ကိုယ်လေးစားအားကျရတဲ့ အမျိုးသမီးတွေဆီမှာ ဒါတွေတွေ့ရလိမ့်မယ်။

လူတိုင်းမှာ ကိုယ့်ရဲ့ဘဝကို ဘယ်လိုဖြစ်ချင်ကြသလဲဆိုတဲ့ စိတ်ကူးတွေရှိကြပါတယ်။ တချို့ကတော့ ကိုယ့်ဘဝလမ်းကြောင်းကို ကောင်းကောင်းမွန်မွန်လျှောက်လှမ်းနိုင်တယ်။ တချို့ကတော့ အလွဲလွဲအချော်ချော်တွေနဲ့။ ဘဝခရီးကို လျှောက်တဲ့အခါ ရဲရင့်ပြတ်သားတဲ့စိတ်နဲ့ လျှောက်နိုင်ပါမှ မိန်းကလေးတွေအဖို့ ပိုပြီးလုံခြုံရပါလိမ့်မယ်။ အခုပြောပြမယ့်အရာတွေနဲ့ တိုက်ဆိုင်နေတယ်ဆိုရင်တော့ လေဒီက ပျော့ညံ့တဲ့မိန်းမတစ်ယောက်မဟုတ်ဘူးလို့ ဆိုပါရစေ။

 

၁။ ဘဝကိုပြောင်းလဲဖို့ဆုံးဖြတ်နိုင်တယ်

ပြောင်းလဲချင်တာနဲ့ ပြောင်းလဲဖို့ဆုံးဖြတ်တာက ကွဲပြားတယ်။ စိတ်ကူးရှိပြီး လက်တွေ့မလုပ်ရင် ဘာမှဖြစ်မလာဘူး။ ဆုံးဖြတ်ပြီးရင်တော့ လက်တွေ့အကောင်အထည်ဖော်ရတော့မယ်။ ဘာတွေကြုံကြုံ ရင်ဆိုင်ရတော့မယ်လေ။ တစ်နည်းနဲ့အဆင်မပြေရင် နောက်တစ်နည်းနဲ့ ရှေ့ဆက်ရဲတာကမှ ရဲရင့်ပြတ်သားတာပါ။

၂။ ဝေဝါးနေမှုတွေကနေ ကိုယ်တိုင်ရုန်းထွက်တယ်

လူတွေအားလုံးကတော့ ကိုယ်လိုချင်တဲ့ဘဝကို မျှော်မှန်းကြတယ်။ ပိုကောင်းတဲ့ဘဝကိုပေါ့။ ဒါပေမဲ့ လက်ရှိအနေအထားက သက်တောင့်သက်သာ အဆင်ပြေနေရင် ရှေ့ဆက်ကြိုးစားရုန်းကန်ဖို့ကို ပျင်းရိသွားရော။ နေရာတစ်ခုတည်းမှာ ရပ်တန့်မနေဘဲ ရှေ့ဆက်ကြိုးစားနေတဲ့ မိန်းမတွေကမှ တကယ်ကိုအားကျလေးစားစရာကောင်းပါတယ်။ ဘဝကို ပြောင်းလဲခြင်ရင် ကြောက်လန့်မှုတွေကို မောင်းထုတ်နိုင်ဖို့ လိုမယ်။

၃။ လိုချင်တာကိုပဲအာရုံစိုက်တယ်

ကိုယ်မလိုချင်တာတွေ၊ မဖြစ်ချင်တာတွေ ကြုံနေရတယ်။ ဒါဆိုရင် ကိုယ်လိုချင်တာ၊ ဖြစ်ချင်တာကရော ဘာလဲ? ဖြစ်ချင်တာ လိုချင်တာကို အာရုံစိုက်ပြီး မဖြစ်ချင်တဲ့အရာတွေအပေါ် စိတ်တိုင်းမကျဖြစ်နေရင်း အချိန်ကုန်မခံတော့ဘူးလေ။

 

၄။ အပေါင်းအသင်းရွေးတယ်

အဆင့်အတန်းခွဲခြားတာကို မဆိုလိုဘူးနော်။ ကိုယ်က ဒီလမ်းကြောင်းကို လျှောက်ချင်တယ်ဆိုရင် ကိုယ့်ရှေ့ကနေ ကြိုရောက်နှင့်ပြီးသား စီနီယာတွေနဲ့ပေါင်းတယ်။ ဒါမှ ကိုယ့်အတွက် အတုယူစရာတွေ ရလာမယ်။ ကိုယ့်အပေါင်းအသင်းကို ကိုယ်တိုင်ပဲ ရွေးချယ်ပေါင်းသင်းလေ့ရှိသူက ဉာဏ်ကောင်းတယ်လို့ ဆိုရမယ်။

၅။ ပြီးမြောက်ဖို့က အရေးကြီးကြောင်း နားလည်တယ်

တစ်ခုခုလုပ်ဖို့အတွက် ပြီးပြည့်စုံတဲ့အချိန်၊ လူ စတာကို စောင့်မနေဘူး။ လုပ်စရာရှိတာကို အကောင်းဆုံးဖြစ်အောင် လုပ်လိုက်တယ်။ အတွေ့အကြုံထက် ပိုကောင်းတဲ့ဆရာဆိုတာ မရှိဘူးလို့လည်း ခံယူထားတယ်။

၆။ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း ဂရုစိုက်တယ်

စိတ်တက်ကြွမှု၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု စတာတွေအတွက် ကိုယ့်ရဲ့စိတ်ခံစားချက်ကိုလည်း ဂရုစိုက်တယ်။ စိတ်ကို အနားပေးတယ်။ အားဖြည့်တယ်။ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ တရားထိုင်ခြင်းတွေက တကယ်ကို ကောင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲအားပေးနေတယ်။ "ငါလုပ်နိုင်တယ်၊ ဖြစ်ကိုဖြစ်ရမယ်" ဆိုတဲ့စိတ်လည်း ထားရှိတယ်။

 

၇။ ကိုယ့်ကိုယ်ကိုယ်ရှေ့နေလိုက်တယ်

ရှေ့နေလိုက်တယ်ဆိုတာ ကာကွယ်ဖုံးဖိရတာတွေတင်မကဘူး ဖော်ထုတ်ရတာတွေလည်း ရှိတယ်မဟုတ်လား။ ကိုယ့်စိတ်ကိုယ် မညာသူတွေပေါ့။ ကိုယ်ဖြစ်ချင်တာကိုလည်း ကောင်းကောင်းသိတယ်။ ကိုယ့်ကိုယ်ကိုယ်ညာပြီးတော့လည်း လမ်းမှားတွေကို အတင်းလျှောက်မနေဘူး။ ပြီးတော့ ကိုယ့်အတွက်ကောင်းမယ်ဆိုရင် ဖြစ်အောင်လုပ်တယ်။

Source : Stylist

Share

Loading Next Article...
က္က