သမီးရည်းစား (၂) ယောက် နှစ်ဦးသဘောတူပဲဖြစ်ဖြစ်၊ တစ်ဖက်ဖက်က အတင်းအကျပ်သဘောတူခိုင်းလို့ပဲဖြစ်ဖြစ် ပြတ်စဲကြရပြီဆိုရင် အနည်းနဲ့အများတော့ခံစားကြရမှာပါပဲ။


သမီးရည်းစား (၂) ယောက် နှစ်ဦးသဘောတူပဲဖြစ်ဖြစ်၊ တစ်ဖက်ဖက်က အတင်းအကျပ်သဘောတူခိုင်းလို့ပဲဖြစ်ဖြစ် ပြတ်စဲကြရပြီဆိုရင် အနည်းနဲ့အများတော့ခံစားကြရမှာပါပဲ။ နှစ်ရှည်လများ တွဲလာကြတဲ့အတွဲတွေဆို ပိုဆိုးပါတယ်။ ဒီနေ့တော့ လမ်းခွဲချိန်နောက်ပိုင်းမှာ ကျူးလွန်မိတတ်ကြတဲ့အမှားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အစားအသောက်ပျက်ခြင်း

 

တွဲခဲ့တာ ဘယ်လောက်ကြာခဲ့လဲဆိုတာပေါ်မူတည်ပြီး ပြတ်ခါစမှာစားချင်သောက်ချင်စိတ်ကုန်ခမ်းတာကတော့ ထုံးစံပါပဲ။ (ခင်ဗျားသာ ခင်ဗျားကောင်မလေးနဲ့ပတ်သက်ပြီး ခံစားချက်နက်နက်ရှိုင်းရှိုင်း ရှိခဲ့ဖူးမယ် ဆိုရင်ပေါ့။) တချို့ဆိုရင် တစ်ပတ်ကျော်လောက်ထိ စားချင်သောက်ချင်စိတ်ပြန်ပေါ်မလာတတ်ပါဘူး။ ခန္ဓာကိုယ်ကတောင်းဆိုလို့ တစ်လုပ်တစ်ဆုပ်စားချင်စားမယ်။ စားချင်တဲ့ အာသီသကတော့ ပျောက်ကွယ်နေပါလိမ့်မယ်။ ဒါဟာခင်ဗျားရဲ့ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်လို့ ကိုယ့်စိတ်ကိုယ် သတိထားစောင့်ကြည့်သင့်ပါတယ်။ ဘယ်လောက်ပဲခံစားရပါစေ.. ကိုယ့်ကျန်းမာရေးကိုယ်တော့ အထိခိုက် မခံသင့်ပါဘူး။

၂။ ပြတ်ပြီးပြီးချင်း ရည်းစားအသစ်တစ်ယောက် ကောက်တွဲတာ

 

ဒါကတော့ လူတော်တော်များများမှားတတ်တဲ့အမှားပါပဲ။ အထူးသဖြင့် ထားခဲ့ခံရတဲ့လူတွေ လုပ်လေ့ရှိပါတယ်။ သူထားခဲ့လို့ လစ်ဟာကျန်နေခဲ့တဲ့ရင်ဘတ်ထဲက ကွက်လပ်ကိုဖြည့်ဖို့ပဲဖြစ်ဖြစ်၊ သူမရှိလည်း ကိုယ်ပျော်နေနိုင်တာပဲဆိုတာကို ပြသဖို့ပဲဖြစ်ဖြစ် နီးစပ်ရာလူတစ်ယောက်ယောက်နဲ့ကောက်တွဲတတ်ကြပါတယ်။ ကိုယ်တွဲလိုက်တဲ့လူဟာ ကိုယ်နဲ့သင့်တော်ရဲ့လား။ ပထမလူလိုမျိုး ထပ်ဖြစ်လာနိုင်လား ဆိုတာတွေကို ဘာမှမတွေးဘဲလုပ်လိုက်တာဖြစ်တဲ့အတွက် မှားယွင်းနိုင်ခြေများပါတယ်။ တစ်ယောက်ရဲ့အကျင့်ကို တစ်ယောက်မလေ့လာရသေးဘဲ လုပ်ချလိုက်တာလည်းဖြစ်တဲ့အတွက် တစ်ချိန်ချိန်မှာ ပြဿနာတက်လာနိုင်စရာလည်းရှိပါတယ်။

၃။ ကမူးရှူးတိုးတွေလျှောက်လုပ်တာ

ပြတ်ခါစမှာ ကမူးရှူးတိုးတွေလျှောက်လုပ်မိတတ်ပါတယ်။ ထားသွားတဲ့ရည်းစားဟောင်းကို ညကြီးသန်းခေါင် မကိုင်မချင်းဖုန်းထိုင်ခေါ်တာတို့၊ အိမ်ရှေ့မှာမူးပြီးသွားအော်တာမျိုးပေါ့။ တချို့တွေဆိုရင်လည်း ကိုယ့်ကိုထားသွားတဲ့ရည်းစားဟောင်းက နိုင်ငံခြားရောက်နေတယ်ဆိုရင် ရှိစုမဲ့စုပိုုက်ဆံလေးတွေထုတ်ပြီး သွားတွေ့ဖို့ကြိုးစားကြပါတယ်။ ဒါတွေက ရုပ်ရှင်တွေထဲမှာပဲ အလုပ်ဖြစ်နိုင်ပါတယ်။ အပြင်လောကမှာတော့ ပြတ်စဲဖို့ဆုံးဖြတ်ချက်ခိုင်မာပြီးသား လူတစ်ယောက်ဟာ ဘယ်နည်းနဲ့မှစိတ်ပြောင်းမှာမဟုတ်ပါဘူး။ (သူ့ရဲ့ရည်းစားအသစ်ကလည်း သူ့ကိုထားသွားလို့ ကိုယ့်ကိုယာယီကောက်ချိတ်တာမျိုးက လွဲရင်ပေါ့။)

၄။ Facebook ပေါ်မှာအောက်ဖဲတွေလှန်တာ

 

လူမှုကွန်ရက် (Facebook) ကိုအချိန်အတိုင်းအတာတစ်ခုထိ သုံးဖူးတဲ့သူတွေဆိုရင် စုံတွဲတွေပြတ်ရင် အောက်ဖဲလှန်ကြတာတွေကိုလည်း ကြုံဖူးမှာပါ။ (အောက်ဖဲလှန်တယ်ဆိုတာ သူလုပ်ခဲ့ဖူးတဲ့ မကောင်းတဲ့အရာတစ်ခုခုကို လူအများသိအောင် အွန်လိုင်းပေါ်တက်ရေးတာ။) ကိုယ်သာအမှန်၊ သူကအမှားပုံစံနဲ့ "share ပေးကြပါ" အစချီပြီး အောက်ဖဲလှန်တာတွေကို ထားသွားခံရတဲ့သူတွေ လုပ်လေ့ရှိကြပါတယ်။

အမှန်တကယ်တော့ ကိုယ်ကိုယ်တိုင်ချစ်ခဲ့ဖူးပြီး (ချစ်နေဆဲလည်းဖြစ်နိုင်တဲ့) ကိုယ့်ရဲ့ Ex ပူပူနွေးနွေးကို Facebook ပေါ်မှာအောက်ဖဲလှန်တာဟာ အကြံကောင်းတော့မဟုတ်ပါဘူး။ လက်စားချေလိုက်ရသလို ခံစားချက်ကြောင့် ခဏတာအချိန်အတွင်းမှာတော့ နာကျင်မှုတွေသက်သာသလိုလိုရှိပေမယ့် နောက်ပိုင်းကျရင် ကိုယ်လုပ်ခဲ့မိတာတွေကို ပြန်နောင်တရလာမှာပါ။ ရင့်ကျက်တဲ့လူတွေကတော့ သမီးရည်းစားပြတ်ခါစမှာ ဟိုရေးဒီရေးလုပ်မိမှာစိုးလို့ Facebook account ကိုပဲ deactivate ထားလိုက်ကြပါတယ်။ အဲဒီအချိန်မှာတော့ ဒီနည်းဟာအကောင်းဆုံးဖြေရှင်းနည်းပါပဲ။

၅။ အရက်တွေအလွန်အကျွံသောက်တာ

 

သမီးရည်းစားပြတ်စဲရင် လူကြိုက်အများဆုံးနဲ့ လူသုံးအများဆုံးနည်းကတော့ အရက်တွေမူးအောင်သောက်လိုက်တာပါပဲ။ အရက်က လူကိုပျော်ရွှင်စေတဲ့၊ စိတ်ကိုတက်ကြွစေတဲ့ ဂုဏ်သတ္တိရှိပြီး ခံစားချက်တွေကိုလည်း ယာယီထုံထိုင်းစေတော့ ပြန်မတွေးချင်တဲ့ နာကျင်စရာအမှတ်တရတွေရှိနေတဲ့လူတွေကတော့ အရက်မူးအောင်သောက်လိုက်တဲ့နည်းလမ်းကိုပဲ ရွေးချယ်တတ်ကြပါတယ်။ ဒီလို ထုံထိုင်းခြင်းက ယာယီပဲဖြစ်လို့ အမူးပြေတာနဲ့နာကျင်စရာခံစားချက်တွေ ပြန်ဝင်လာမှာပါ။ ဒါနဲ့ပဲ နာကျင်စရာတွေကိုမေ့အောင် ထပ်သောက်ရပြန်ရော။ ဒီလိုနဲ့ပဲ ယစ်ထုပ်ကြီးဘဝကို ရောက်ရပါတော့တယ်။ အချိန်ပြည့်အရက်အမူးလွန်နေခြင်းက ကျန်းမာရေးအတွက်သာမက လူမှုရေးနဲ့အလုပ်အကိုင်အတွက်လည်း မကောင်းပါဘူး။ တစ်ခါတလေ စိတ်ပြေလက်ပျောက်အရက်သောက်တာ ဘာမှမဖြစ်ပေမယ့် နာကျင်မှုတွေပြေပျောက်ဖို့ အရက်သောက်တာကတော့ မလုပ်သင့်တဲ့အမှားမျိုးပဲဖြစ်ပါတယ်။

ရည်းစားနဲ့ပြတ်တာဟာ ဘဝကြီးပျက်သွားတာမဟုတ်ပါဘူး။ ဘယ်လောက်ပဲနာကျင်ရပါစေ... ကိုယ့်အတွက်ကိုယ်ပဲကြည့်သင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာစေမယ့်အလုပ်မျိုးဆိုရင် ရှောင်ရှားသင့်ပြီး သူမရှိလည်း ပျော်ရွှင်နိုင်မယ့်ဘဝမျိုးကိုရှာဖွေသင့်ပါတယ်။ စစချင်းတော့ခက်တယ်ထင်ရပေမယ့် နောက်ပိုင်းတော့ အဆင်ပြေသွားမှာပါ။

Share

Loading Next Article...
က္က