play

 

နယ်ပယ်တိုင်း၊နယ်ပယ်တိုင်းမှာ ပညာရှင်တွေ၊သုတေသနရလဒ်တွေကရတဲ့တကယ့်အချက်အလက်မှန်တွေပေါ် အခြေမခံဘဲ သာမန်ယေဘူယျအတွေးပေါ်အခြေခံထားတဲ့အယူအဆမှားတွေရှိနေတတ်ပါတယ်။ Gym ဆော့တာနဲ့ ပတ်သက်လို့လည်း အဲဒီိလိုအယူအဆမှားတွေရှိနေပြီး ဒီနေရာမှာတော့ Gym ကစားတာနဲ့ပတ်သက်လို့ မိန်းကလေးတွေမှာ ရှိတတ်တဲ့ အယူအဆမှား (၄)ခုကို ပြောပြပေးပါရစေ။

(၁) အလေးမရင် ဗလကြီးဖြစ်လိမ့်မယ်

ဒီအယူအဆမှားဟာ Gym မှာလေ့ကျင့်ပေးတဲ့ဆရာတွေ မကြာခဏရှင်းပြနေတဲ့ကြားက မိန်းကလေးတွေကြားမှာ ပျောက်ကွယ်မသွားသေးတဲ့အယူအဆမှားတစ်ခုပါပဲ။ တကယ်တော့ မိန်းကလေးတစ်ယောက်ဟာ အလေးမလေ့ကျင့်ခန်း တွေလုပ်လို့ လက်မောင်းကြီးတွေကြီး၊ ပခုံးကြွက်သားတွေကြီးလာပြီး ဗလကြီးတစ်ယောက်ပုံစံမျိုးဖြစ်မသွားပါဘူး။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးတွေရဲ့ခန္ဓာကိုယ်က အဲဒီလိုဗလကြီးတွေကြီးဖို့ လိုအပ်တဲ့ဟော်မုန်းဓါတ်ကို လုံလုံလောက်လောက်မထုတ်လွှတ်လို့ပါ။ အဲဒီလို လိုအပ်တဲ့ဟော်မုန်းဓါတ်ကို မိန်းကလေးတွေထက် ၁၅ ဆကနေ အဆ ၂၀ လောက်အထိ ပိုရရှိတဲ့ယောက်ျားလေးတွေတောင်မှ လိုအပ်တဲ့အာဟာရဓါတ်ကိုမှန်မှန်ကန်ကန်မှီဝဲကာ နှစ်နဲ့ချီအချိန်ယူပြီး အပြင်းအထန်လေ့ကျင့်မှ ကြွက်သားတွေကြီးထွားလာနိုင်တာပါ။ မိန်းကလေးတွေဆိုရင်တော့ ဗလကြီးဖြစ်ဖို့ ပိုပြီးတောင် အချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။

(၂) ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတည်းကိုဦးတည်ပြီး အဆီချလို့ရတယ်

play

 

လူတစ်ဦးချင်းစီမှာ ပုံမှန်ထက်ပိုပြီး အဆီချရခက်ခဲတဲ့အစိတ်အပိုင်းတစ်ခုမဟုတ်၊တစ်ခုရှိတတ်ပါတယ်။ များသောအားဖြင့် ကတော့ ဝမ်းဗိုက်အောက်ပိုင်း၊ ပေါင်အတွင်း၊အပြင် စတဲ့နေရာမျိုးတွေပါပဲ။ လေ့ကျင့်ခန်းတွေလုပ်ရင်းနဲ့တခြားနေရာက အဆီတွေကျသလောက် အဲဒီနေရာအဆီတွေကမကျတာမျိုးကြုံရတတ်ပါတယ်။ အဲဒီလိုကြုံရတဲ့အခါ အဆီကျဖို့ခက်နေတဲ့ နေရာတစ်ခုတည်းကိုကွက်ပြီး အဆီချရမယ်ဆိုတဲ့အယူအဆမှားက ဝင်လာပါတော့တယ်။ တကယ်တမ်းမှာ တော့ သိပ္ပံနည်းကျဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတည်းကွက်ပြီးအဆီချလို့မရနိုင်ပါဘူး။ အဲဒီလိုတစ်နေရာတည်းကိုပဲ အဆီချဖို့အတွက်ရည်ရွယ်ပြီး လေ့ကျင့်နေလို့ အဲဒီနေရာကအဆီကကျသွားမှာမဟုတ်ပါဘူး။အဲဒီအစား သင့်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အဆီတွေကျပြီး ကြွက်သားအရွယ်အစားကြီးမားလာဖို့သာ ခန္ဓာကိုယ်တစ်ခုလုံးကို ထပ်၊ထပ်ပြီး လေ့ကျင့်နေရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ သာသင့်ခန္ဓာကိုယ်ရဲ့အဆီချဖို့ခက်ခဲနေတဲ့နေရာက အဆီတွေလျော့ကျသွားမှာပဲ ဖြစ်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်နေတာပဲ၊ စားချင်တာစားလို့ရတယ်

play

 

လေ့ကျင့်ခန်းတွေလုပ်နေတဲ့အတွက် သင့်ခန္ဓာကိုယ်က ကယ်လိုရီတွေကိုလောင်ကျွမ်းတဲ့နှုန်းမြင့်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါကသင်စားချင်တာတွေ၊စားချင်သလောက်လျှောက်စားနေလို့ရတဲ့အဓိပ္ပါယ်တော့မဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်က လောင်ကျွမ်းနိုင်တာထက် ကယ်လိုရီတွေပိုစားနေမယ်ဆိုရင် လေ့ကျင့်ခန်းတွေလုပ်နေတဲ့ကြားက ကိုယ်အလေးချိန်ကတိုးပြီးရင်တိုးနေဦးမှာပါ။ ဒါကြောင့်သင့်အနေနဲ့ လေ့ကျင့်ခန်းတွေလုပ်သလို တစ်ဖက်ကလည်း အဆီတက်စေမယ့်အစားအစာတွေ၊ ကယ်လိုရီများတဲ့အစားအစာတွေကိုရှောင်နိုင်မှသာ အကျိုးရှိမှာဖြစ်ပါတယ်။

(၄) ဝိတ်မကျဘူးဆိုတော့၊ အခုလုပ်နေတဲ့လေ့ကျင့်ခန်းအစီအစဉ်က အကျိုးမရှိဘူးထင်တယ်

play

 

ကိုယ်အလေးချိန်ကျတယ်ဆိုတာ လေ့ကျင့်ခန်းတွေလုပ်တဲ့အတွက် ရရှိလာတဲ့တိုးတက်မှုကိုဖော်ပြနေတဲ့ အချက်တစ်ချက် ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ Gym ဆော့တယ်ဆိုတာ ကိုယ်အလေးချိန်လျော့ကျဖို့တစ်ခုတည်းအတွက်မဖြစ်သင့်ပါဘူး။ တကယ်တမ်းမှာ လေ့ကျင့်ခန်းတွေလုပ်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ကအဆီတွေလောင်ကျွမ်းသွားပြီးအဲဒီနေရာမှာ ဖွံ့ဖြိုးလာ တဲ့ကြွက်သားတွေက ဝင်ရောက်သွားတတ်တာကြောင့် ကိုယ်အလေးချိန်အနေနဲ့ မလျော့ကျသွားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့တစ်ဖက်မှာသင့်ခန္ဓာကိုယ်ရဲ့ ပုံပန်းကတော့ အရင်ကလိုအဆီရွှဲရွှဲနဲ့မဟုတ်ဘဲ တောင့်တောင့် တင်းတင်းကျစ်ကျစ်လစ်လစ်နဲ့ ကြည့်လို့ကောင်းလာသလို ကျန်းမာရေးအရလည်းအရင်ထက်အများကြီးပိုမိုကြံ့ခိုင်သန်မာ လာမှာပါ။

ယခုဆောင်းပါးအား Training Ground The Premier Fitness Club က ကူညီပံ့ပိုးပေးထားပါသည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video