မက္ကဆီကိုနိုင်ငံရဲ့ ရိုးရာသောက်သုံးမှု တစ်ခုဖြစ်တဲ့ Tequila ကို ခုဆိုရင် ကမ္ဘာတ၀ှမ်းလုံးမှာ နှစ်ခြိုက်စွာသောက်သုံးနေကြပါပြီ။ မက္ကဆီကိုမှာဆိုရင်တော့ Tequila ကို ကြီးမားတဲ့ မြေအိုးကြီးတွေထဲ ထည့်ပြီးတော့ သောက်သုံးကြတာပါ။ Cantaritos လို့ခေါ်တဲ့ မြေအိုးကြီးထဲမှာ အရသာပြည့်ဝတဲ့ သစ်သီးဖျော်ရည်တွေနဲ့ Tequila ကို ရောစပ်ပြီးတဲ့အခါမှာတော့ မက္ကဆီကိုနိုင်ငံ၊ Jalisco ပြည်နယ်ရဲ့ နာမည်ကျော် Tequila ကို သောက်သုံးနိုင်ပါပြီ။ အခုဆိုရင်တော့ နိုင်ငံတော်တော်များများရဲ့ ဘားဆိုင်တွေမှာ  Tequila ကို ရောင်းချနေကြပြီးတော့ လမ်းဘေးဆိုင်လေးတွေမှာပါ ရရှိနိုင်တဲ့အထိ Tequila ရဲ့ လွှမ်းမိုးနိုင်မှုက ကျယ်ပြန့်လာပါတယ်။

play

 

 Amatitan လို့ နာမည်ရတဲ့ မက္ကဆီကို ရွာလေးတစ်ရွာဟာ Tequila ကြိုက်နှစ်သက်သူတွေအတွက်တော့ သိထားသင့်တဲ့ ရွာလေးပဲ ဖြစ်ပါတယ်။ မျက်စိပသာဒဖြစ်တဲ့ အဲဒီရွာလေးကို အလည်အပတ်များ ရောက်ခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ နာမည်ကျော် Tequila ကို မြေအိုးတွေနဲ့ သောက်သုံးဖို့ ဧည့်ခံကြမှာဖြစ်ပြီးတော့ အမှတ်တရလက်ဆောင်အဖြစ်လည်း ပေးလေ့ရှိတာမို့ Tequila ကို ကြိုက်နှစ်သက်သူတွေအဖို့တော့ အလည်အပတ်ကို သွားသင့်တယ်လို့ ဆိုရမှာပါပဲ။ Tequila ထုတ်လုပ်ပုံတွေကိုလည်း လေ့လာနိုင်မှာ ဖြစ်သလို စစ်မှန်တဲ့ အရသာကိုလည်း မြည်းစမ်းခွင့်ရမှာမို့ Tequila ချစ်သူတွေအတွက်ရော၊ ကမ္ဘာလှည့်ခရီးသွားတွေအတွက်ပါ သွားလည်ပတ်သင့်ဖို့ ကောင်းတဲ့ နေရာလေးပါပဲ။ လူဦးရေ တစ်သောင်းကျော်ခန့်ပဲ ရှိတဲ့ အဲဒီနေရာလေးဟာ Tequila ထုတ်လုပ်မှုနဲ့ မှာယူခံရမှုအတွက် အကြီးမားဆုံး ဈေးကွက်တစ်ခုလည်း ဖြစ်လို့နေပါတယ်။

play

 

Amatitan မှာရှိတဲ့  El Guero ဘားဆိုင်လေးဟာ ၁၉၉၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဘား လို့ ဆိုပေမယ့် သူ့ရဲ့ အပြင်အဆင်က ဆွဲဆောင်မှု အပြည့်နဲ့ပါ။ မျက်စိတဆုံး ကျယ်ပြန့်လှတဲ့ တောင်ပေါ်မှာ မရေမတွက်နိုင်လောက်သော Spiky Blue Agave လို့ခေါ်တဲ့ Tequila မှာ အဓိကအနေနဲ့ ပါဝင်တဲ့  အပင်တွေကို စိုက်ပျိုးထားပြီးတော့ လတ်ဆတ်တဲ့ လေထုကို ရှူရိုက်ကာ Tequila ကို အရသာရှိရှိ သောက်သုံးနိုင်အောင် ဖန်တီးပေးထားတဲ့ ဘားဆိုင်လေးဖြစ်တာမို့ ခရီးသွားတွေ အကြိုက်တွေ့လှတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ Tequila ကို ရေခဲတုံးအပြည့်ထည့်ထားတဲ့ အိုးလေးထဲမှာ သံပုရာရည် နဲ့ အမြုပ်တစီစီထွက်နေတဲ့ စပျစ်ရည်ဆိုဒါတို့ကို ပေါင်းစပ်ထားပြီးတော့ တ၀ကြီးသောက်သုံးနိုင်မှာလည်းဖြစ်ပါတယ်။ ဓားအသေးလေး တစ်ချောင်းပေါ်မှာ ဆားအနည်းငယ် ပုံပေးထားပြီးတော့ Tequila သောက်သုံးတော့မယ့် အချိန်မှာတော့ ဆားအနည်းငယ် ထည့်ပြီး ရောမွှေ သောက်သုံးနိုင်သလို၊ အိုးနှုတ်ခမ်းပေါ်မှာ ဆားသုတ်ပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။ သံပုရာသီး အနည်းငယ်ကို လှီးဖြတ်ပေးထားပြီးတော့ သောက်သုံးပြီးတဲ့အခါ သံပုရာသီးကို ငုံခဲပြီးတော့ Tequila နဲ့ သံပုရာသီး၊ ဆားတို့ရဲ့ အရသာပေါင်းစပ်မှုကို သိသာစွာ ခံစားနိုင်မှာပါ။

play

 

Elguero ဘားဆိုင်မှာတော့ Tequila ထည့်သောက်ဖို့ရာ Cantaritos အိုး အမျိုးမျိုးကို ၀ယ်ယူရရှိနိုင်ပါတယ်။ အသေးသုံးအိုးဆိုရင် လီတာဝက်ခန့်အထိ ထည့်ပြီး သောက်သုံးလို့ ရပြီးတော့ အိုးအကြီးကြီးတွေဆိုရင်တော့ လက်နှစ်ဖက်နဲ့ ပင့်ကိုင်ပြီး အားပါးတရ သောက်သုံးနိုင်မှာပါ။ လာရောက်လည်ပတ်သူတွေအချို့ကတော့ Tequila ထည့်သောက်ဖို့အတွက် သူတို့စိတ်ကြိုက် အိုးလေးတွေကို တပါတည်း သယ်ဆောင်လာတတ်ကြပါတယ်။ လစ်မစ်များများ သောက်နိုင်တဲ့သူတွေဆိုရင်တော့ အိုးအကြီးကြီးတွေက အသင့်တော်ဆုံးပါပဲ။ Tequila ကို မြေအိုးနဲ့ သောက်သုံးဖူးမှ တကယ့်စစ်မှန်တဲ့ ကော့တေးအရသာကို ခံစားရနိုင်တယ်လို့ ညွှန်းဆိုကြပါတယ်။  ဒီလို သောက်သုံးဖူးသူတိုင်းကလည်း သူတို့ရဲ့ အတွေ့အကြုံကို ပြန်လည်ဝေမျှဖို့ အမြဲသတိတရ ရှိနေကြတယ်လို့တောင် ဆိုစမှတ်တွင်ကြပါတယ်။

Sourec: Theculturetrips

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video