AD
AD
AD

ဂျပန်နိုင်ငံ၊ ကျိုတိုမြို့ဟာ သက်တမ်းရှည်ကြာပြီဖြစ်တဲ့ မြို့တစ်မြို့ဖြစ်ပြီး ဂျပန်ပြည်ရဲ့ သဘာဝအလှအပမျိုးစုံကို ပေးစွမ်းနိုင်ပါတယ်။ အထူးသဖြင့် ကျိုတိုမြို့ရဲ့ ဥယျာဉ်တွေဟာ အေးအေးလူလူ အပန်းဖြေရင်း ဟိုက္ကူကဗျာလေး စပ်ချင်သူတွေအတွက်တော့ လည်ပတ်ဖို့ အသင့်တော်ဆုံး နေရာပါပဲ။ ကျိုတိုမြို့ကို အလည်သွားတော့မယ်ဆိုရင် ဒီဥယျာဉ်တွေကိုတော့ မဖြစ်မနေ အလည်သွားကြည့် သင့်ပါတယ်။

၁။ Ryoan-ji ဘုရားကျောင်း

play
 

ကမ္ဘာပေါ်မှာ လူသိများတဲ့ ဂျပန်ပြည်ရဲ့ ဇင်ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုဖြစ်တဲ့ Ryoan-ji ဘုရားကျောင်းဟာ ကျိုတိုမြို့ အနောက်မြောက်အရပ်မှာ တည်ရှိပါတယ်။ Ryoan-ji ဘုရားကျောင်းရဲ့ ဥယျာဉ်ဟာ သင်တွေ့ဖူးတဲ့ ဘယ်အရာနဲ့မှတူမှာ မဟုတ်ပါဘူး။ အဖြူရောင်သဲသောင်ပြင်ပေါ်မှာ ထူးဆန်းတဲ့ကျောက်တုံး (၁၅) လုံး တည်ရှိနေတာကို တွေ့မြင်ရမှာပါ။

ဒီဥယျာဉ်ဟာ ရိုးရှင်းမှုနဲ့ အရွယ်အစာတို့ကြောင့် နာမည်ကြီးပါတယ်။ (အရှေ့မှအနောက်သို့ (၂၅) မီတာပဲ ကျယ်ဝန်းပါတယ်) မနက်စောစောနဲ့ မွန်းတိမ်းချိန်တွေမှာ အလည်အပတ်သွားရင် လူအုပ်ကြီးကို ရှောင်နိုင်ပြီး အေးအေးလူလူ လေ့လာနိုင်မှာပါ။

၂။ Ginkaku-ji ဘုရားကျောင်း

play
 

Ginkaku-ji ဘုရားကျောင်းထဲက ဂျပန်ရှိုးဂန်း (စစ်အာဏာရှင်) တွေ အေးအေးလူလူ လမ်းလျှောက်ထွက်တဲ့ ဥယျာဉ်ဟာ ဂျပန်နိုင်ငံက ရှုခင်းရှုကွက်အကောင်းဆုံး ရိုးရာဥယျာဉ်ထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဒီဥယျာဉ်ကို ဗိသုကာ အနုပညာရှင် Soami က ဒီဇိုင်းဆွဲခဲ့ပြီး သဲဥယျာဉ်နဲ့ ရေညှိဥယျာဉ်တို့လို စတိုင်လ်အမျိုးမျိုးကိုလည်း ထည့်သွင်းခဲ့ပါတယ်။

"ငွေရောင်သဲပင်လယ်" လို့ လူသိများတဲ့ သဲဥယျာဉ်ဟာ ထင်ရှားပြီး ဖူဂျီတောင်ကို သရုပ်ဆောင်ထားတယ်ဆိုတဲ့ သဲပုံကြီးတစ်ပုံလည်း ပါရှိပါတယ်။ လှပတဲ့ ရေညှိဥယျာဉ်ကလည်း ကျွန်းနဲ့တံတားတွေ ပါဝင်တဲ့ ရေကန်တွေ၊ ရေပူစမ်းတွေ၊ သစ်ပင်တွေနဲ့ အေးအေးလူလူ လမ်းလျှောက်လို့ကောင်းတဲ့ နေရာလေးတစ်ခုပါ။

၃။ Saiho-ji ဘုရားကျောင်း

play
 

Koke-dera လို့လည်း လူသိများတဲ့ Saiho-ji ဘုရားကျောင်းကတော့ ဂျပန်တစ်နိုင်ငံလုံးမှာ လူသိအများဆုံး ရေညှိဥယျာဉ်ကို ပိုင်ဆိုင်တာကြောင့် ရေညှိဘုရားကျောင်းလို့လည်း နာမည်ကျော်ကြားပါတယ်။ အဲဒီကဥယျာဉ်တွေဟာ သဘာဝအလှအပတစ်ခုအဖြစ် ထင်ရှားပြီး ရွှေရေကန်ကိုဗဟိုပြုပြီး တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ဥယျာဉ်ထဲမှာ သစ်လုံးအိမ် (၃) လုံးလည်း ပါရှိလို့ အေးအေးလူလူ အနားယူနိုင်ပါသေးတယ်။ ရေညှိဥယျာဉ်ထဲမှာ အပန်းဖြေနေရင်း အစိမ်းရောင်ကမ္ဘာသစ်တစ်ခုထဲကို ရောက်သွားသလိုလည်း ခံစားရမှာပါ။

 

၎။ Heian Jingu နတ်ကွန်း

ကျိုတိုမြို့ရဲ့ (၁၁၀၀) ပြည့်နှစ် အထိန်းအမှတ်အဖြစ် တည်ဆောက်ခဲ့တဲ့ Heian Jingu နတ်ကွန်းကတော့ ကျိုတိုမြို့ရဲ့ အကောင်းဆုံး ရိုးရာဥယျာဉ် တွေထဲမှာ ပါဝင်ပါတယ်။ နတ်ကွန်း အဆောက်အဦးရဲ့ နောက်ဘက်မှာ ကြီးမားတဲ့ဥယျာဉ်ကြီး တစ်ခုရှိပြီး ရောင်စုံနတ်ကွန်း အဆောက်အဦးတွေနဲ့ လှပစွာ ပနံရနေပါတယ်။

ဥယျာဉ်ကို Heian ခေတ် (၇၈၄-၁၁၈၅) တုံးက စတိုင်လ်အတိုင်း ဆောက်လုပ်ထားပြီး တရုပ်စတိုင်လ် တံတားထိုးထားတဲ့ ရေကန်ကြီးလည်း ပါရှိပါတယ်။ ချယ်ရီပွင့်တဲ့ ရာသီဆိုရင်တော့ ဥယျာဉ်က အရမ်းကို လှပပါတယ်။

၅။ Tenryu-ji ဘုရားကျောင်း

play
 

မြို့ရဲ့အနောက်ဖက်စွန်းစွန်းမှာ တည်ရှိတဲ့ Tenryu-ji ဘုရားကျောင်းကတော့ ကျိုတိုမြို့ရဲ့ အကြီးမားဆုံး ဇင်ဗုဒ္ဓဘုရားကျောင်း တစ်ခုဖြစ်ပါတယ်။ ဒီဂျပန်ဥယျာဉ်လေးကိုတော့ Arashiyama တောင်တန်းရဲ့ ရှုခင်းတွေနဲ့ ဝန်းရံထားပါတယ်။ ဥယျာဉ် အလည်မှာတော့ နာမည်ကျော် Sogen ရေကန်ရှိပြီး ဂျပန်ပြည်ရဲ့ သဘာဝအလှအပ ရှုခင်းတစ်ခုအဖြစ် နာမည်ကျော်ပါတယ်။ ဒီဥယျာဉ်ကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ ချယ်ရီပွင့်ချိန်ပါပဲ။

Source: theculturetrip

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD