AD
AD
AD

လူဆိုတဲ့အမျိုးက စူးစမ်းသွားလာခြင်းနဲ့ စွန့်စားခြင်းကို ဝါသနာထုံသူတွေ ဖြစ်ကြပါတယ်။ လက်ရှိအခြေအနေ၊ လက်ရှိအနေအထားမှာ ရောင့်ရဲတင်းတိမ်ခြင်းမရှိဘဲ စွန့်စားရှာဖွေခဲ့ကြတဲ့အတွက် ကမ္ဘာကြီးဟာ လက်ရှိအနေအထားအထိ တိုးတက်လာခဲ့တာပါ။ ဒါပေမဲ့ စွန့်စားမှုကို ဝါသနာထုံတဲ့ လူတွေအတွက်တောင် စွန့်စားသွားလာရခက်ခဲတဲ့ နေရာတွေ ကမ္ဘာမြေ မျက်နှာပြင်ပေါ်မှာ ရှိနေပါသေးတယ်။ အဲဒါတွေကတော့...

၁။ အာကာသနဲ့အနီးဆုံးနေရာ- ချင်ဘိုရာဇိုတောင် (အီကွေဒေါ)

play
 

အာကာသယာဉ်မှူးမဟုတ်ရင် လူသားအများစုကတော့ ပြင်ပအာကာသထဲကို ရောက်ဖူးကြမှာမဟုတ်ပါဘူး။ ဒါကြောင့် အာကာသနဲ့ အနီးကပ်ဆုံးနေရာကိုသွားချင်ရင် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထဲမှာ virtual tour သွားကြည့်တာပဲဖြစ်ဖြစ်၊ အီကွေဒေါ နိုင်ငံက ချင်ဘိုရာဇိုတောင်ကို အလည်သွားတာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ခရစ်နှစ် ၅၅၀ အေဒီလောက်က နောက်ဆုံးပေါက်ကွဲခဲ့တဲ့ မီးတောင်သေတစ်လုံးဖြစ်တဲ့ ချင်ဘိုရာဇိုတောင်ဟာ အမြင့်ပေ (၂) သောင်းကျော်ခန့်ရှိပါတယ်။

ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်တဲ့ ဧဝရက်တောင်က အမြင့်ပေ (၂၉၀၀၀) ကျော်ရှိတယ်ဆိုပေမဲ့ တောင်ရဲ့မြေမျက်နှာပြင် အနေအထားကြောင့် ချင်ဘိုရာဇိုတောင်ဟာ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာ အာကာသနဲ့အနီးဆုံးနေရာမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့် ချင်ဘိုရာဇို တောင်ထိပ်ပေါ်မှာ မတ်တတ်ရပ်နိုင်တယ်ဆိုရင် အာကာသနဲ့အနီးဆုံးနေရာကို ထိတွေ့နိုင်တယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။ တောင်ထွတ်မှာတော့ ရေခဲအချွန်အစွယ်တွေနဲ့ ပြည့်နှက်နေပေမဲ့ တောင်တက်သမားတွေအတွက်တော့ လမ်းကြောင်းတွေရှိပါသေးတယ်။

၂။ ကမ္ဘာပေါ်မှာ အထီးကျန်အဆန်ဆုံးနေရာ- Tristan da Cunha ကျွန်း (ဗြိတိန်)

play
 

အရာရာကို စိတ်ပျက်ညည်းငွေ့လွန်းလို့ အားလုံးနဲ့အဝေးဆုံးနေရာကို ထွက်ပြေးချင်နေပါသလား။ ဒါဆိုရင်တော့ ခင်ဗျားကိုဘယ်သူမှ နှောင့်ယှက်လို့မရတဲ့ နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ဗြိတိသျှရေပိုင်နက်ထဲမှာရှိတဲ့ Tristan da Cunha ကျွန်းပါပဲ။

အာဖရိကတိုက်နဲ့ (၁၇၅၀) မိုင် အကွာအဝေးမှာတည်ရှိပြီး ပေါ်တူဂီလူမျိုး စူးစမ်းရှာဖွေသူ Tristão da Cunha က ၁၅၀၆ ခုနှစ်မှာ တွေ့ရှိခဲ့လို့ သူ့နာမည်ကို အစွဲပြုမှည့်ခေါ်ထားတာပါ။ ကျွန်းပေါ်မှာ နေထိုင်သူဦးရေ (၃၀၀) ခန့်ပဲရှိပြီး လေဆိပ်လည်းမရှိပါဘူး။ Tristão da Cunha ကျွန်းကို ရေလမ်းခရီးကပဲ လာလို့ရပါတယ်။

၃။ ကမ္ဘာပေါ်မှာအစိုစွတ်ဆုံးနေရာ- မော်စင်ရမ်မြို့ (အိန္ဒိယ)

play
 

ဒီအိန္ဒိယမြို့ငယ်လေးဟာ နှစ်စဉ်မိုးရေချိန် (၄၆၇) လက်မခန့် ရွာသွန်းလေ့ရှိပါတယ်။ ၁၉၈၅ ခုနှစ်တုန်းကဆိုရင် တစ်နှစ်တည်းမှာ မိုးရေချိန်လက်မ (၁၀၀၀) ခန့် ရွာသွန်းခဲ့တဲ့အတွက် ဂင်းနစ်မှတ်တမ်းမှာ ကမ္ဘာပေါ်မှာအစိုစွတ်ဆုံး နေရာတစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့တာပါ။ အပူပိုင်းဒေသရာသီဥတုနဲ့ မုတ်သုန်လေတွေကြောင့် မော်စင်ရမ်မြို့ဟာ နေထိုင်ရန်ခက်ခဲတဲ့ မြို့တစ်မြို့ပါ။ အလည်အပတ်သွားမယ်ဆိုရင် ထီးနဲ့မိုးကာဆောင်သွားဖို့တော့ မမေ့နဲ့နော်။

၎။ ကမ္ဘာ့အမြင့်ဆုံးရေတံခွန်- အိန်ဂျယ်လ်ရေတံခွန် (ဗင်နီဇွဲလား)

play
 

အိန်ဂျယ်လ်ရေတံခွန်က လူသူအရောက်အပေါက်နည်းတဲ့ တောပိုင်းမှာတည်ရှိပြီး သွားလာရခက်ခဲတယ်ဆိုပေမဲ့ ဗင်နီဇွဲလား နိုင်ငံမှာတော့ ကမ္ဘာလှည့်ခရီးသည် လာရောက်လည်ပတ်မှု အများဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။ ရေတံခွန်ဟာ ခန့်မှန်းခြေ အမြင့်ပေ (၃၂၁၂) ပေခန့်ရှိပြီး (၂၆၄၈) ပေခန့်က တရှိန်ထိုးစီးဆင်းလာတဲ့ ရေလုံးကြီးပါ။ ကျန်တာကတော့ မိုင်ဝက်ခန့်ရှိတဲ့ ရေတံခွန်ငယ်လေးနဲ့ ရေစီးကြောင်းတွေပေါ့။

၅။ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးရေပိုင်နက်- Gansbaai (တောင်အာဖရိက)

play
 

၁၉၉၅ ခုနှစ်ကတည်းက တောင်အာဖရိကတိုက်က Gansbaai ဟာ လူတွေကို လှောင်အိမ်တွေထဲမှာထည့်ပြီး ငါးမန်းဖြူကြီးတွေနဲ့ ရေကူးစေခြင်းဖြင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ရေနေအသားစားသတ္တဝါကြီးတွေ အပေါများဆုံး ဒေသတစ်ခုလည်းဖြစ်တဲ့ Gansbaai ဟာ အဲဒီလို သတ္တဝါကြီးတွေကို အနီးကပ်မြင်တွေ့ရမယ့် နေရာဖြစ်ပါတယ်။ လှောင်အိမ်ထဲက ယောင်ရမ်းပြီးတော့ လက်တော့သွားမထုတ်မိပါစေနဲ့နော်။ ငါးမန်းလှမ်းကိုက်တာ မခံရဘူးလို့ မပြောနိုင်ပါဘူး။

Source: Reader's Digest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD