ထက်မြက်တဲ့စုံတွဲတွေဆိုတာ ပြသနာတစ်ခုခုကြုံရင် ဒီလိုဖြေရှင်းပါတယ်။


အချစ်ဆိုတဲ့အရာက လှပပါတယ်။ ဘဝလက်တွဲဖော်အစစ်အမှန်နဲ့ကြုံရရင် အချစ်ဟာပိုလို့တောင်လှပပါသေးတယ်။ ကိုယ့်ရဲ့ဖူးစာရှင်အစစ်ဆိုတာ ခင်ဗျားရဲ့ကောင်းကွက်တွေကို ရှာကြံကြည့်ပေးမယ့်သူဖြစ်ပြီး ခင်ဗျားရဲ့အားနည်းချက်တွေကိုလိုက်ပြောပြီး စိတ်ရှုပ်အောင်လုပ်မယ့်လူစားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ဖူးစာရှင်အမှန်ကိုရှာဖွေရတာ လွယ်ကူတဲ့ကိစ္စရပ်တစ်ခု မဟုတ်သလို ရှာတွေ့ခဲ့ရင်တောင်မှ ခင်ဗျားတို့ရဲ့သမီးရည်းစားဆက်ဆံရေးက ပန်းခင်းလမ်းချည်းပဲဖြစ်နေမှာတော့မဟုတ်ပါဘူး။ ပျော်ရွှင်တဲ့စုံတွဲတွေကြားမှာတောင် မတူကွဲပြားမှုနဲ့ ကတောက်ကဆဖြစ်ရပ်လေးတွေ ရှိတတ်ပါတယ်။ အောက်ပါရိုးရှင်းတဲ့အချက်လေးတွေကိုလိုက်နာမယ်ဆိုရင် အတွဲတွေကြားမှာ ကြုံတွေ့ရတတ်တဲ့ မတူကွဲပြားမှုလေးတွေကို ပြေပြေလည်လည်ဖြေရှင်းနိုင်မှာပါ။
၁။ သေချာနားထောင်ပေးပါ

 

ဒင်္ဂ ါးပြားတစ်ချပ်မှာတောင်မှ ခေါင်းနဲ့ပန်းရှိသလို ကိစ္စတိုင်းမှာလည်း သူ့ဘက်နဲ့ ကိုယ့်ဘက်ဆိုပြီး မျက်နှာ (၂) ဘက်ရှိပါတယ်။ နေရာတိုင်းမှာကိုယ့်ဘက်ချည်းပဲ ကြည့်လို့မရပါဘူး။ ကိုယ့်ချစ်သူရဲ့ဘက်ကိုလည်း ကြည့်ရပါသေးတယ်။ ခင်ဗျားဘက်ကကြည့်ရင်မှန်နေသလို သူ့ဘက်ကကြည့်ရင်လည်း မှန်နေပါတယ်။ တစ်ခါတလေ (၂) ဘက်စလုံးက မှန်နေတာတွေလည်း ရှိနေနိုင်ပါတယ်။ သမီးရည်းစားတွေကြားမှာ တကယ်တော့ ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာက သိပ်အရေးမကြီးဘဲ တစ်ဘက်လူရဲ့အမြင်ကို လေးလေးစားစားနားထောင်ပေးဖို့ပဲလိုတာပါ။ သမီးရည်းစားတွေကြားမှာ ပြသနာအများစုုကလည်း တစ်ဘက်လူရဲ့ရှုထောင့်ကို သေချာမကြည့်ပေးရာကပဲ စကြတာပါပဲ။ သူစကားပြောနေရင် ကိုယ့်ဘက်က ဘယ်လောက်ပဲပြောချင်နေနေ ဖြတ်မပြောပါနဲ့။ ကိုယ့်အလှည့်ကျရင်လည်း ဖြတ်မပြောဖို့ တောင်းဆိုပါ။ ဒီလိုနည်းနဲ့ စေ့စပ်ညှိနှိုင်းလိုက်ရင် ပြသနာရဲ့တစ်ဝက်လောက်က ပြေလည်ဖို့များပါတယ်။ ကျန်တဲ့တစ်ဝက်ကတော့ ပြသနာဘယ်လောက်ကြီးလဲဆိုတာပေါ် မူတည်တာပေါ့နော်။

၂။ စိတ်ထဲရှိတဲ့အတိုင်းပွင့်လင်းစွာပြောပါ

သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ မပြေလည်ရတဲ့အကြောင်းရင်းနောက်တစ်ခုက စိတ်ခံစားချက်တွေကို မြိုသိပ်ထားတတ်တာပါပဲ။ နောက်ပြီး တစ်ဖက်လူက ကိုယ်ခံစားနေရတာကို ကိုယ်မပြောလည်း သိရမယ်လို့ မျှော်လင့်တတ်ကြတာလည်း မှားပါတယ်။ တချို့ကိစ္စတွေကျတော့ သူ့ဘက်၊ ကိုယ့်ဘက်အမြင်မတူကြတဲ့အတွက် ကိုုယ့်ဘက်က အရမ်းကြီးအလေးအနက်ထားတဲ့ကိစ္စတစ်ခုက တစ်ဘက်လူအတွက်တော့ ဘာမှမဟုတ်လောက်ပါဘူးဆိုပြီးထင်နေတတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့်စိတ်ထဲရှိတာတွေကို ပွင့်ပွင့်လင်းလင်းထုတ်ပြောပြီး ညှိနှိုင်းသင့်ပါတယ်။ စိတ်ထဲမှာ ခံစားနေရတာတွေကို ထုတ်ပြလိုက်ပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ ဒီပြသနာတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဆက်ပြီးတိုင်ပင်ဆွေးနွေးလို့ရပါပြီ။

၃။ အတိတ်ကိုပြန်အစမဖော်ပါနဲ့

အရပ်သုံးဗန်းစကားနဲ့ပြောရရင် အောက်ဖဲမလှန်ပါနဲ့။ "လွန်ခဲ့တဲ့ (၄) လလောက်က မင်းဘာလုပ်ခဲ့တာလေ" တို့၊ "လွန်ခဲ့တဲ့ (၅) နှစ်လောက်တုံးက ငါဒီလိုလုပ်ပေးခဲ့တာလေ" တို့က ပြသနာဖြစ်နေချိန်မှာ အရေးမပါ ပါဘူး။ အတိတ်ဆိုတာ အတိတ်မှာကျန်ခဲ့ပြီဖြစ်လို့ ပြန်ခေါ်မလာသင့်တော့ပါဘူး။ လက်ရှိအချိန်မှာ အရေးကြီးတာက ခင်ဗျားတို့ (၂) ယောက်ရဲ့မတူကွဲပြားမှုတွေကို ပြေလည်အောင် ဘယ်လိုညှိနှိုင်းကြမလဲ ဆိုတာပါပဲ။ ထက်မြက်တဲ့စုံတွဲတွေကတော့ ပြသနာတစ်ခုကိုကျေလည်အောင်မရှင်းပြီးမချင်း ရှေ့ဆက်မတိုးတတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်ရဲ့စိတ်ထဲမှာ ကြွင်းကျန်ရစ်ခဲ့တဲ့ အစိုင်အခဲက နောင်တစ်ချိန်မှာ အဖုအထစ်ဖြစ်လာနိုင်လို့ပါပဲ။ နောက်ပြီး ထက်မြက်တဲ့စုံတွဲတွေက အတိတ်ကိုအတိတ်မှာပဲ ထားခဲ့ရကောင်းမှန်းသိကြပါတယ်။ အတိတ်ကိုပစ္စုပ္ပန်ကိုယူလာတဲ့သူတွေကတော့ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။

၄။ အော်ဟစ်ပြောဆိုခြင်းမပြုပါနဲ့

 

လူဆိုတာကတော့ စိတ်ဆိုးရင် စကားသံကကျယ်လာတတ်တာကို နားလည်ပါတယ်။ စကားတစ်ခွန်းတောင်ရှိပါသေးတယ်။ "သမီးရည်းစား (၂) ယောက်အဆင်ပြေနေချိန်မှာ နှလုံုးသားချင်းနီးကပ်နေလို့ နှစ်ကိုယ်ကြားရုံလောက်လေသံလေးတွေနဲ့ စကားပြောကြတယ်။ အဆင်မပြေချိန်ကျတော့ နှလုံးသားတွေဝေးကွာသွားလို့ အော်ဟစ်ပြောဆိုရတယ်" တဲ့။ ဒါပေမယ့် အရွယ်ရောက်သူတွေဖြစ်နေပြီပဲ။ စိတ်လိုက် မာန်ပါမလုပ်သင့်တော့ပါဘူး။ အခြေအတင်ဖြစ်ရင် အော်ဟစ်ပြောဆိုတာတို့၊ စိတ်ဆိုးဆိုးနဲ့ "ကို" တွေ၊ "ချစ်" တွေမလာတော့ဘဲ "နင်" တွေ၊ "ငါ" တွေဖြစ်ကုန်တာတို့ ရှိတတ်ပါတယ်။ ဒါဟာထက်မြက်တဲ့စုံတွဲတွေ လုပ်လေ့ရှိတဲ့အရာမဟုတ်ပါဘူး။ ထက်မြက်တဲ့စုံတွဲတွေက ကိစ္စတစ်ခုကို အေးအေးဆေးဆေးပဲ ဖြေရှင်းပါတယ်။ အော်ဟစ်နေလို့ပြသနာကိုပြေလည်စေတာမှ မဟုတ်ပဲ။ တစ်ခါတလေ အော်ရင်း ဟစ်ရင်း နောင်တစ်ချိန်မှာ ပြန်နောင်တရစေမယ့်စကားတွေကိုတောင် ပြောမိသွားတတ်ပါတယ်။

၅။ မတူူကွဲပြားမှုတွေကို လက်ခံပေးလိုက်ပါ

 

အမေတစ်ယောက်တည်းရဲ့ဗိုက်ထဲကနေ ထွက်လာတဲ့တအူတုံဆင်း မောင်နှမအရင်းတွေတောင် ကိစ္စတိုင်းမှာ သဘောထားချင်းမတိုက်ဆိုင်တတ်ကြပါဘူး။ ဘယ်လောက်ပဲ စိတ်ချင်းနီးတယ်ဆိုပါစေ။ ခင်ဗျားနဲ့ ခင်ဗျားချစ်သူလည်း နေရာတိုင်းမှာ သဘောထားချင်းတိုက်ဆိုင်နေမှာမဟုတ်ပါဘူး။ ဒါတွေကို လူကြီးလူကောင်းပီပီ လက်ခံပေးနိုင်ဖို့လိုပါတယ်။ ခင်ဗျားက Metal သီချင်းတွေ၊ Hard Rock သီချင်းတွေ ကြိုက်ပေမယ့် ခင်ဗျားကောင်မလေးက Exo Fan ဖြစ်ချင်လည်း ဖြစ်နေနိုင်တယ်လေ။ (ဒါကတော့ ဖြစ်နိုင်ခြေအနည်းဆုံး ဥပမာကိုပေးထားတာပါ :3 ) အဓိက ကတော့ နှစ်ဦးကြားက မတူကွဲပြားမှုတွေကို လက်ခံပြီးရှေ့ဆက်သွားဖို့ပါပဲ။ တစ်ယောက်ကိုယ်တစ်ယောက်အပြန်အလှန်လေးစားမှုရှိတဲ့အတွဲတွေဟာ ပြသနာဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။

Share

Loading Next Article...
က္က