သင်ကရော ဘယ်လိုလူလဲ?

တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် နေ့တိုင်းရေချိုးရတယ်။ ရာသီဥတုပူရင်လည်း ရေချိုးရတာပဲ။ ရေချိုးခြင်းဟာ စိတ်နဲ့လည်း ဆက်စပ်နေပြန်ပါတယ်။ ရေချိုးခန်းထဲက ကိုယ့်ရဲ့အပြုအမူတွေဟာ ကိုယ့်ရဲ့စိတ်ကိုဖတ်နိုင်တဲ့ နေရာတစ်ခုပါ။ ရေချိုးခန်းထဲမှာ ဘယ်လိုပြုမူလေ့ရှိသလဲဆိုတဲ့အပေါ် စိတ်ကို ခန့်မှန်းကြည့်ရအောင်။

 

၁။ အဆိုတော်

ရေချိုးခန်းကို KTV လို့ သဘောထားသူတွေပေါ့။ ရေချိုးနေရင်းနဲ့ သီချင်းတွေ အော်ဆိုကြတာ။ ဘယ်သူ့မှလည်း ဂရုစိုက်စရာမလိုဘူး။ ဆိုချင်သလိုဆိုနေတော့တာပဲ။ သူတို့တွေဟာ စိတ်ဖိစီးမှုနည်းသူတွေပါ။ ရေချိုးရင်း သီချင်းအော်ဆိုခြင်းကြောင့် စိတ်ဖိစီးမှုတွေ နည်းပါးသွားရတယ်လို့ လေ့လာမှုတွေက အခိုင်အမာ သက်သေပြထားဖူးပါတယ်။ ပျော်ပျော်နေတတ်သူတွေဆိုတော့ လူချစ်လူခင်လည်း များတယ်။

 

၂။ သရုပ်ဆောင်

ဟောလိဝုဒ်ရောက်မလား၊ ဘောလိဝုဒ်ရောက်မလားတော့ မပြောတတ်ဘူး။ ရေချိုးခန်းထဲမှာတော့ သရုပ်ဆောင်လုပ်ဖြစ်နေတယ်။ အိုက်တင်မျိုးစုံ၊ သံနေသံထားမျိုးစုံနဲ့ သရုပ်ဆောင်ကြီးပေါ့။ ရေချိုးခန်းထဲကသရုပ်ဆောင်တွေဟာ စိတ်ကူးယဉ်တတ်သူတွေ ဖြစ်နေလေ့ရှိတယ်။ စိတ်ခံစားချက်နောက်ကို လိုက်ပါတတ်သူတွေဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းကျောင်းတတ်သူတွေလည်းဖြစ်တယ်။ အကန့်အသတ်နဲ့ဆိုးကြတယ်လို့ ပြောရမယ်။ ခင်တဲ့လူကိုဆို အရမ်းတွယ်တာတတ်တယ်။

 

၃။ အတွေးသမား

ရေချိုးရင် အကြာဆုံးပဲ။ ရေချိုးခန်းထဲမှ အနည်းဆုံး နာရီဝက်လောက်ကြာတယ်။ ရေချိုးရင်းနဲ့ တွေးနေလိုက်တာ အချိန်ဘယ်လောက်ကုန်လို့ ကုန်သွားမှန်းမသိဘူး။ အတွေးထဲမျောပြီး အချိန်ကုန်သွားရင် ချိန်းထားတာတွေ နောက်ကျသွားမှာကို သတိထားသင့်တယ်။ ရေချိုးခန်းထဲရောက်တိုင်း အတွေးလွန်နေလို့ အလုပ်နောက်ကျ၊ ကျောင်းနောက်ကျရတယ်ဆိုရင် နာရီကို alarm ပေးထားပြီး အချိန်သတ်မှတ်ထားလိုက်မယ်ဆို အဆင်ပြေသွားပါလိမ့်မယ်။

 

၄။ ငိုပြီလေ

မျိုသိပ်ထားရတာတွေ များလွန်းတယ်။ တစ်နေကုန် ဟန်မပျက် ပြောဆို၊ လှုပ်ရှားနေရသမျှ ရေချိုးခန်းထဲရောက်မှ ငိုချလိုက်တော့တာမျိုး။ ရင့်ကျက်တယ်တို့၊ ထက်မြက်တယ်တို့ အပြောခံနေရတဲ့ အမျိုးသမီးတွေဟာ ရေချိုးခန်းနဲ့ အိပ်ရာထဲမှာ မျက်ရည်ကျလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မျက်ရည်ကျတာကို ဘယ်သူ့ကိုမှ မသိစေချင်ဘူးလေ။ မျိုသိပ်လွန်းလို့ မွန်းကြပ်လာရင် နံပါတ်တစ်မှာ ပြောခဲ့သလို ရေချိုးခန်းအဆိုတော်အဖြစ် ခံယူလိုက်ပါလား။ စိတ်တွေပေါ့သွားနိုင်ပါတယ်။

 

၅။ ခပ်သွက်သွက်ပဲ

ရေချိုးတာကို အချိန်သိပ်မယူဘူး။ မိနစ်ပိုင်းပဲကြာတယ်။ ဒီလိုလူတွေကတော့ လက်တွေ့သမားတွေပေါ့။ တွေးနေ၊ ငေးနေရင်း အချိန်ကုန်မှာကို မလိုလားသူတွေပါ။ လုပ်စရာရှိရင် လုပ်လိုက်တယ်။ နောင်တရတာမျိုးနဲ့ သိပ်မကြုံရဘူး။ ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်လေ့ရှိကြပါတယ်။

Share

Loading Next Article...
က္က