သတ္တိခဲ အမျိုးသမီးနှစ်ဦးဟာ မှောင်မိုက်နေတဲ့ဂူထဲကို ပေ ၁၈၀၀ ကျော်အထိရောက်အောင် ဝင်ခဲ့ကြပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ထုံးကျောက်ဂူအမျိုးအစားတစ်ခုဖြစ်တဲ့ "ကြတ်ဂူ" ဆိုတဲ့ သဘာဝလိုဏ်ဂူကြီးထဲကို ရောက်ရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးက ဂူထဲမှာကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြထားတာ ဖြစ်ပါတယ်။

Photo : PhoeBe Han

 

လွိုင်ကော်မြို့ကို သွားလည်ဖို့ စီစဉ်ထားတဲ့ PhoeBe Han ဟာ ဘယ်နေရာတွေ သွားရင်ကောင်းမလဲလို့ စုံစမ်းမေးမြန်းလိုက်ချိန်မှာ သူ့ကို အစွဲဆောင်နိုင်ဆုံးကတော့ ကြတ်ဂူလို့ခေါ်တဲ့ သဘာဝထုံးကျောက်ဂူတစ်ဂူဖြစ်ပါတယ်။ သူစိတ်ဝင်စားဆုံးအရာက ဂူထဲမှာ လူသေတွေထည့်တဲ့ ခေါင်းတလားတွေ ရှိတယ်ဆိုတဲ့အချက်ပါပဲ။

"ရာဇဝင်တော့ သေချာမသိဘူး။ ဒါပေမဲ့ အဲဒီမှာ သွားထားဖူးတဲ့ ဒေသခံတွေ ပြောတာကတော့ အရင်တုန်းက လူအရှည်ကြီးတွေ၊ လူအကြီးကြီးတွေ ရှိတယ်ပေါ့နော်။ အဲဒါတွေကို ဒီမှာလာပြီးတော့ ဂူသွင်းတယ်ဘာညာပေါ့။ အဲလောက်ပဲ သိတာ" လို့ PhoeBe က Duwun Media ကို ပြောပြပါတယ်။

ဂူထဲမှာ မြင်တွေ့ရတဲ့ ခေါင်းတလား (Photo : PhoeBe Han)

အေဂျင်စီကုမ္ပဏီတစ်ခုမှာ GM ဖြစ်တဲ့ PhoeBe နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အမျိုးသမီးဟာ နှစ်ဦးတည်း ဂူထဲကို ရေဘူးတစ်ဘူး၊ မုန့်တစ်ထုပ်၊ Headlight ကိုယ်စီနဲ့ ဝင်သွားခဲ့ကြပါတယ်။  ဂူထဲမှာ မကောင်းဆိုးဝါးရှိတယ်ဆိုတဲ့အသိရှိတာကြောင့် ခရစ်ယာန်ဘာသာဝင် PhoeBe က လက်ဝါးကတ်တိုင်တစ်ခုကိုလည်း ယူသွားခဲ့တယ်။ သတ္တိခဲအမျိုးသမီးနှစ်ဦးက ၂၀၁၈ ခုနှစ် ဇူလိုင်လတွင်းက ညနေ ၃ နာရီခန့်အချိန်မှာ အလင်းရောင်မရှိတဲ့ဂူအတွင်းပိုင်းထဲကို ဝင်ရောက်ခဲ့ပါတယ်။

"ကြတ်ဂူထဲရောက်သွားချိန်မှာ ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်က ကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားထားဖူးတဲ့ဟာတွေ ကြတ်ဂူထဲမှာရှိတဲ့ လောင်းလျား(ခေါင်းတလား)တွေ၊ ဝင်သွားတဲ့အချိန်မှာ ဘယ်လိုတွေ ဖြစ်မှာလဲ။ ဘယ်လိုစိတ်ခံစားချက်မျိုးတွေရမှာလဲ။ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲ ဆိုတဲ့ခံစားချက်နဲ့ပေါ့"

Headlight တပ်ပြီး ဂူထဲကို ဝင်တော့မယ့် PhoeBe Han (Photo : PhoeBe Han)

 

အထဲမှာ လင်းနို့တွေ အများကြီးရှိတဲ့အတွက် လင်းနို့ချေးနံ့ကအစ သူ့ရဲ့အာရုံကို အသစ်အဆန်းခံစားချက်ပေးပြီး အထူးခြားဆုံးက အနောက်မှာတစ်ယောက်ယောက်ပါလာတယ်ဆိုတဲ့ ခံစားမှုပဲလို့ ဆိုပါတယ်။

"အမြဲတမ်း ကိုယ့်ရဲ့နောက်မှာ တစ်ခုခုကပ်ပါလာတဲ့ ဖီလင်ကြီးကတော့ ကြောက်ဖို့ကောင်းတယ်" လို့သူက ပြန်ပြောပြပါတယ်။

ဂူထွက်ပေါက်ဘယ်မှာဆုံးမှန်း ဘယ်သူမှ မသိကြတဲ့ ကြတ်ဂူက အရမ်းကို နတ်ကြီးပြီး အထဲက ဘာပစ္စည်းကိုမှ မထိကိုင်ဖို့၊ ယူမလာဖို့ ဂူထဲကို မသွားခင်ကတည်းက သူ့ကို သတိပေးစကားတွေပြောကြပါတယ်။  ကြတ်ဂူထဲက ပစ္စည်းတွေကို ယူလာမိတဲ့သူတွေက ကားအက်စီးဒင့်ဖြစ်တာ၊ ကားစက်နှိုးလို့မရတာ၊ အိပ်မက်ဆိုးမက်တာတွေဖြစ်တတ်တယ်စတဲ့ ဖြစ်ရပ်တွေရှိကြောင်း PhoeBe ကြားခဲ့ရပါတယ်။

ကျောက်တုံးတွေထူပြီး ကျဉ်းမြောင်းလှတဲ့ ဂူအတွင်းပိုင်း (Photo : PhoeBe Han)

"အရင်ဆုံးစတွေ့တာက လျောင်းလား (ခေါင်းတလား) အရှည်ကြီးတွေ။ သစ်သားလျောင်းလားတွေပေါ့နော်။ နှစ်တော်တော်ကြာပြီဖြစ်တဲ့ လျောင်းလားတွေ။ တချို့ကျတော့ အယူဝါဒအရ ယုံကြည်ကိုးကွယ်ရာတစ်ခုအရ အဲဒီပေါ်မှာ ကျောက်တုံးလေးတွေစီပြီးတော့ ဆုတောင်းခဲ့တဲ့ဟာလေးတွေ ရှိကြတယ်"

ခေါင်းတလားတွေမြင်လိုက်တဲ့အချိန်မှာ တကယ်ပဲရှိလားပါလားဆိုတဲ့အတွေးနဲ့ ကြောက်သွားခဲ့ပါတယ်။ အဲဒီနောက် စတွေ့တာက ရှည်လျားတဲ့မြွှေတစ်ကောင်ပါ။ မြွှေက သူလမ်းသူဆက်သွားတဲ့အချိန်မှာ သူတို့နှစ်ဦး ဆက်သွားခဲ့ကြပါတယ်။ ဘုရားတွေလည်း ရှိတဲ့ ဂူထဲမှာ ဖိနပ်စီးခွင့်မရတဲ့အတွက် ခြေဗလာနဲ့ ရေကျလို့ ချောနေတဲ့ နေရာတွေဖြတ်၊ ကျောက်တုံးတွေ၊ အနိမ့်အမြင့်တွေ မညီတဲ့နေရာတွေကို ဖြတ်ကျော်လာခဲ့ကြပြီး ပေ ၁၈၀၀ လောက်အရောက်မှာ နောက်ထပ် မြွှေတစ်ကောင် သူတို့ရဲ့လမ်းကို ကန့်လန့်ဖြတ်ကြီး ကာထားတဲ့အတွက် နှစ်ဦးသား ဆက်သွားလို့မရဘဲ လှည်ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ သူ့အတွက် အထူးဆန်းဆုံးကတော့ ဂူထဲမှာ မှတ်တမ်းရိုက်ကူးထားတဲ့ Video ဖိုင်က ဂူပြင်ရောက်လို့ကြည့်လိုက်ချိန်မှာ မရှိတော့တာပါပဲ။

ကြတ်ဂူထဲမှာ မြင်တွေ့ခဲ့ရတဲ့ မြွှေ

"အထဲထဲမှာ ဖုန်းနဲ့ Video Record ယူတယ်။ အဲဒီ Record ကို အစ်မ သေချာရိုက်တာ။ Headlight လည်းပါတဲ့အခါကျတော့ Lighting ရတယ်။ အဓိကက ဂူနံရံတွေကို ရိုက်တာ။ လျောင်းလားတွေကို ပြချင်တာ။ ဒါပေမဲ့ ပြန်ထွက်လာချိန်မှာ အဲဒီ Video Clip ပါမလာဘူး" လို့ PhoeBe က မချိတင်ကဲ ဆိုပါတယ်။

ထူးခြားတဲ့အတွေ့အကြုံတွေ၊ စိတ်လှုပ်ရှားမှုတွေပေးတဲ့ ကြတ်ဂူကို PhoeBe က နောက်တစ်ခေါက်ပြန်သွားခွင့်ကြုံရင် သွားချင်ပါသေးတယ်တဲ့။ ဒီတစ်ခေါက်သွားရင်တော့ လိုအပ်တာတွေ သေချာကြိုတင်ပြင်ဆင်ပြီး သွားမယ်လို့လည်း သူက တွေးထားတာပါ။

လောလောဆယ်မှာတော့ ရုံတင်ထားတဲ့ "ကြတ်ဂူ" ရုပ်ရှင်ကားကို သူက အရမ်းကို စိတ်ဝင်စားနေပြီး  သွားကြည့်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

Photo : ကြတ်ဂူ FB Page

 

"အဓိကက ရာဇဝင်ရိုက်ကူးထားတာလို့သိရတယ်။ အစ်မ သွားကြည့်မှာ။ ကိုယ်ကိုယ်တိုင်က သွားထားဖူးတော့ အစ်မက ဂူကြီးရဲ့ရာဇဝင်မသိဘူး။  အဲဒီမှာ ကယားလူမျိုးတွေရဲ့ တံခွန်တိုင်မှာ ကြက်ရိုးတို့ဘာတို့ အဲလိုဟာတွေ ပါမယ်ထင်တယ်။ ရှေးရိုးရာနဲ့ ဇာတ်လမ်းကို ရိုက်ထားတာ ပိုများမယ်။ ဂူထဲဝင်ဖူးပြီးသားသူဆိုတော့  သူတို့ဘယ်လိုရိုက်မှာလဲ၊ ဘယ်လောက်အထိ သူတို့သွားမှာလဲ၊ ဘာအကြောင်းကို ဦးတည်ပြီးရိုက်မှာလဲ ပေါ့။  အခုသိရသလောက်ဆိုရင်တော့ သူတို့က ရာဇဝင်ကြောင်းကို ဦးတည်ပြီး ရိုက်ထားတာဆိုတော့ ဘယ်လိုရာဇဝင်မျိုးနဲ့ ဒီဂူနဲ့ကို ဘယ်လိုချိတ်ဆက်မလဲ။ ဘယ်လောက်ထိ ရာဇဝင်ထဲကို ဖော်ထုတ်မှာလဲပေါ့နော်" လို့ ကြတ်ဂူ ရုပ်ရှင်ကားကို ကြည့်ဖို့ စိတ်ဝင်စားမိတဲ့အကြောင်းတွေကို သူက ပြောပြခဲ့ပါတယ်။

Share

Loading Next Article...
က္က