ကိုယ်တိုင် မိခင်ဘဝရောက်မှပဲ နားလည်ပေးမယ်ဆို နောက်ကျသွားလိမ့်မယ်။

တချို့တွေပြောကြတယ်။ ချွေးမနဲ့ ယောက္ခမ ဘယ်တော့မှမတည့်ရတဲ့ အကြောင်းရင်းကတော့ ယောက်ျားတစ်ယောက်တည်းကိုပဲ တစ်ဘဝလုံးစာရင်းပြီး ချစ်မိလို့ပါတဲ့။ ဖြစ်နိုင်တယ်နော်။ များသောအားဖြင့်တော့ ယောက္ခမနဲ့ချွေးမ အရမ်းကိုအဆင်ပြေနေတယ်ဆိုတာ မတွေ့ရသလောက်ပဲ။ တချို့ဆို အမြဲတမ်းရန်ဖြစ်နေကြတာတွေတောင် ရှိသေးတယ်။ ယောက္ခမတွေက ဆိုးတာလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ချွေးမအနေနဲ့ ဒါလေးတွေကို နားလည်မပေးထားလို့ အဆင်မပြေဖြစ်ရတာ နေပါလိမ့်မယ်။

 

၁။ သားဖြစ်သူကို အကောင်းဆုံးပျိုးထောင်ခဲ့တာပါ

အိမ်ထောင်ကျတဲ့အခါ အတူတူနေလာရတော့ စရိုက်တွေကို သိလာပြီ။ ကိုယ်မကြိုက်တဲ့ အကျင့်စရိုက်တွေက ခင်ပွန်းဖြစ်သူဆီမှာ တွေ့ရတိုင်း "နင်ဘယ်လိုများ လူလားမြောက်ခဲ့တာလဲ၊ နင့်မိဘတွေ မဆုံးမဘူးလား"လို့ မပြောမိပါစေနဲ့။ ဒီလိုပြောသံကြားရရင် ယောက္ခမကြီးက ဝမ်းနည်းသွားလိမ့်မယ်။ သူမအနေနဲ့ သားဖြစ်သူကို သူမရဲ့အချစ်မေတ္တာတွေအားလုံးပုံပြီး ပြုစုပျိုးထောင်ခဲ့တာမို့လို့ပါပဲ။ ဒေါသကြီးတဲ့ယောက္ခမဆိုရင်တော့ ဒီစကားကြားရင် ရန်ပွဲဖြစ်သွားမှာ။

ဆက်စပ်ဖတ်ရှုနိုင်မယ့်ဆောင်းပါး ---> ယောက္ခမတွေ ပညာပြတာခံခဲ့ရတဲ့ သတို့သမီးများ

၂။ အူတိုမိတယ်

သားကို တစ်သက်လုံး ကိုယ့်မျက်စိအောက်က အပျောက်မခံ၊ အရိပ်တကြည့်ကြည့် စောင့်ရှောက်လာခဲ့တာပါ။ သားက အရွယ်ရောက်လို့ အိမ်ထောင်ပြုပြီးတဲ့အခါ သူ့မိန်းမနဲ့သူ ကြည်နူးနေတာကို မြင်ရရင် အူတိုစိတ်ကလေးတော့ ဖြစ်မိသေးတယ်။ လူကြီးသူမရှေ့ အနေအထိုင် ဆင်ခြင်ဖို့လိုတာပေါ့။ ကိုယ့်သားကို ကိုယ်ပဲ ဂရုစိုက်ချင်သေးတာ။ မျက်စိထဲ ကလေးလိုပဲ မြင်နေမိတဲ့အမေတွေ ဖြစ်တတ်ပါတယ်။ သူ့စိတ်ထဲမှာ သူ့သားလေးကို ဆုံးရှုံးလိုက်ရသလို ခံစားနေရရှာတာပါ။

၃။ မိခင်ပါပဲ

ဘယ်လိုပဲဖြစ်နေပါစေဦးတော့။ သားဖြစ်သူက အိမ်ထောင်ကျ ကလေးတွေရသွားသည့်တိုင်အောင် သူမက အမေဖြစ်နေတုန်းပါပဲ။ အမေဟာ အမေပါပဲ။ သားအတွက် အကောင်းဆုံးဖြစ်မှာတွေကို ပြောနေ၊ လုပ်ပေးနေဦးမယ်ဆိုတာ သိစေချင်ပါတယ်။

 

၄။ လေးစားသမှုရှိပါစေ

ကိုယ့်သားရဲ့မိန်းမဆိုတာ ကိုယ့်ရဲ့သမီးပဲပေါ့။ ဒီလိုပဲ .. ခင်ပွန်းသည်ရဲ့မိခင်လည်း ကိုယ့်မိခင်လို သဘောထားပေးဖို့အတွက် ယောက္ခမတွေက ချွေးမတွေဆီကနေ မျှော်လင့်ကြပါတယ်။ မိခင်လို သဘောမထားနိုင်ဘူး ဆိုရင်တောင်မှ ရိုသေလေးစားမှုလေးတော့ ရှိစေချင်ပါတယ်။

၅။ စိတ်မကောင်းဖြစ်ရတာ အတူတူပဲ

ယောက္ခမနဲ့ချွေးမ စကားများကြပြီဆိုရင် ချွေးမဘက်ကပဲ စိတ်မကောင်းဖြစ်ရတယ်လို့ မထင်လိုက်ပါနဲ့။ ယောက္ခမဘက်ကလည်း ဝမ်းနည်းရပါတယ်။ ကိုယ့်သားလေးရဲ့ဘဝက မျက်စိအောက်မှာတင် ပြောင်းလဲသွားရတာလေ။ အရင်လိုမျိုး ကိုယ်က အစစအရာရာ ဂရုစိုက်ပေးလို့မရတော့ဘူး။ အဲ့ဒီအတွက် သူမအနေနဲ့ သားကိုနှမျောစိတ်လေးက ရှိနေတယ်။ သားနဲ့ပတ်သက်ပြီး ချွေးမနဲ့ ကတောက်ကဆဖြစ်ရရင် ယောက္ခမတွေလည်း ဝမ်းနည်းရပါတယ်။

၆။ ဘယ်လိုစကားပြောရမလဲဆိုတာမသိဘူး

သူစိမ်းဆန်တယ်လို့ ထင်ကြတယ်။ လူကြီးဖြစ်ပြီး ကိုယ့်သားရဲ့မိန်းမ (ချွေးမ)ကို ရင်းရင်းနှီးနှီး မဆက်ဆံဘူးလို့လည်း ထင်ကြတယ်။ တကယ်တမ်းတော့ ဘယ်လို ဆက်ဆံပေးရမလဲဆိုတာ သူမက မသိလို့ပါ။ မုန်းနေလို့လည်း မဟုတ်ပါဘူး။ သူမအနေနဲ့ သူစိမ်းမိန်းကလေးတစ်ယောက်ကို ချက်ခြင်းကြီး သမီးရင်းလို သဘောထားဖို့၊ ရင်းရင်းနှီးနှီး ပြောဆိုဖို့က အစပိုင်းမှာ ခက်ခဲနေလို့ ဖြစ်ပါတယ်။

 

၇။ အယူဝါဒနဲ့ ယုံကြည်မှု

ဘာသာရေး၊ ယုံကြည်ကိုးကွယ်မှုနဲ့ နိုင်ငံရေးအမြင်တွေဟာ သူမရဲ့ကိုယ်ပိုင် ယုံကြည်မှုတွေ ဖြစ်ပါတယ်။ အယူသည်းတယ်လို့လည်း အပြစ်မတင်စေချင်ပါဘူး။

 

Share

Loading Next Article...
က္က