ကဲ... ဘာလိုလိုနဲ့ ၂၀၁၇ လည်း ကုန်တော့မယ်။ နှစ်တစ်နှစ်ကုန်ဆုံးခါနီးမှာ ကုမ္မဏီတွေ၊ ရုံးတွေမှာ နှစ်ချုပ်စာရင်းတွေ လုပ်ကြရသလို လူတွေမှာလည်း နှစ်ချုပ်စာရင်းတွေ လုပ်ကြရပါတယ်။ ဥပမာ... ဒီနှစ်ထဲမှာ ကိုယ် သင်တန်းဘယ်နှခု တက်ပြီးပြီလဲ။ ခရီးဘယ်နှခု ထွက်ပြီးပြီလဲ။ ပိုက်ဆံဘယ်လောက်ရှာနိုင်ပြီး ဘယ်လောက်စုဖြစ်လဲ စသည်ဖြင့်ပေါ့။

နှစ်ဟောင်းရဲ့ နှစ်ချုပ်စာရင်းပြီးရင် နှစ်သစ်အတွက် စာရင်းသစ်ကို ထပ်မံဖန်တီး ရမယ်လေ။ တစ်နှစ်လုံး စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရသမျှကို ဖြေဖျောက်ချင်တယ်ဆိုရင်တော့ ဒီနေရာလေးတွေကို ရွေးချယ်သင့်ပါတယ်။

၁။ Obonjan (ခရိုအေးရှား)

play
 

ခရိုအေးရှားနိုင်ငံဟာ ၂၀၁၆ ခုနှစ်ရဲ့ လူသိအများဆုံး ပါတီပွဲတွေရဲ့ စုဝေးရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ပိုမိုပျော်ရွှင်တဲ့ ဘဝတို့အတွက် ဖြည့်ဆည်းပေးနိုင်တဲ့ ကျွန်းတစ်ကျွန်းလည်း ရှိပါတယ်။ အဲဒီနေရာကိုတော့ Obonjan လို့ခေါ်ပါတယ်။ နှစ်စဉ်နွေရာသီ နေ့ရက်တိုင်းမှာ ကျွန်းပေါ်မှာ ဂီတဖျော်ဖြေပွဲတွေ၊ စိတ်ဓာတ်မြှင့်တင်ရေး လက်ချာတွေနဲ့ ကျန်းမာရေးပွဲတွေကို ကျင်းပကြပါတယ်။

ရာသီစပြီဆိုတာနဲ့ ကမ္ဘာတဝှမ်းလုံးက ကျွမ်းကျင်သူတွေဟာ ဒီကျွန်းပေါ်ကိုလာပြီး ပညာပေးဆွေးနွေးပွဲတွေ၊ တွေ့ဆုံဆွေးနွေး နှစ်သိမ့်ပေးခြင်းတွေကို ပြုလုပ်ပေးကြပါတယ်။ မနက်ခင်းတိုင်းမှာ ယောဂကစားခြင်းနဲ့ စတင်မယ်။ ပြီးရင် စာအုပ်ဖတ်ပွဲရှိမယ်။ ပြီးတာနဲ့ တောအုပ်ထဲမှာ gym ကစားရမယ်။ ဒါမှမဟုတ် တောရိုင်းရေကူးခြင်းဆိုတာကိုလည်း စမ်းသပ်နိုင်ပါတယ်။ ဒါတွေအားလုံးက ပျင်းစရာကောင်းတယ်လို့ ခံစားနေရရင်တော့ ညဘက်မှာ ကော့တေးလ်ပါတီနဲ့ DJ တွေလည်း ရှိပါသေးတယ်။ စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက်တော့ ဒီအစီအစဉ်လေးက အကောင်းဆုံးပါပဲ။ 

၂။ Nicoya ကျွန်းဆွယ် (Costa Rica)

play
 

Costa Rica နိုင်ငံက Nicoya ကျွန်းဆွယ်ဟာ ကမ္ဘာပေါ်မှာ အထင်ရှားဆုံး Blue Zone တစ်ခုပါပဲ။ Blue Zone ဆိုတာ လူ့သက်တမ်းက ယေဘုယျအားဖြင့် (၆၀) ဝန်းကျင်မှာပဲ ရှိချိန်မှာ အသက်တစ်ရာပြည့်အောင် နေနိုင်တဲ့သူတွေ ရှိနေတဲ့အရပ်ပါ။ ဒီဒေသတစ်ခုတည်းက ကျန်းမာရေးလိုက်စားတာတော့လည်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးက pura vida (သန့်စင်တဲ့ဘဝ) ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ပါတယ်။

Costa Rica ရဲ့နေထိုင်မှုပုံစံက အေးအေးဆေးဆေးရှိပြီး ရှုပ်ရှုပ်ယှက်ယှက်လည်း မရှိကြပါဘူး။ သဘာဝတရားကိုလည်း ချစ်မြတ်နိုးကြပါတယ်။ Cloud တောအုပ်ထဲမှာ မျောက်မောင်းမရှာ ထွက်တာတို့၊ အုန်းထန်းပင်တွေ ဝန်းရံနေတဲ့ ဖြူလွှလွှ သဲသောင်ပြင်တွေနဲ့ ကမ်းခြေမှာ လှိုင်းစီးတာတို့၊ ဒါမှမဟုတ် ယောဂကစားတာတို့ စသဖြင့် မိမိနှစ်သက်ရာ စိတ်အပန်းဖြေနည်းကို ရွေးချယ်နိုင်ပါတယ်။

၃။ ဂျပန်

play
 

လတ်ဆတ်တဲ့ ငါးတွေ၊ ဟင်းသီးဟင်းရွက်တွေစားပြီး အသက်ရှင်ကျန်းမာအောင် စီမံထားတဲ့ သူတို့ရဲ့ အစားအသောက်ပလန်တွေ၊ Ikigai လို့ခေါ်တဲ့ ဘဝရည်မှန်းချက်ကို ရှာဖွေလိုတဲ့ ဆန္ဒတွေ၊ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတွေနဲ့ ဂျပန်နိုင်ငံဟာ စိတ်နဲ့ခန္ဓာကျန်းမာရေးကို သဘာဝအလျောက် ပံ့ပိုးပေးနေပြီးသားပါ။

 

ဂျပန်နိုင်ငံရဲ့ သက်ရှည်ကျန်းမာရေးနည်းလမ်းတွေက လူသိများပြီးသားပါ။ ဥပမာ... တောအုပ်သန့်စင်ခြင်း (စိတ်နဲ့ခန္ဓာ သန့်ရှင်းစင်ကြယ်အောင် တောအုပ်ထဲမှာ လမ်းလျှောက်ခြင်း) တို့လိုမျိုးပေါ့။ လမ်းလျှောက်နေရင်း ပတ်ဝန်းကျင်က အဆင်း၊ အသံ၊ အနံ့၊ အထိအတွေ့အာရုံတွေကို မှတ်ထားပြီး မိမိရဲ့ စိတ်နဲ့ခန္ဓာကို စင်ကြယ်အောင် ဆေးကြောတာပါ။ ဒီလိုလှုပ်ရှားမှုလေးတွေမှာ ဝင်ပါပြီး တစ်နှစ်တာ စိတ်ဖိစီးမှုတွေကို ရှင်းလင်းပေးနိုင်ပါတယ်။

၎။ Sedona မြို့(အမေရိကန်)

play
 

လိမ္မော်ရောင်ကျောက်တောင်တွေ၊ စူးချွန်တွေနဲ့ ရှားစောင်းလက်ပတ်ပင်တွေနဲ့ အရီဇိုးနားပြည်နယ်က မြို့ငယ်လေးဟာ တခြားမြို့တွေနဲ့ မတူ တမူထူးခြားတဲ့ မြို့လေးပါ။ ဒါပေမယ့် Sedona မြို့ဟာ သဘာဝအလှအပတွေ ရှိနေတာတစ်ခုတည်းကြောင့် ဒီစာရင်းထဲမှာ ပါလာတာမဟုတ်ပါဘူး။

တချို့တွေက Sedona မြို့ကို စကြဝဋ္ဌာထဲက စွမ်းအင်တွေ စီးဆင်းသွားလာနေတဲ့ နေရာတစ်ခုအဖြစ် ယုံကြည်ကြပါတယ်။ Sedona မြို့မှာ နိမိတ်ဖတ်ဆရာတွေ၊ ဆေးဆရာတွေ၊ ယောဂီတွေလို စိတ်နယ်လွန်ဖြစ်ရပ်ဆန်းတွေကို ယုံကြည်သူတွေ စုဝေးနေထိုင် ကြပါတယ်။ သူတို့ဟာ ဒီနေရာမှာနေထိုင်ရင် စကြဝဋ္ဌာစွမ်းအင်တွေကို ပိုမိုရရှိမယ်လို့ ယုံကြည်ကြပါတယ်။

၅။ ဘာလီကျွန်း (အင်ဒိုနီးရှား)

play
 

အင်ဒိုနီးရှားနိုင်ငံရဲ့ ဟိန္ဒူဘာသာဝင်တွေ စုဝေးနေထိုင်ရာ အရပ်ဖြစ်တဲ့ ဘာလီကျွန်းဟာ "နတ်ဘုရားတွေရဲ့ကျွန်း" လို့ လူသိများပါတယ်။ လေ့လာလည်ပတ်သူတွေဟာ ဘာလီကျွန်းရဲ့ ယဉ်ကျေးမှုတွေကို လေ့လာချင်ရုံသာမက တုနှိုင်းမဲ့တဲ့ သဘာဝ အလှတွေကို ခံစားချင်လို့ လာရောက်ကြတာပါ။ ဘာလီကျွန်းရဲ့ ဆေးဆရာတွေဟာ ကျွန်းရဲ့နေရာတိုင်းမှာရှိပြီး သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ ဝေဒနာအားလုံးကို ကူညီဖြေရှင်းပေးမှာပါ။

Elizabeth Gilbert ရဲ့ Eat Pray Love ဆိုတဲ့ ကမ္ဘာကျော်ဝတ္ထုထဲမှာပါဝင်တဲ့ Ubud ဆိုတဲ့ တောင်ပေါ်မြို့လေးဟာ စိတ်နဲ့ခန္ဓာ ကျန်းမာရေးကို ရှာဖွေနေသူတွေအတွက်တော့ ဗဟိုချက်မပါပဲ။ မြို့ထဲမှာ ယောဂီတွေ၊ သက်သတ်လွတ်စားသောက်ဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ ယောဂလေ့ကျင့်ခန်း စင်တာတွေ အများကြီးတည်ရှိပါတယ်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video