ကမ်းခြေဆိုတာ ပင်လယ်နဲ့ မြေကြီးထိစပ်ရာ၊ လှိုင်းလုံးလေးတွေရဲ့ ခရီးဆုံးပန်းတိုင်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများပြားနေသူတွေ ဆိုရင်လည်း ကမ်းခြေကိုသွားပြီး လှိုင်းလုံးလေးတွေရဲ့ ရိုက်ခတ်သံကို နားထောင်ရရုံနဲ့ စိတ်ဖိစီးမှုတစ်ဝက်လောက် လျော့ပါးစေပါတယ်။

play

 

နောက်တစ်ခေါက် အပန်းဖြေခရီးထွက်မယ်ဆိုရင် သိပ်အုန်းစားနေစရာမလိုအောင် ကမ္ဘာပေါ်မှာ အကြည်လင်ဆုံးရေပြင်ရှိတဲ့ လှပတဲ့ ကမ်းခြေလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဂရိနိုင်ငံက Porto Katsiki ကမ်းခြေ

play
 

(ဂရိလို ဆိတ်ကမ်းခြေလို့ အဓိပ္ပာယ်ရတဲ့ ) Porto Katsiki ကမ်းခြေဟာ Ionian ပင်လယ်ထဲက Lefkada ကျွန်းမှာတည်ရှိတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ အဲဒီကမ်းခြေကိုသွားချင်ရင် ယာဉ်ကြောပိတ်ဆို့မှု အမြဲလိုလိုဖြစ်ပွားနေတဲ့ လမ်းကြောင်းလေး တွေကတဆင့် သွားရပါတယ်။ ပြီးရင် ချောက်ကမ်းပါးရံဘေးမှာဆောက်ထားတဲ့ လှေကားကျဉ်းလေးကိုလည်း နင်းလျှောက် သွားရပါမယ်။

အဲဒီလိုတွေ မကြုံချင်ရင်တော့ လူသူအရောက်အပေါက်သိပ်မရှိတဲ့ ဒီနိဗ္ဗာန်ဘုံလေးကို အခပေးလှေလေးတွေနဲ့လည်း သွားရောက်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလိုဒုက္ခတွေ တသီကြီးရောက်ခဲ့လည်း ကမ်းခြေကို ရောက်တာနဲ့ ဒုက္ခမှန်သမျှကို မေ့သွားမှာပါ။ ဘာလို့လဲဆိုတော့ ဒီကမ်းခြေကို မြေထဲပင်လယ်မှာ အကောင်းဆုံးကမ်းခြေတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားကြလို့ပါပဲ။

၂။ မော်လ်ဒိုက်ကျွန်းစုက Fulhadhoo ကမ်းခြေ

play
 

Fulhadhoo ကမ်းခြေဟာ အိန္ဒိယသမုဒ္ဒရာအလည်မှာတည်ရှိတဲ့ ကျွန်းလေးတစ်ကျွန်းရဲ့ ကမ်းခြေဖြစ်ပါတယ်။ ဒီကျွန်းလေးကတော့ တောတွင်းသားတစ်ယောက်ရဲ့အမြင်နဲ့ သဘာဝကို ထိတွေ့ခံစားလိုသူတွေအတွက်တော့ အသင့်တော်ဆုံးနေရာတစ်ခုပါပဲ။ မော်လ်ဒိုက် ကျွန်းမကြီးကနေ မော်တော်ဘုတ်စီးမယ်ဆိုရင် (၂) နာရီလောက်စီးရပြီး ကျွန်းပေါ်မှာလည်း ဟိုတယ်တစ်လုံးတည်း ရှိပါတယ်။

ဒါပေမယ့် အဲဒီကျွန်းကို အလည်သွားကြသူတွေဟာ ဇိမ်ခံဖို့ထက် တောတွင်းဘဝကို ခံစားလိုလို့ သွားကြတာဖြစ်ပါတယ်။ ကမ်းခြေပေါ်မှာ ရေကူးဝတ်စုံနဲ့ နေပူဆာလှုံတာနဲ့ တားမြစ်ထားသလို အရက်သောက်ခြင်းကိုလည်း ခွင့်မပြုပါဘူး။ အုန်းထန်းပင်တွေ၊ သန္တာကျောက်တန်းတွေ၊ ရောင်စုံငါးတွေ၊ တခြားရေအောက်သတ္တဝါတွေနဲ့ ဝန်းရံထားသလို တောရိုင်းသဘာဝ အလှတွေက သင့်ကို အပြည့်အဝဆွဲဆောင်ထားမှာပါ။

၃။ ဖိလစ်ပိုင်နိုင်ငံက Ipil ကမ်းခြေ

play
 

Ipil ကမ်းခြေဟာ ကမ္ဘာလှည့်ခရီးသွားတွေ အလာနည်းတယ်လို့ လူသိများပြီး အဲဒီကမ်းခြေကို အလည်အပတ်သွားကြတဲ့ ခရီးသွားတွေကလည်း သူတို့ဟာ အဲဒီကမ်းခြေပေါ်မှာ ထီးတည်းဖြစ်နေတာကို တွေ့ရှိရပါလိမ့်မယ်။ (နယ်ခံတချို့ကလွဲရင်ပေါ့။) လည်ပတ်သူတွေဟာ မျောက်တွေ၊ များပြားစုံလင်လှတဲ့ ရောင်စုံကျောက်တန်းတွေ၊ အုန်းထန်းပင်တွေ၊ လူယဉ်တဲ့ လိပ်တွေ အစရှိတာတွေကို မြင်တွေ့ရမှာပါ။ တောင်တန်းတွေရဲ့နောက်ခံပုံရိပ်ကလည်း အံ့အားသင့်ဖွယ် သဘာဝရှုခင်းကို ပေးစွမ်းနိုင်သလို နေဝင်ချိန်ကလည်း အမှတ်တရဖြစ်စေလောက်ပါတယ်။

၎။ ဗီယက်နမ်နိုင်ငံက Dam Trau ကမ်းခြေ

play
 

Dam Trau ကမ်းခြေဟာ လေဆိပ်နဲ့နီးပါတယ်။ ဒါကြောင့် သွားရောက်လည်ပတ်သူတွေဟာ ရံဖန်ရံခါမှာ ခပ်နိမ့်နိမ့်ပျံသန်းသွားတဲ့ လေယာဉ်တွေကို မြင်တွေ့ရမှာပါ။ နောက်ပြီးတော့ ကမ်းခြေကို သမပိုင်း တောအုပ်တွေ၊ ဝါးပင်၊ ထင်းရှူးပင်တွေပေါတဲ့ သစ်တောတွေနဲ့ ဝန်းရံထားပါတယ်။ ဒီလိုနဲ့ လာရောက်လည်ပတ်သူတွေကို မိမိတို့ရဲ့ကိုယ်ပိုင်ကမ္ဘာငယ်လေးတွေထဲမှာ ရောက်နေသလိုမျိုး ခံစားချက်တွေကို ပေးစွမ်းနိုင်မှာပါ။

၅။ ဗြိတိန်နိုင်ငံက Devil's Bay ပင်လယ်အော်

play
 

Devil's Bay ပင်လယ်အော်ကိုတော့ လှေနဲ့သွားလို့ရသလို ကျောက်ဆောင်တွေကြားမှာ ခွတက်လိုက်၊ ကျော်တက်လိုက်လုပ်ပြီး မိနစ် (၃၀) လောက် တောင်တက်ခရီးကနေလည်း သွားလို့ရပါတယ်။ ဒါပေမယ့် တကယ်လို့ တောင်တက်ခရီးကို ရွေးချယ်ခဲ့တယ် ဆိုရင်တော့ ဒါဟာ သင့်ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာကို သိထားသင့်ပါတယ်။

ဘယ်လိုလမ်းကြောင်းကပဲသွားသွား... ရောက်သွားပြီဆိုရင်တော့ ဒီလိုကြည်လင်တဲ့ရေပြင်မျိုးကို အရင်တုံးက ဘာလို့အလည် မလာမိခဲ့လဲဆိုပြီး အံ့အားသင့်နေရပါလိမ့်မယ်။

Source: Reader's Digest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video