အချိန်ယူပြီးတော့မှ ဘဝအဖော်မွန်အစစ်ကို ရှာဖွေပါလို့ အကြံပေးပါရစေ။

ချစ်လျက်နဲ့ဝေးသွားကြတဲ့ စုံတွဲတွေ၊ မချစ်လို့ လမ်းခွဲလိုက်ရတဲ့အဖြစ်တွေနဲ့ မပေါင်းလိုက်ရတဲ့ချစ်သူဆိုတာ လူတိုင်းမှာ တစ်မျိုးမဟုတ် တစ်မျိုးတော့ ကြုံဖူးကြတယ်။ အသည်းကွဲတယ်ဆိုတာလည်း အသက်ကြီးတာ၊ ငယ်တာနဲ့ မဆိုင်ပါဘူး။ ကွဲချင်ကွဲမှာကိုး။ တကယ်ချစ်တဲ့လူကို ဆုံးရှုံးလိုက်ရလို့ အသည်းကွဲခဲ့တဲ့အခါ ကိုယ်ဘာတွေမှားသလဲ ပြန်သုံးသပ်ရင်း ဒီသင်ခန်းစာတွေကိုတော့ ရလာခဲ့ပါတယ်။

 

၁။ ဖော်ရွေသူတွေက အရင်လမ်းခွဲတာပဲ

သဘောကောင်းဖော်ရွေတာနဲ့ ယောက်ျားကောင်းပီသတာနဲ့ မတူဘူး။ သဘောကောင်းတဲ့လူတွေက သူများစိတ်ညစ်မှာ မလိုလားဘူး။ ဒါပေမဲ့ ယောက်ျားကောင်းတွေကျတော့ အမှန်တရားက အဓိကပဲ။ ချစ်ရင်ချစ်တယ်၊ ခွဲသင့်ရင်ခွဲတယ် မလိမ်ညာဘူး။ သဘောကောင်းပါတယ်ဆိုတဲ့လူတွေက သူများစိတ်ညစ်မှာစိုးလို့ ဖုံးကွယ်တတ်တာတွေရှိတယ်။ ဖုံးမနိုင်တော့မှ ပိုဆိုးလာပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရတာ။

၂။ အငြင်းပွားမှု

ဘယ်သူကမှ အမြဲတမ်း အဆင်ပြေနေတယ်ဆိုတာမရှိဘူးလေ။ ဘယ်လောက်ချစ်ချစ် ရန်ဖြစ်စကားများတာတွေ ရှိမှာပဲ။ ကိုယ့်ကို ရာနှုန်းပြည့် စိတ်ချမ်းသာအောင်ထားလိမ့်မယ်လို့ထင်မိရင် မှားမှာနော်။ ရန်ဖြစ်တာတွေရှိလာရင်လည်း ဒါက သဘာဝပဲလို့ မှတ်ရမယ်။ အဓိကကတော့ စကားများရန်ဖြစ်နေချိန်မှာ သူရောကိုယ်ပါ တစ်ယောက်ကိုတစ်ယောက် နစ်နာအောင် မလုပ်မိဖို့ပဲ။

Cute-couple-in-the-park-holding-hands-000083245905_Large.jpg 

၃။ ပြောင်းလဲလို့မရဘူး

သူ့ကိုအရမ်းချစ်တယ်၊ သူနဲ့မခွဲနိုင်လို့ သူမကြိုက်တာ ဘာမှမလုပ်တော့ဘူး။ သူ့အကြိုက်အတိုင်း သူ့သဘောတိုင်း နေခဲ့တယ်။ ဒါတွေက တကယ်တမ်းမှာ ထင်သလောက်မလွယ်တာ ကိုယ်တိုင်ကြုံမှပဲ သိလိမ့်မယ်။ လူတစ်ယောက်ရဲ့ မွေးရာပါဗီဇစရိုက်ဆိုတာ ပြောင်းလဲရခက်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်မှာရှိတဲ့ မွေးရာပါအကျင့်လေးတွေကို ပြောင်းလဲပစ်မှ ချစ်နိုင်မယ်ဆိုတဲ့လူတွေကို မယုံသင့်ဘူး။ ကိုယ့်ဘက်က ရာသက်ပန်ပြောင်းလဲလို့မရဘူးဆိုတာလည်း ကိုယ်တိုင်အသိဆုံးဖြစ်ပါလိမ့်မယ်။ သူ့ကိုလည်း ကိုယ်က ပြောင်းလဲပေးဖို့ မကြိုးစားနဲ့။ ဖိအားပေးပြီး ပြောင်းလဲခိုင်းမယ်ဆိုလည်း ခဏပဲရလိမ့်မယ်။ အရှိကို အရှိအတိုင်း လက်ခံနိုင်မှ ချစ်ကြပါ။

၄။ နောက်ဆုံးနေ့ရက်လိုမျိုး ပျော်ရွှင်ပါ

ဆိုလိုချင်တာကတော့ စိတ်ဆိုး၊ စိတ်ကောက်တာတွေ ရပ်တန့်လိုက်ဖို့ပါပဲ။ ဘဝက တိုတိုလေးရယ်။ ပျော်အောင်နေကြရမှာ။ စိတ်ဆိုးလည်းခဏပေါ့။ ဘာမဟုတ်တာလေးကိုပဲ ခွင့်မလွှတ်နိုင်လောက်အောင် ဒေါသတွေကြီး၊ မာနတွေထားနေရင် ချစ်သူက စိတ်ကုန်သွားလိမ့်မယ်။ တကယ်ချစ်လျက်နဲ့ ဝေးရတာ ကိုယ့်မာန၊ ကိုယ့်အတ္တတွေကြောင့်တော့ မဖြစ်ပါစေနဲ့။ ပြီးတော့ ကိုယ့်ကို အလေးအနက်မထားဘဲ ပေါ့ပျက်ပျက်နဲ့ သဘောထားတဲ့ အတ္တကြီးသူကိုလည်း ဆက်မချစ်နဲ့တော့။ ကိုယ့်ဘဝကိုယ်သာ ဆက်လျှောက်တော့။

stock-couple-fighting-breakup-marriage-2a1s.jpg 

၅။ ဆန္ဒ

အချစ်ရေးမှာ လိင်စိတ်က အရေးမကြီးပါဘူး။ ဒါပေမဲ့ အရေးပါတဲ့ကဏ္ဍတစ်ခုအနေနဲ့တော့ ရှိနေတုန်းပဲ။ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတဲ့အခါ ပိုင်ဆိုင်ချင်လာတယ်။ အထိအတွေ့တွေကို တပ်မက်လာတယ်။ အဲ့ဒီအပေါ် အမြင်၊ ခံယူချက်ကလည်း ကွဲပြားလေ့ရှိတယ်။ ဒါက ညှိယူမှရတာမျိုး။ အချစ်ရေးမြဲတယ်ဆိုတာ လိင်စိတ်လည်းပါဝင်ပြီး အပြန်အလှန်နားလည်မှုနဲ့ အခြားအရေးကြီးကိစ္စတွေမှာပါ စစ်မှန်စွာ ပြုမှုတတ်ကြတာပဲ။

၆။ ကိုယ့်အတွက် မှန်ကန်တဲ့လူလား

နောက်ဆုံးတစ်ခု ပြောချင်တာကတော့ ကိုယ့်အတွက် လက်တွဲဖော်အစစ် ဟုတ်၊ မဟုတ်ဆိုတာပါပဲ။ ကိုယ့်ဘဝအတွက် လက်တွဲဖော်ဆိုတာ အချိန်အခါနဲ့လည်းဆိုင်သေးတယ်။ ကိုယ်လည်းချစ်တယ်၊ လူကောင်းဖြစ်တယ်၊ ကိုယ့်ကိုယ်လည်းချစ်တယ် ဒါပေမဲ့ သူနဲ့တွေ့တဲ့အချိန်မှာ ချစ်လို့မရတဲ့အနေအထားတွေရှိနေတတ်တယ်။ အဲ့ဒါဆိုရင်တော့ လက်တွဲဖော်အစစ် မဟုတ်သေးဘူးလို့ပဲ ပြောရမယ်။ အချိန်ကိုစောင့်ကြည့်ပါဦး။ အချိန်ယူပြီးတော့မှ ဘဝအဖော်မွန်အစစ်ကို ရှာဖွေပါလို့ အကြံပေးပါရစေ။

Share

Loading Next Article...
က္က