နိုင်ငံခြားကိုသွားမယ်ဆို နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)လိုလာပြီလေ။ ပတ်စ်ပို့တွေရဲ့ အပြင်ကာဗာအရောင်က တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူဘူးဆိုတာ သတိထားမိမှာပါနော်။ ကိုယ်ကိုင်ထားတဲ့ပတ်စ်ပို့က ကိုယ့်နိုင်ငံအကြောင်းကို အများကြီး ပြောပြနိုင်ပါတယ်။

play

 

ပတ်စ်ပို့တွေရဲ့အရောင်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာဆိုင်ရာ လမ်းညွှန်ချက်တွေရယ်လို့တော့ မရှိပါဘူး။ ဒါပေမဲ့ ပတ်စ်ပို့အရောင်တွေက ရည်ရွယ်ချက်မဲ့ ထားချင်သလိုထားထားတာလည်း မဟုတ်ပြန်ဘူး။ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ နိုင်ငံရေး သို့မဟုတ် ယုံကြည်ချက်တွေကို ပတ်စ်ပို့အရောင်တွေမှာ ဖော်ပြအသုံးပြုထားတယ်လို့ ဗြိတိန်နိုင်ငံက ပတ်စ်ပို့ပြုလုပ်ပေးတဲ့ကုမ္ပဏီ De La Rue မှ Claire Burrows က Economist မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

 

ဥပမာအားဖြင့် အစ္စလာမ်မစ်နိုင်ငံတွေဟာ သူတို့ရဲ့ဘာသာရေးမှာအရေးပါတဲ့အရောင်ဖြစ်တဲ့ အစိမ်းရောင်ကို ပတ်စ်ပို့ကာဗာမှာ အသုံးပြုကြလေ့ရှိပါတယ်။ ECOWAS (the Economic Community of West African States) အဖွဲ့ဝင်နိုင်ငံတွေကလည်း အစိမ်းရောင်အမျိုးမျိုးကို ပတ်စ်ပို့ကာဗာအဖြစ် ဖုံးအုပ်ကြတာကို တွေ့ရမှာပါ။ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေကတော့ ဝိုင်နီရောင်ကို ပတ်စ်ပို့ကာဗာအဖြစ် အသုံးပြုကြတယ်။ တူရကီလိုမျိုး ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ချင်တဲ့ နိုင်ငံတွေကလည်း ပတ်စ်ပို့ကို ဝိုင်နီရောင် ထားကြပါတယ်။

play

 

အမေရိကန်ပြည်ထောင်စုရဲ့ ပတ်စ်ပို့ကာဗာအရောင်ဟာ ၂၀ ရာစုနှစ်အတွင်းမှာ အသားရောင်၊ အစိမ်းရောင်၊ အနီရောင်အမျိုးမျိုး ပြောင်းလဲခဲ့တယ်။ ၁၉၇၆ ခုနှစ်မှာမှ အပြာရောင်ကို သတ်မှတ်လိုက်ပြီး အရောင်ထပ်မပြောင်းတော့တာပါ။ အမေရိကန်အလံရဲ့အရောင်နဲ့ ကိုက်ညီအောင် ပတ်စ်ပို့ကာဗာအရောင်ကိုပါ အပြာရောင်ထားခဲ့တယ်လို့ Economist က ရေးသားဖော်ပြခဲ့ပါတယ်။ ကာရစ်ဘီးယန်းနိုင်ငံတွေနဲ့ တောင်အမေရိကနိုင်ငံတွေ ၊ ဘရာဇီး၊ အာဂျင်တီးနားနဲ့ ဥရုဂွေးနိုင်ငံတို့ကလည်း အပြာရောင်ပတ်စ်ပို့ကို သုံးကြပါတယ်။

play

 

နိုင်ငံတစ်နိုင်ငံတည်းမှာကိုပဲ ပတ်စ်ပို့တွေရဲ့ အရောင် ကွဲပြားတာမျိုး ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာဆိုရင် နိုင်ငံသားတွေက ပတ်စ်ပို့အနီကို ကိုင်ဆောင်ရပြီး အစိုးရဝန်ထမ်းတွေအနေနဲ့ ပြည်ပကို အစိုးရလုပ်ငန်းဆိုင်ရာအတွက် သွားရောက်နေရသူတွေမှာတော့ အစိမ်းရောင်ပတ်စ်ပို့ကို ပေးထားပါတယ်။ ဆွီဒင်နိုင်ငံမှာတော့ ပတ်စ်ပို့ပျောက်သွားရင် အရေးပေါ်အနေနဲ့ ခရီးသွားစာရွက်စာတမ်းတွေကို အစိုးရက ပန်းရောင်စာရွက်တွေနဲ့ ထုတ်ပေးပါသတဲ့။

Source : Business Insider, Economist

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video