၀န်ချီစက်အကြီးကြီးတွေကို အသုံးပြုခဲ့ရပြီးတော့ ဆောက်လုပ်ခဲ့ရသလို လူအင်အားလည်း အသုံးပြုခဲ့ရပါသေးတယ်။

ခင်ဗျားအနေနဲ့ စားသောက်ဆိုင်တော်တော်များများမှာ စားသောက်ခဲ့ဖူးမှာပါ။ နာမည်ကျော်ကြားပြီး လူကြိုက်များတဲ့ စားသောက်ဆိုင်တွေပဲဖြစ်ဖြစ်၊ ရိုးအီလာတဲ့အချိန်မှာ လက်တွေ့ဆန်ဆန် လမ်းဘေးဆိုင်လေးတွေမှာပဲဖြစ်ဖြစ် စားသုံးဖူးမှာပဲလေ။ အလည်အပတ်ခရီးသွားတိုင်းလည်း ခင်ဗျားရောက်နေတဲ့နေရာက နာမည်ကြီးဆိုင်တွေမှာလည်း သွားစားဖြစ်မှာပေါ့။ ဒါပေမယ့် အခုလို စားသောက်ဆိုင်မှာတော့ မစားသောက်ဖူးသေးဘူးလို့တော့ ထင်ပါတယ်။ ဘယ်လိုစားသောက်ဆိုင်ဖြစ်မယ်လို့ထင်လဲ။ ဟုတ်ပါတယ်။ ရေအောက်စားသောက်ဆိုင်တစ်ခုပဲ ဖြစ်ပါတယ်။  မော်လ်ဒိုက်မှာရှိတဲ့ Hurawalhi Island Resort တစ်ခုက ဖွင့်လှစ်ခဲ့တာပါ။ ပင်လယ်ရဲ့အောက်အနက် ၅.၈ မီတာမှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ စားသောက်ဆိုင်တစ်ခုလုံးကို မှန်တွေနဲ့ ဆောက်လုပ်ခဲ့ပါတယ်။ မှန်တွေနဲ့ချည်းပဲ ဆောက်လုပ်ခဲ့တဲ့ ရေအောက်စားသောက်ဆိုင်ထဲမှာဆို ကမ္ဘာ့အကြီးဆုံး စားသောက်ဆိုင် အဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒီစားသောက်ဆိုင်ကိုတော့ ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ပင်လယ်အောက်အနက် ၅.၈မီတာခန့်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ စားသောက်ဆိုင်တစ်ခုလုံးရဲ့ စုစုပေါင်းအလေးချိန်ဟာ ၄၀၀ မက်ထရစ်တန် ရှိပါတယ်။ လူသွားလမ်းကို အလယ်မှာထားထားပြီးတော့ တစ်ဖက်တစ်ချက်မှာ စားသောက်ဖို့ ခုံတွေကို တည်ခင်းထားတာပါ။ အပေါ်ဘက်ကို မော့ကြည့်လိုက်မယ်ဆိုရင်တော့ ဖန်သားပြင်ကို အထောက်အကူပြုပေးထားတဲ့ လှေကားအုံလေးတွေကို တွေ့မြင်ရမှာဖြစ်ပြီး သဘာဝရဲ့ ပန်းချီကားတစ်ချပ်ကို ခံစားနေရတဲ့ ခံစားချက်ကို သေချာပေါက် ခံစားရမှာပါ။ လမင်းကြီး တစ်ဝက်တစ်ပျက်နဲ့ ပေါ်နေစဉ် ပုံစံ Ceiling တွေကိုလည်း အပေါ်ဘက်မှာ အသုံးပြုထားပြီးတော့ ဘယ်နေရာကိုကြည့်ကြည့် ရေအောက်ကမ္ဘာရဲ့ ငါးတွေ လှုပ်ရှားသွားလာမှုကို တွေ့မြင်ရမှာဖြစ်ပါတယ်။

 

ပုံမှန်စားသောက်ဆိုင်တွေမှာ စားသောက်ရတဲ့ အနေအထားနဲ့ဆိုရင်တော့ တော်တော်လေးကွဲပြားနေမှာ ဖြစ်ပြီး ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုက စားသုံးရတဲ့အပေါ်မှာလည်း ရိုက်ခတ်မှု ရှိလာမှာပါ။ ဒီစားသောက်ဆိုင်ကို စတင်ဆောက်လုပ်ဖို့အတွက် စိတ်ကူးခဲ့ပြီးကတည်းက သန္တာကျောက်တန်းတွေကို ဖဲ့ထုတ်ခဲ့ရပြီးတော့ စားသောက်ဆိုင်ရဲ့ ဘေးပတ်ဝန်းကျင်မှာ ရေနေသတ္တဝါတွေ နေထိုင်ပြီး သွားလာလို့ရအောင် အတားအဆီးတွေလည်း ပြုလုပ်ခဲ့ရသေးတယ်လို့ Paige Bennett က ပြောခဲ့ပါတယ်။ သူမက Hurawalhi Dive Instructor တစ်ယောက်လည်း ဖြစ်ပါတယ်။ ဖဲ့ထုတ်ခဲ့တဲ့ သန္တာကျောက်တန်းထဲက အပိုင်းအစတွေကိုလည်း အသစ်တဖန် ပြန်လည်ပြီး ကြီးထွားလာအောင် လုပ်ဆောင်ခဲ့ရတယ်လို့ သူမက ဆိုပါသေးတယ်။ ဝန်ချီစက်အကြီးကြီးတွေကို အသုံးပြုခဲ့ရပြီးတော့ ဆောက်လုပ်ခဲ့ရသလို လူအင်အားလည်း အသုံးပြုခဲ့ရပါသေးတယ်။ အထူးသတိပြုခဲ့ရတာကတော့ ရေအောက်သဘာ၀၀န်းကျင် မထိခိုက်အောင်နဲ့ ဂေဟစနစ်တွေ မပျက်စီးအောင် စဉ်းစားခဲ့ရတာဖြစ်ပြီး Paige Bennett ကိုယ်တိုင် ရေအောက်ထဲဆင်းပြီးတော့ လေ့လာခဲ့မှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။

 

ငါးတွေ အသက်ရှင်နေထိုင်ဖို့အတွက် လုံလောက်တဲ့ နေရာပတ်ဝန်းကျင်ကိုလည်း စဉ်းစားခဲ့ရပြီးတော့ ငါးတွေကို ဒီနေရာမှာ နေထိုင်ချင်လာအောင် ဆွဲဆောင်ဖို့လည်း အားထုတ်ခဲ့ရပါသေးတယ်။ မော်လ်ဒိုက်မှာ ကျင်လည်နေကြတဲ့ တချို့သော ငါးတွေဟာ မော်လ်ဒိုက်ကို ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ဖို့ရာ ဆွဲဆောင်နိုင်စွမ်း၊ ကိုယ်စားပြုနိုင်စွမ်း ရှိတာကြောင့်လည်း ဖြစ်ပါတယ်။ မော်လ်ဒိုက်ရဲ့ စီးပွားရေးစနစ် အသစ်တစ်ခုလို့ ဆိုရမယ့် ရေအောက်စားသောက်ဆိုင်ဟာ အချိုးအကွေ့တွေ၊ ကျယ်ပြန့်မှုတွေနဲ့ ဆောက်လုပ်ခဲ့တာပါ။ ဒီစားသောက်ဆိုင် ဆောက်လုပ်ဖို့ရာအတွက် ရေအောက်မှာ ရှိနေတဲ့ သဘာဝသန္တာကျောက်တန်းတွေရဲ့ အစိတ်အပိုင်းအများအပြားကို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်းလည်း Bennett က ဝန်ခံခဲ့ပါတယ်။ တချို့ သန္တာကျောက်တုံးတွေကတော့ စားသောက်ဆိုင်ဆောက်လုပ်မှုမှာ ပါဝင်ဖွဲ့စည်းဖို့အတွက် ခက်ခဲလွန်းခဲ့တယ်လို့လည်း သူမက ဆိုပါတယ်။ 

Hurawalhi စားသောက်ဆိုင်ကို ဂျပန်နိုင်ငံမှ ဗိသုကာပညာရှင် Yuji Yamazaki ရဲ့ ဒီဇိုင်းကို ပုံဖော်ဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ မော်လ်ဒိုက်ရဲ့ Lhaviyani သန္တာကျောက်ကျွန်းမှာ တည်ရှိပါတယ်။ Yuji မှာ ကိုယ်ပိုင်စားသောက်ဆိုင် တစ်ခုလည်းရှိပြီးတော့ နယူးယော့ခ်မှာ ဖွင့်လှစ်ထားတာပါ။ သူ့ရဲ့ ဒီဇီုင်းနဲ့ ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦပေါင်းဟာ ၉၀ခန့်ရှိပြီးတော့ ၆၀ ဟာ ရေအောက်မှာဖြစ်ပြီး ၃၀ကတော့ ကမ်းခြေတွေမှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ Hurawalhi စားသောက်ဆိုင်ရဲ့ အစားအသောက် မှာယူမှုမှာတော့ Package နဲ့လည်း သုံးဆောင်နိုင်ပြီးတော့ မိမိနှစ်သက်ရာကိုလည်း ရွေးချယ်စားသုံးလို့ ရပါတယ်။ နားအေးပါးအေးနဲ့ စားသောက်လိုသူတွေအတွက်ရော၊ အေးအေးဆေးဆေးစားသုံးလိုတဲ့ သူတွေအတွက် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စားသုံးသူတွေအတွက် အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးထားကြောင်းလည်း Van Dan Oever လို့ ခေါ်တဲ့ အဆိုပါ စားသောက်ဆိုင်မှာ အလုပ်လုပ်ကိုင်သူ စားဖိုမှူးတစ်ယောက် ဆိုပါတယ်။

 

ဘယ်လိုပဲဖြစ်နေပါစေ မော်လ်ဒိုက်ကတော့ သူတို့ရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပိုပြီးတိုးတက်လာစေဖို့အတွက် ဆန်းပြားတဲ့ စိတ်ကူးအတွေးတွေနဲ့ ဆွဲဆောင်နေပါပြီ။ ရေအောက်ကမ္ဘာကို ကြည့်ရင်းနဲ့ အေးချမ်းတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ အရသာရှိရှိစားသုံးလိုသူတိုင်းအတွက်တော့ Hurawalhi စားသောက်ဆိုင်က ကြိုဆိုလို့နေပါတော့တယ်။ တစ်ခုသတိပြုရမှာကတော့ Hurawalhi Island Resort မှာ နေထိုင်ဖို့အတွက် အသက် ၁၅နှစ်နှင့် အထက်တွေကိုသာ ခွင့်ပြုထားတာဖြစ်ပါတယ်။

Source : CNN

Share

Loading Next Article...
က္က