ဒီဇင်ဘာလမှာတော့ ပိတ်ရက်တွေက အများကြီးပဲနော်။ ပိတ်ရက်တွေမှာ ခရီးသွားဖို့အတွက် စဉ်းစားထားကြပြီးလောက်ပြီပေါ့။ ပြည်တွင်းက နာမည်ကြီး ဒေသတွေကို သွားကြမယ်။ နိုင်ငံရပ်ခြားကို အလည်အပတ်သွားကြမယ်။ ကိုယ်နှစ်သက်ရာခရီးစဉ်တွေ ရွေးချယ်ပြီးလောက်ကြပြီလေ။  ၂၀၁၇ ခုနှစ်ရဲ့ နောက်ဆုံးသော လ၊ နောက်ဆုံးသော ရုံးပိတ်ရက်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ နိုင်ငံရပ်ခြားကို အလည်အပတ်သွားဖို့ စိတ်ကူးနေတဲ့ သူတွေအတွက် ဘယ်နေရာတွေကို သွားသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်တယ်နော်။ ကမ္ဘာတ၀ှမ်းမှာ နာမည်ကျော်ကြားနေပြီး ကမ္ဘာလှည့်ခရီးသည်တွေ အကြိုက်တွေ့နေတဲ့ နေရာလေးတွေကို ရွေးချယ်ပေးထားတာမို့လို့ ပြည်ပကို ခရီးထွက်မယ့်သူတွေအတွက်တော့ ပိုပြီးတော့ ရွေးချယ်လို့ရပြီပေါ့။

၁။ Paris (ပြင်သစ်)

play
 

ကမ္ဘာ့မြို့ကြီးများထဲမှာ နာမည်အကျော်ကြားဆုံး မြို့တစ်ခုပါပဲ။ ကဖေးဆိုင်၊ ၀ိုင်၊ အနုပညာသုခုမလက်ရာတွေနဲ့ ခမ်းနားနေတဲ့ ပဲရစ်မြို့ကြီးဟာ အီဖယ်မျှော်စင်ကြီးကြောင့်လည်း အလှပေါ် အယဉ်ဆင့်သလို နာမည်ကျော်ကြားနေတာ ဖြစ်ပါတယ်။ ၀ိုင်တစ်ခွက်နဲ့ ပဲရစ်ရဲ့ မှော်ဆန်တဲ့ ညနေခင်းကို ကျော်ဖြတ်လို့ရတယ်လို့တောင် တင်စားကြပါတယ်။ ညဖက်မှာဆိုရင်လည်း အပျော်စီး သဘောင်္ငယ်လေးတွေနဲ့ ကမ်းခြေတွေမှာ လည်ပတ်လို့ရသလို အီဖယ်မျှော်စင်ရဲ့ ညရှူခင်းကိုလည်း လှေစီးရင်း ခံစားလို့ ရပါသေးတယ်။ ပဲရစ်မြို့ရဲ့ လမ်းမတွေပေါ် လမ်းလျှောက်မိခဲ့ရင်တော့ ဒီအတွေ့အကြုံက သင့်အနားကနေ ဘယ်သောအခါမှ လွင့်စင်သွားမှာ မဟုတ်ဘူးလို့တောင် ပြောလို့ရပါတယ်။

၂။ Santorini (ဂရိ)

play
 

တကယ်လို့များ ကမ္ဘာကြီးပေါ်က အလှပဆုံးနေ၀င်ဆည်းဆာချိန်ကို ကြည့်ချင်တယ်ဆိုရင် ဆန်တိုရီနီကျွန်းစုကို သွားတာ အကောင်းဆုံးပါပဲ။ ရင်သပ်ရှူမောဖွယ်ရာ ညနေဆည်းဆာအလှအပက သင့်ရဲ့ အသက်ရှူသံတွေကို ရပ်တန့်သွားစေနိုင်ပါတယ်။ အရသာရှိလှတဲ့ ပင်လယ်စာအစားအစာတွေကို စားသုံးပြီးတော့လည်း ခံစားလို့ရပါသေးတယ်။ Aegean ပင်လယ်က မိုးပြာရောင် ပင်လယ်ရေတွေ၊ ညနေခင်း နေမင်းကြီးရဲ့ အစွမ်းကုန်လှပနေမှုတွေကြားထဲမှာ သင် နစ်ဝင်ပျောက်ဆုံးသွားမှာကိုတော့ သတိထားဖို့ လိုတာပေါ့။ ကမ္ဘာကြီးရဲ့ အမြင့်ဆုံး တစ်နေရာကနေ ညနေ နေ၀င်ချိန်ကို ထိုင်ကြည့်နေရတယ်ဆိုတဲ့ အသိနဲ့တင် ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းနေပြီနော်။

၃။ Casablanca (မော်ရိုကို)

play
 

နူးညံ့သိမ်မွေ့ပြီးတော့ ခံစားမှုသက်ဝင်ဖို့ကောင်းတဲ့ ဒရမ်ကာရုပ်ရှင်ကားတိုင်းမှာ မော်ရိုကို နိုင်ငံက Casablanca မြို့ရဲ့ မြင်ကွင်းတွေက ပါဝင်လေ့ရှိပါတယ်။ ဒါဆိုရင်တော့ ဒီမြို့ရဲ့ ရိုမန်တစ်ဆန်မှုကို မေးခွန်းထုတ်၊သံသယဖြစ်နေစရာလိုမယ် မထင်တော့ပါဘူး။ သဲကန္တရာတွေ၊ လှပတဲ့ကမ်းခြေတွေ၊ နှင်းဖုံးနေတဲ့တောင်တန်းတွေနဲ့ ဆွဲဆောင်နိုင်စွမ်းအပြည့်အ၀ရှိနေတဲ့ ရွာလေးတွေက မော်ရိုကိုနိုင်ငံရဲ့ အနောက်ပိုင်းမြို့လေးဆီမှာ ရှိနေပါတယ်။ သဲတွေ၊ နှင်းတွေနဲ့ လှိုင်းဖြူဖြူလေးတွေရှိနေတဲ့ အဲဒီနေရာက လာရောက်လည်ပတ်သူတိုင်းကို စိတ်တိုင်းကျစေမယ်ဆိုတာကို ယုံကြည်လိုက်ပါ။

၎။ Venice (အီတလီ)

play
 

ချစ်ခြင်းတရားတို့ရဲ့ စိတ်ဝိညာဉ်လို့ တင်စားခြင်းခံရတာက အီတလီနိုင်ငံက နာမည်ကျော် ဗင်းနစ်မြို့ပါပဲ။ ဟောလိဝုဒ်ရဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလေးရှိတဲ့ ဗင်းနစ်မြို့ဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီးတော့ ဥရောပရဲ့ ရေပေါ်မြို့တစ်မြို့အဖြစ် ကျော်ကြားနေတာလည်း ဖြစ်ပါတယ်။ တူးမြောင်းတစ်လျှောက် Gondola စီးပြီးတော့ လည်ပတ်နိုင်သလို၊ အီတလီရေခဲမုန့်ရဲ့ အရသာကိုလည်း မြည်းစမ်းနိုင်မှာပါ။ ရှေးဟောင်းဘုရားကျောင်းတွေ၊ ရောမခေတ်ရဲ့ ဗိသုကာလက်ရာ တွေကိုလည်း လေ့လာနိုင်မှာဖြစ်သလို ရေပေါ်မြို့တစ်မြို့ရဲ့ မြို့တည်ဆောက်ပုံကိုလည်း အံ့သြဖွယ်ရာ မြင်တွေ့ရမှာမို့လို့ သွားရောက်သင့်တဲ့ နေရာပါပဲ။

၅။ Maldives

play
 

စိမ်းပြာရောင်သမ်းနေတဲ့ ရေအရောင်နဲ့၊တဲအိမ်ငယ်ပုံစံ ဘန်ဂလိုလေးတွေ၊ ဘန်ဂလိုလေးတွေကို ဆက်သွယ်ပေးထားတဲ့ ကွေ့ကောက်လှပနေတဲ့ တံတားငယ်လေး၊ ဖြူလွလွသဲသောင်ပြင်လေးတွေနဲ့ သင့်စိတ်နှလုံးကို ဖမ်းစားနိုင်မှာကတော့ ကျွန်းစုနိုင်ငံလေးတစ်ခုဖြစ်တဲ့ မော်လ်ဒိုက်စ်ပါပဲ။ ကမ္ဘာလှည့်ခရီးသွားတွေကို မှီခိုအားထားနေရတဲ့ မော်လ်ဒိုက်စ်နိုင်ငံရဲ့ အဓိက၀င်ငွေဟာ သဘာဝရဲ့အလှတရားပါပဲ။ ဥယျာဉ်တစ်ခုသဖွယ်ဖြစ်နေတဲ့ ရေအောက်သန္တာကျောက်တန်းတွေထဲမှာ လည်ပတ်လို့ရသလို အဆုံးအစမရှိ ကျယ်ပြန့်လှတဲ့ သဲသောင်ပြင်ပေါ်မှာလည်း ချစ်ရတဲ့သူနဲ့အတူ လက်တွဲလမ်းလျှောက်ရတဲ့ ခံစားမှုက ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ အမှတ်တရတစ်ခုပါပဲ။ ခုဆိုရင် မော်လ်ဒိုက်ကို သွားရောက်လည်ပတ်မှုနှုန်းက ပိုပိုပြီး မြင့်တက်လာနေပါတယ်။

၆။ Taj Mahal (အိန္ဒိယ)

play
 

မူဟယ်ဧကရာဇ် ရှားဂျဟန်းက သူ့ တတိယမြောက်မိဖုရားအတွက် ရည်ရွယ်ဆောက်လုပ်ခဲ့တဲ့ တပ်ဂ်ျမဟာ့အဆောက်အဦကတော့ ကမ္ဘာ့အံ့ဖွယ်ထဲက တစ်ခု အပါအ၀င်ပဲဖြစ်ပါတယ်။ ပြောင်မြောက်လှတဲ့ ဗိသုကာလက်ရာတွေကြောင့် နှောင်းလူတွေ တသသ ပြောစမှတ်ပြုရလောက်ထိကို ခမ်းနားကြီးကျယ်လွန်းပြီးတော့ အဖြူရောင်စကျင်ကျောက် အမိုးခုံးတွေက တပ်ဂ်ျမဟာ့ရဲ့ အလှပဆုံး အစိတ်အပိုင်းလို့ ဆိုကြပါတယ်။ ပါရှန်း၊ အိန္ဒိယ နဲ့ တူရကီတို့ရဲ့ ဗိသုကာလက်ရာတွေ ပူးပေါင်းပါဝင်နေတဲ့ ဒီ အဆောက်အဦကြီးကို ၁၆ ရာစု အလယ်ပိုင်းလောက်က တည်ဆောက်ခဲ့ပြီး ၂၃ နှစ်တိုင်တိုင် အချိန်ယူ တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။ တပ်ဂ်ျမဟာ့ကို မရောက်ဖူးရင် ဘ၀မှာ မပြည့်စုံဖူးရယ်လို့တောင် တင်စားခဲ့ကြပါတယ်။ ပြည်တွင်းခရီးသွားတွေ အတွက်တော့ ဈေးနှုန်းချိုသာစွာနဲ့ သတ်မှတ်ပေးထားပြီး ပြည်ပဧည့်သည်ဆိုရင်တော့ ဈေးအနည်းငယ်ကြီးမြင့်ပါတယ်။ အာရှတိုက်ရဲ့ ရှေးအကျဆုံး အဆောက်အဦတွေထဲမှာ တစ်ခုပါဝင်နေတဲ့ တပ်ဂ်ျမဟာ့ကလည်း သွားရောက်လည်ပတ်ဖို့ သင့်တော်ပါတယ်။

Source : escapehere

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video