာ ကလေးယူရင် တစ်ယောက်ယူပြီးတာနဲ့ နှစ်သိပ်မခွာဘဲ နောက်တစ်ယောက်ဘာကြောင့်ယူသင့်သလဲဆိုတော့....
၁။ ကလေးအချင်းချင်း စည်းလုံးမှုပိုစေပါတယ်

 

အသက်သိပ်မကွာတဲ့ကလေးလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် စည်းလုံုးကြပါတယ်။ အငယ်လေးတွေက သူတို့ရဲ့အစ်ကို၊ အစ်မလုပ်သမျှလိုက်လုပ်ရတာကို နှစ်သက်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရံဖန်ရံခါရန်ဖြစ်တတ်ကြပေမယ့် အဲဒီလိုရန်ဖြစ်တာကပဲ သူတို့လေးတွေကို ပိုမိုစည်းလုံးစေပါတယ်။ သူတို့လေးတွေဟာ အချစ်ဆုံးသူငယ်ချင်းတွေလည်း ဖြစ်ကြပြီး တစ်ယောက်လုပ်သမျှ တစ်ယောက်ကိုတိုင်ပင်တတ်ကြပါတယ်။ ကိုယ့်သားသမီးလေးတွေ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးဖြစ်နေကြတာကို မြင်ရတာကိုက မိဘတွေအတွက် နှလုံးပီတိ ဂွမ်းဆီထိ သလိုပါပဲ။

၂။ ငွေရေးကြေးရေး

 

ကလေးတစ်ယောက်မွေးတယ်ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ သူတို့လေးတွေအတွက် ကုန်ကျစရိတ်ကို ခန့်မှန်းပြင်ဆင်ထားနိုင်မှ တော်ကာကျပါတယ်။ ဒါတောင် ပိုက်ဆံက ဘယ်ကနေဘယ်လို ကုန်လို့ကုန်သွားမှန်းမသိတာတွေလည်း ရှိတတ်ပါတယ်။ ပထမကလေးတစ်ယောက်မွေးပြီးရင် ကလေးတစ်ယောက်အတွက် ပျမ်းမျှကုန်ကျစရိတ်ဘယ်လောက်ရှိတယ်ဆိုတာကို သိနေပြီဆိုတော့ နောက်တစ်ယောက်မှာ ငွေရေးကြေးရေးတိုင်မပတ်တော့ပါဘူး။ နောက်ပြီး ပထမကလေး ငယ်ငယ်တုံးကသုံးခဲ့တဲ့ ကလေးအသုံးအဆောင်ပစ္စည်းလေးတွေကလည်း သိပ်မဟောင်းသေးတော့ ဒုတိယ ကလေးအလှည့်မှာ ပြန်သုံးလို့ရပါတယ်။ ဒါကြောင့် ကလေး (၂) ယောက် အသက်မကွာတာက ငွေရေးကြေးရေးကိုလည်း သက်သာစေပါတယ်။

၃။ အမေပါးဝနေပြီ

ပထမကလေးမွေးတုံးကတော့ မိဘလုပ်ရတာမလွယ်ပါဘူး။ အထူးသဖြင့် အမေတွေပေါ့။ ကလေးတစ်ယောက်ကို ဘယ်လိုပြုထောင်ရမလဲ ကောင်းကောင်းမသိသေးချိန်ဆိုတော့ တလွဲတွေလည်း လုပ်မိမှာပါပဲ။ ဒီလိုနဲ့ပဲ လုပ်ရင်းကိုင်ရင်းနဲ့ မိခင်တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိသွားတာပါပဲ။ ကလေး (၂) ယောက်အသက်မကွာရင် ပထမကလေးတုံးက လုပ်ဖူးကိုင်ဖူးထားတာ တွေကိုလည်း မမေ့သေးတော့ ဒုတိယကလေးမှာ အမှားအယွင်းနည်းတာပေါ့။

၄။ ဝေယျာဝစ္စလုပ်ရသက်သာတယ်

 

တစ်ယောက်နဲ့တစ်ယောက် နီးကပ်ရင်းနှီးတဲ့ ကလေးလေးတွေဟာ ဘာမဆိုတူတူလုပ်ရတာကို နှစ်သက်ကြပါတယ်။ ရေချိုးရင်လည်း တူတူချိုးချင်တယ်။ အစာ စားရင်လည်း တူတူစားချင်တယ်။ အရုပ်တွေနဲ့ဆော့ရင်လည်း တူတူဆော့ချင်တယ်။ တစ်ယောက်နဲ့တစ်ယောက် နီးကပ်ရင်းနှီးတဲ့ ညီအစ်ကိုမောင်နှမလေးတွေဆိုရင် ဘာမဆိုတူတူလုပ်ကြတော့ မိဘတွေအနေနဲ့ ဝေယျာဝစ္စ လုပ်ပေးဖို့ အချိန်ကုန်သက်သာစေပါတယ်။ ကလေးလေးတွေက အသက်ကွာရင် တစ်ယောက်ချင်းစီကို ဝေယျာဝစ္စလုပ်ပေးရတဲ့အချိန်ကလည်း မတူညီတော့ မိဘတွေ ပိုပင်ပန်းရပါတယ်။

Source: Lifeasmama

Share

Loading Next Article...
က္က