တစ်ယောက်တည်း ဘာလုပ်ရမှန်းမသိဘူးဆိုတဲ့ FA တွေတော့ စာဖတ်ဖို့နေရာတစ်ခုတိုးပြီပဲ

နားအေးပါးလေးနဲ့ ကော်ဖီသောက်ရင်း စာဖတ်ချင်လို့ ကော်ဖီဆိုင် ရှာပုံတော်ဖွင့်လိုက်တာ စမ်းချောင်းကို ရောက်သွားပါရောလား။ ဆိုင်ထဲကို ဝင်လိုက်တာနဲ့ မျက်စိလည်း အမောပါပြေသွားတယ်။ အစိမ်းရောင်သစ်ပင်လေးတွေ၊ ကောဇောစိမ်းလေးတွေက မျက်စိအေးသလို ဆိုင်လေးကလည်း တိတ်ဆိတ်တယ်လေ။


 

ကိုယ့်လိုပဲ ကော်ဖီသောက်ရင်း စာဖတ်ချင်သူတွေအတွက်တော့ ဒီဆိုင်လေးက အဆင်ပြေမှာပါ။ သီချင်းသံငြိမ့်ငြိမ့်လေးနဲ့ အဲကွန်းကလည်း အေးနေအောင်ဖွင့်ထားတော့ ဆိုင်ထဲရောက်တာနဲ့ ရင်ထဲအေးသွားမှာသေချာတယ်။ ကော်ဖီဈေးတွေက ၁၀၀၀ ကျပ် ကနေ ၂၅၀၀ ကျပ် အထိနဲ့ အမျိုးအစားပေါ်မူတည်ပြီး ရပါတယ်။ အမေရိကာနိုသောက်ကြည့်တာတော့ မဆိုးဘူး။ ကော်ဖီသားက ခပ်ပါးပါးလေးပဲ။

 

အမေရိကာနိုကို အပူရော အအေးပါ မှာသောက်ကြည့်တာ။ အအေးကတော့ သိပ်မမိုက်ဘူး။ ကော်ဖီနည်းပြီး ရေခဲများတယ်။ အမေရိကာနိုအပူကတော့ မဆိုးဘူးပြောရမယ်။ ဆိုင်ထဲမှာထားပေးထားတဲ့ စာအုပ်စင်ကနေ စာအုပ်လေးယူပြီး ကော်ဖီလေးနဲ့ သောက်ရတာ ဇိမ်ပဲ။ ကော်ဖီမှာရင် သကြားညိုပုလင်းလေးနဲ့ ကိုက်စရာ snack လေးကိုလည်း ခုလိုပဲ ထည့်ပေးထားသေးတာ။

 

စားစရာတွေကတော့ သိပ်အများကြီး မရပါဘူး။ အဆာပြေစားလို့ရမယ့်ဟာတွေလောက်ပဲရတယ်။ ထမင်းနဲ့ပတ်သက်ရင်တော့ ၃ မျိုးလောက် ရပါတယ်။  လတိုင်း menu အပြောင်းအလဲလုပ်တာလေးကတော့ မိုက်တယ်။ အရသာအက်ဒ်မင်ကတော့ ခေါပုတ်ကင်အစာသွပ် ဆိုတာလေး စားကြည့်တယ်။ ခေါပုတ်ကိုကင်ပြီး အထဲမှာ ခရမ်းချဉ်သီး၊ ကြက်ဥတို့ကိုသုပ်ထားတာလေး အစာသွပ်ထားတာပါ။ ခေါပုတ်ကင်နံ့ကလည်း မွှေးမွှေးလေး၊ အထဲမှာသွပ်ထားတဲ့အစာကလည်း စားကောင်းတယ်။

 

အအေးသောက်ချင်ရင်တော့ သစ်သီးဖျော်ရည်တွေလည်း ရနိုင်ပါတယ်။ လူကြိုက်များတဲ့အထဲမှာ နောက်တစ်ခုက ခေါပုတ်ဘယာကြော်ပါ။ ခေါပုတ်အမည်းကို ပဲနဲ့ကပ်ပြီး ကြော်ထားတာလေးက ပူပူရွရွလေးနဲ့ စားလို့အရမ်းကောင်းတယ်။

Photo - The Plant House Facebook

နောက်ပြီးတော့ ဆိုင်မှာ ပြည်တွင်းထုတ် ကော်ဖီနဲ့ စားစရာတွေကိုလည်း ဝယ်နိုင်သလို၊ စားပွဲတင် အလှစိုက်ပန်းအိုးပိစိလေးတွေလည်း အများကြီးပဲ။ မေးကြည့်လိုက်တော့ ဝယ်ချင်ရင် ရောင်းပါတယ်တဲ့။ ဈေးတော့ မမေးခဲ့ရဘူး။

Photo - The Plant House Facebook

 

ဒီဆိုင်မှာ သဘောကျတာက အေးချမ်းတဲ့ကမ္ဘာလေးလို ဖြစ်နေတာရယ် စာဖတ်လို့ကောင်းတာရယ်ပဲ။ အားသွင်းဖို့ ပလပ်ခုံတွေလည်း စားပွဲတိုင်းမှာ တပ်ထားပေးတော့ ဖုန်းတွေကွန်ပျူတာတွေကို အားသွင်းလို့ရတယ်။ ကျောင်းသားတွေဆို ကျောင်းသားကဒ်ပြရင် ဈေးလျှော့ပေးသေးတဲ့။ နေရာကတော့ စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းထဲမှာ ရှိပါတယ်။ FA တွေအတွက်တော့ ဒီနေရာလေးက တစ်တည်းစာထိုင်ဖတ်ရင်း အချိန်ဖြုန်းဖို့ အကောင်းဆုံးပဲလေ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က