AD
AD
AD

"လူ့လောကထဲကိုရောက်လာ၊ ပညာရှာ၊ စီးပွားရှာ၊ ကြင်ယာရှာ၊ အိမ်ယာထူထောင်၊ အလုပ်လုပ်၊ သေသွား" စတဲ့ သံသရာလေးဟာ လူ့လောကထဲကို ရောက်ရှိလာတဲ့ လူသားတိုင်း ကြုံတွေ့ရတဲ့ သံသရာလို ဖြစ်နေပါတယ်။ တချို့တွေရဲ့ဘဝဆိုရင် အပြောင်းအလဲမရှိ တသမတ်တည်း ဖြစ်နေတတ်ပြီး ပျင်းစရာကောင်းလှပါတယ်။

အဲဒီထဲမှာမှ စွန့်စားလိုစိတ်ဟာ ပျင်းရိစရာကောင်းတဲ့ လူ့ဘဝကို စိုပြေစေတဲ့ လူသားသဘာဝ တစ်မျိုးပဲမဟုတ်ပါလား။ တစ်နည်းအားဖြင့် ပြောရရင် ကိုလမ်ဘတ်လို စွန့်စားလိုသူတစ်ဦးကြောင့်ပဲ အမေရိကတိုက်လို ကမ္ဘာသစ်ကို တွေ့ရှိခဲ့တာ မဟုတ်ပါလား။ ဒါပေမယ့် စွန့်စားလိုသူတွေအတွက်တောင် အရမ်းအန္တရာယ်များတဲ့ နေရာတွေလည်း ရှိပါသေးတယ်။

၁။ ကမ္ဘာပေါ်မှာ အမတ်စောက်ဆုံးတောင်- Mount Thor (ကနေဒါ)

play
 

ကနေဒါနိုင်ငံက ပေပေါင်း (၅၄၉၅) ပေခန့်အမြင့်ရှိတဲ့ Mount Thor ဟာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံး တောင်ထွတ်မဟုတ်ပေမယ့် ကမ္ဘာပေါ်မှာ အမတ်စောက်ဆုံးတောင်ထွတ်ဖြစ်ပါတယ်။ ဗိုက်ကင်းလူမျိုးတို့ရဲ့ မိုးကြိုးနတ်ဘုရား Thor ကို ဂုဏ်ပြုတဲ့အနေနဲ့ Mount Thor လို့အမည်ပေးထားတာဖြစ်ပြီး နှမ်းဖတ်ကျောက် (granite) နဲ့ ဖွဲ့စည်းထားပါတယ်။

Mount Thor မှာ (၄၁၀၁) ပေ မြင့်တဲ့ ဒေါင်လိုက်မျက်နှာပြင်ရှိပြီး ပျမ်းမျှတိမ်းစောင်းတဲ့ အချိုးကလည်း (၁၀၅) ဒီဂရီလောက်ပဲ ရှိပါတယ်။ လူသူကင်းဝေးတဲ့ နေရာတွေမှာ တည်ရှိတယ်ဆိုပေမယ့် Mount Thor ဟာ တောင်တက်သမားတွေကြားမှာတော့ နာမည်ကြီးတဲ့ နေရာတစ်ခုပါပဲ။ တောင်တက်ရတာ ဝါသနာမပါသူတွေကတော့ တောင်အနီးတဝိုက်ကို သွားရောက်လည်ပတ်ပြီး ရှုခင်းကြည့်နိုင်ပါတယ်။

၂။ ကမ္ဘာပေါ်မှာ အအေးဆုံးနေရာ- Oymyakon (ရုရှ)

play
 

ရုရှနိုင်ငံကမြို့ငယ်လေး Oymyakon ဟာ ကမ္ဘာပေါ်မှာ ရာသီဥတုအအေးဆုံး နေရာလို့ လူသိများပြီး နေထိုင်သူလူဦးရေ (၅၀၀) ခန့်ပဲရှိပါတယ်။ မြို့ရဲ့အပူချိန်က ၁၉၂၄ ခုနှစ်တုန်းက တိုင်းထွာချက်အရဆိုရင် (- ၉၆.၁၆) ဒီဂရီဖာရင်ဟိုက်ခန့်ရှိပါတယ်။ (ပုံမှန်အသား အအေးခန်းတစ်ခန်းရဲ့ အပူချိန်တောင် (-၂၀) ဒီဂရီဖာရင်ဟိုက်ခန့်ပဲရှိပါတယ်။) အရင်တုန်းကဆိုရင် ဒီမြို့ကို နိုင်ငံရေးအရ နယ်နှင်ခံရသူတွေကို ထားတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။

အခုအချိန်မှာတော့ မြို့ရဲ့အပူချိန်ဟာ ဆောင်းရာသီမှာဆိုရင် (-၅၆ ဒီဂရီဖာရင်ဟိုက်) ခန့်ရှိပြီး ခန္ဓာကိုယ်လုပ်ဆောင်မှု တွေအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ မြေပြင်ဟာ တစ်နှစ်ပတ်လုံး ရေခဲနေတတ်ပြီး မြို့ထဲမှာလည်း ဟိုတယ်တစ်လုံးပဲ ရှိပါတယ်။ ရေခဲနှင်းလျှောစီးသူတွေ၊ ရေခဲဟော်ကီ ကစားသူတွေ၊ ရေခဲငါးမျှားလိုသူတွေအတွက်တော့ စိတ်ဝင်စားစရာ နေရာတစ်ခုပါ။

၃။ ကမ္ဘာပေါ်မှာ အခြောက်သွေ့ဆုံးနေရာ- Atacama ကန္တာရ (ချီလီ)

play
 

ဒီကန္တာရကို အလည်အပတ်သွားမယ်ဆိုရင်တော့ နေလောင်ကာခရင်မ်ကောင်းကောင်း သုံးထားဖို့တော့ လိုပါတယ်။ NASA နဲ့ National Geographic မဂ္ဂဇင်းရဲ့ အဆိုအရတော့ ချီလီနိုင်ငံက Atacama ကန္တာရဟာ အင်္ဂါဂြိုဟ်မျက်နှာပြင်လို့တောင်ထင်ရတဲ့ မြေဆီလွှာနဲ့ မြေမျက်နှာပြင်ရှိပါတယ်။ ၁၉၀၃ ခုနှစ် အောက်တိုဘာလကနေ ၁၉၁၈ ခုနှစ် ဇန်နဝါရီလအတွင်းမှာဆို Atacama ကန္တာရထဲမှာ မိုးတစ်စက်တောင် မရွာခဲ့ပါဘူး။

အဲဒီအချိန်ပိုင်းဟာ မိုးမရွာတာ အကြာဆုံးကာလအဖြစ် ကမ္ဘာ့မှတ်တမ်းဝင် သွားခဲ့ပါတယ်။ လူသူအရောက်အပေါက် အလွန်နည်းပါးပြီး ဒီနယ်မြေကိုမှ စူးစမ်းချင်တဲ့ ခရီးသွားတွေအတွက် ကန္တာရအစပ်မှာ ဟိုတယ်လေးတွေတော့ ရှိပါတယ်။

၎။ ကမ္ဘာပေါ်မှာ အပူဆုံးနေရာ- Lut ကန္တာရ (အီရန်)

play
 

အီရန်နိုင်ငံက Lut ကန္တာရကို အလည်သွားမယ်ဆိုရင်တော့ အပူချိန်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ကြိုတင်စဉ်းစားထားဖို့ လိုအပ်ပါလိမ့်မယ်။ Lut ကန္တာရထဲမှာ အပူချိန်က (၁၅၈) ဒီဂရီ ဖာရင်ဟိုက်ခန့်ရှိပါတယ်။ နယ်ခံဒဏ္ဍာရီတစ်ခုအရဆိုရင် Lut ကန္တာရ (Dasht-e Lut) ဆိုတာ ပါရှန်းဘာသာစကားနဲ့ဆိုရင် "မီးဖုတ်ထားတဲ့ ဂျုံ" လို့ အဓိပ္ပာယ်ရပြီး ကန္တာရထဲမှာ ရက်အနည်းငယ်လောက် မေ့လျော့ထားခဲ့မိတဲ့ ဂျုံတစ်လှေ့ အပူချိန်ကြောင့် မီးလောင်ပြာကျသွားတယ်ဆိုတဲ့ ပုံပြင်ကို အခြေခံထားပါတယ်။ အပူချိန်ကို ခံနိုင်မခံနိုင် စမ်းသပ်လိုတဲ့ စွန့်စားလိုသူ ကမ္ဘာလှည့်ခရီးသည်တချို့ကတော့ လာရောက်လည်ပတ်ကြပါတယ်။

၅။ ကမ္ဘာပေါ်မှာ အအေးဆုံးတိုက်ကြီး- အန္တာတိကတိုက်

play
 

ခန့်မှန်းခြေလူဦးရေ (၁၀၀၀) နဲ့ (၄၀၀၀) ကြားမှာပဲတည်ရှိတဲ့ ကမ္ဘာပေါ်မှာ နံပါတ် (၅) အကြီးဆုံးတိုက်ကြီးဟာ ပြင်းထန်မှုတွေ စုဝေးနေတဲ့အရပ်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အအေးဆုံးနေရာတစ်ခုဖြစ်သလို အခြောက်သွေ့ဆုံး နေရာတစ်ခုလည်းဖြစ်ပါတယ်။ ခရီးသွားတွေဟာ အန္တာတိကတိုက်ကို ရောက်ရှိဖို့အတွက် ကြမ်းတမ်းတဲ့ပင်လယ်ပြင်ကို အံတုနိုင်တဲ့ ရေခဲခွဲသင်္ဘောကြီးတွေနဲ့ပဲ သွားလာနိုင်ပါတယ်။ အလွန်လှပတဲ့ ရှုခင်းတွေရှိတယ်ဆိုပေမယ့် ကျွမ်းကျင်တဲ့ နယ်မြေခံတိုးလ်ဂိုက် မပါဘဲတော့ နယ်မြေကို ရမ်းသမ်းမသွားသင့်ပါဘူး။

Source: Reader's Digest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD