AD
AD
AD

ဘန်ကောက်မြို့ဟာ ကျွန်တော်တို့နဲ့ အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံရဲ့ မြို့တော်ဖြစ်သလို မြန်မာလူမျိုးတွေ ပြည်ပအလုပ်အကိုင် သွားရောက်လုပ်ကိုင်ကြရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘန်ကောက်ဟာ မြန်မာလူမျိုးတွေနဲ့ သိပ်စိမ်းလှတဲ့ နေရာတစ်ခုတော့ မဟုတ်ပါဘူး။ ဘန်ကောက်မြို့ကို အလည်ရောက်လို့ ထူးထူးခြားခြား အတွေ့အကြုံတွေကို လိုချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ နေရာတွေကို စမ်းကြည့်သင့်ပါတယ်။

၁။ လူသေပြတိုက်ကို သွားလည်မယ်

play
 

Siriraj Medical Museum (Siriraj ဆေးပြတိုက်) တစ်နည်းအားဖြင့် လူသေပြတိုက်လို့လည်း ခေါ်ကြတဲ့ပြတိုက်ဟာ အသည်းနုသူတွေ အတွက်တော့ သွားလည်သင့်တဲ့ နေရာတစ်ခု မဟုတ်ပါဘူး။ တကယ်တမ်းမှာ ဒီပြတိုက်ကို ပြခန်း (၆) ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ပြခန်းတိုင်းမှာ သွေးအလိမ်းလိမ်းနဲ့ ဆန်းပြားတဲ့ ပြကွက်တွေကို မြင်တွေ့ရမှာပါ။

အင်္ဂါမစုံတဲ့ ကလေးတွေ၊ လူသားနဲ့ တိရစ္ဆာန် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ လူသေကိုခွဲစိတ်နေချိန်မှာ ရိုက်ထားတဲ့ ဓာတ်ပုံများ စသဖြင့် အနိဋ္ဌာရုံ မြင်ကွင်းပေါင်းစုံကို ပြသထားပါတယ်။ တရားပေါက်ချင်နေသူတွေနဲ့ ထူးဆန်းတဲ့ အတွေ့အကြုံကို ရရှိလိုသူတွေ မဖြစ်မနေ သွားလည်ကြည့်သင့်ပါတယ်။

၂။ Khlong Toei ဈေးတန်း

play
 

ဘန်ကောက်မြို့ရဲ့ ရှော့ပင်းမောလ်ကြီးတွေကနေ အချိန်အနည်းငယ်ပေးပြီး ကားစီးလိုက်ရင် ရောက်နိုင်တာကတော့ မြို့တော်ရဲ့ ရှေးဟောင်းအကျဆုံးနဲ့ အကြီးမားဆုံး ဆင်ခြေဖုံးရပ်ကွက် တစ်ခုဖြစ်တဲ့ Khlong Toei အရပ်ပါပဲ။ အဲဒီဒေသရဲ့ လူနေမှုပုံစံတွေဟာ အံ့သြဖွယ်ကောင်းနေနိုင်ပေမယ့် ဒီဒေသဟာ Khlong Toei ဈေးရှိရာဒေသလည်း ဖြစ်ပါတယ်။

Khlong Toei ဈေးဟာ ဘန်ကောက်မြို့မှာတော့ အကြီးမားဆုံး ရေပေါ်ဈေးပါပဲ။ အဲဒီမှာ အသား၊ ငါး၊ ပုစွန်၊ ပင်လယ်စာတွေကို လတ်လတ်ဆတ်ဆတ် ရနိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်စားလိုတဲ့ ကမ္ဘာလှည့်ခရီးသည် တွေအတွက်တော့ လတ်ဆတ်တဲ့ သားငါးတွေကို ဒီနေရာမှာ ရှာဖွေနိုင်ပါတယ်။

၃။ တိရစ္ဆာန်တွေနဲ့အတူ ကော်ဖီသောက်မယ်

play
 

ခုနောက်ပိုင်းမှာ ကော်ဖီဆိုင်တွေမှာ အလှမွေးတိရစ္ဆာန်တွေထားတာ ခေတ်စားလာပါတယ်။ ဘန်ကောက်မြို့မှာလည်း ထိုနည်းတူပါပဲ။ ကြောင်ချစ်သူတွေအနေနဲ့ Caturday Cat Cafe ဆိုတဲ့ ကော်ဖီဆိုင်မှာ ချစ်စဖွယ်ကြောင်လေးတွေနဲ့အတူ ကော်ဖီသောက်ရင်း ဓာတ်ပုံရိုက်နိုင်ပါတယ်။

ခွေးချစ်သူတွေအတွက်ကတော့ True Love Cafe ဆိုတဲ့ဆိုင်မှာ ဟပ်စ်ကီခွေးလေးတွေနဲ့အတူ ဆော့ကစားရင်း ကော်ဖီသောက်နိုင်ပါတယ်။ အဲဒီလို အလားသဏ္ဍာန်တူ တိရစ္ဆာန်ကော်ဖီဆိုင်တွေလည်း အများကြီးရှိသေးလို့ တိရစ္ဆာန်ချစ်သူတွေ မိမိနှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

 

၎။ လေယာဉ်သင်္ချိုင်းကို သွားလည်ကြမယ်

play
 

တစ်ချိန်က ဝေဟင်ကို စိုးစံခဲ့ကြတဲ့ သံမဏိငှက်ကြီးတွေရဲ့ နားခိုရာနေရာတစ်ခုဖြစ်တဲ့ လေယာဉ်သင်္ချိုင်းကိုလည်း သွားလည်လို့ ရပါသေးတယ်။ လေယာဉ်ပျက်တွေရဲ့ အတွင်းပိုင်းမှာ ဂရပ်ဖ်တီတွေ၊ အမှိုက်တွေ၊ လေယာဉ်အစိတ်အပိုင်း အဟောင်းတွေနဲ့ တန်ဆာဆင်ထားပါတယ်။ Ramkhamhaeng အရပ်ရဲ့ အရှေ့ဘက်မှာ တည်ရှိပြီး လက်ရှိအချိန်မှာ မိသားစု (၃) ခုက လေယာဉ်သင်္ချိုင်းကို စောင့်ရှောက်ထိန်းသိမ်းထားပါတယ်။ ဒါကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ရောက်လေ့လာချင်ရင် အမေရိကန်ဒေါ်လာ (၄) ဒေါ်လာလောက်တော့ ဝင်ကြေးပေးရပါလိမ့်မယ်။

၅။ အမှောင်ထဲမှာ ညစာစားမယ်

Dine in the Dark ဆိုတဲ့ စားသောက်ဆိုင်ဟာ မတူကွဲပြားတဲ့ ခံစားချက်အသစ်တွေကို ပေးစွမ်းနိုင်တဲ့ နေရာလေးတစ်ခုပါ။ အဲဒီဆိုင်မှာ မီးတွေကိုမှိတ်ထားပြီး အမြင်အာရုံကို အသုံးမချဘဲ ညစာ စားရမှာဖြစ်ပါတယ်။ စားသောက်ဆိုင်ရဲ့ အမြင်အာရုံချို့ယွင်းနေတဲ့ လမ်းညွှန်တွေရဲ့ အကူအညီနဲ့အတူ စားသုံးသူတွေဟာ တစ်သက်မမေ့နိုင်လောက်အောင် တစ်ညနေလေးကို ပိုင်ဆိုင်နိုင်မှာပါ။

ဒီဆိုင်မှာ ညစာစားရင် အမြင်အာရုံကို အသုံးချခွင့်မရဘဲ အနံ့၊ အရသာနဲ့ အထိအတွေ့ အာရုံတို့ကိုသာ အသုံးချခွင့် ရမှာပါ။ စားသုံးသူတွေဟာ သက်သတ်လွတ်၊ အာရှစာ၊ ဥရောပစာနဲ့ အထူး surprise ဆိုတဲ့ ဟင်းလျာလေးမျိုးထဲက နှစ်သက်ရာကို ရွေးချယ်ခွင့်ရှိမှာဖြစ်ပြီး ဆဲလ်ဖုန်းတို့၊ ဓာတ်မီးတို့လို အလင်းရောင်ပေးနိုင်တဲ့ အရာတွေကို အပ်ထားခဲ့ပြီးမှ အထူးပြုလုပ်ထားတဲ့ အမှောင်ခန်းထဲမှာ ညစာစားနိုင်မှာ ဖြစ်ပါတယ်။ ကျသင့်ငွေကတော့ အမေရိကန်ဒေါ်လာ (၄၂) ဒေါ်လာခန့်ရှိပါတယ်။

၆။ ကွန်ဒုံးစားသောက်ဆိုင်မှာ စားကြမယ်

play
 

လုံခြုံမှုကို နှစ်သက်သူတွေကတော့ Cabbages & Condoms ဆိုတဲ့ ထူးထူးဆန်းဆန်း စားသောက်ဆိုင်လေးကို အလည်သွားသင့်ပါတယ်။ (နောက်တာပါ :P) ဒီစားသောက်ဆိုင်ကို ကွန်ဒုံးတွေနဲ့ အလှဆင်ထားတာပါ။ ခုလိုဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ မိသားစုတစ်ခု တည်ဆောက်မှုကို ပိုမိုနားလည် လက်ခံလာစေဖို့ပါပဲတဲ့။ အတွင်းပိုင်းကိုတော့ ကွန်ဒုံးမျိုးစုံနဲ့ ပြုလုပ်ထားတဲ့ အရုပ်တွေနဲ့ အလှဆင်ထားပါတယ်။ တစ်ခုရှိတာက ဒီဆိုင်က အစားအသောက်တွေက အရသာအရမ်း ကောင်းမွန်ပါတယ်တဲ့။

Source: theculturetrip

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD