ရေခဲပန်းပုတွေကို မြင်နေရသလိုပဲ.....

ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြားမှာ တည်ရှိတဲ့ Niagara ရေတံခွန်ကြီးဟာ ခရီးသွားတွေနဲ့ အမြဲတမ်း ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပြီး အံ့မခန်းတဲ့အလှကြောင့် လူသိများပါတယ်။ ခုတော့ အမေရိကရဲ့ အေးခဲတဲ့ ရာသီဥတုအောက်မှာ ဒီရေတံခွန်ကြီးဟာလည်း အေးခဲသွားရပါပြီ။ စီးဆင်းနေတဲ့ရေတွေကအစ အေးခဲသွားပုံဟာ Niagara ရေတံခွန်ကြီးကို လက်ရာမြောက်တဲ့ပန်းပုတစ်ခုလို သိပ်ကိုလှပသွားစေခဲ့တယ်။

 

ရေတံခွန်ဧရိယာတစ်ဝိုက်က အပူချိန်ဟာ အနုတ်အောက် ၆၇ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိနေတာကြောင့် ရေစီးသန်တဲ့ ရေတံခွန်ကြီးတောင် အေးခဲသွားရတာပါ။ ပုံရိပ်တွေကတော့ အံ့မခန်းပါပဲ။ Niagara ရေတံခွန်ဟာ ကနေဒါနိုင်ငံ Ontario မြို့မှာ တည်ရှိပြီး အမေရိကန်ပြည်ထောင်စုနဲ့ နယ်နိမိတ်အစပ်မှာ နီးနီးကပ်ကပ် တည်ရှိပါတယ်။ နှစ်စဉ် လာရောက်လည်ပတ်သူပေါင်း ၁၄ သန်း ရှိပါတယ်။ ခုလိုမျိုး အေးခဲနေချိန်မှာတောင် လာရောက်သူတွေက ရှိနေတုန်းပါ။

အေးစက်နေတဲ့ ရာသီဥတုကို အံတုပြီး ရေတံခွန်ကြီးရဲ့ အလှကို တကူးတက လာရောက်ကြည့်ရှုသူတွေကလည်း ရှိနေပြန်ပါတယ်။ " ဒီနေရာတစ်ဝိုက်လုံးက ငရဲလိုပဲ" လို့ ရေတံခွန်ဆီ လာရောက်လည်ပတ်တဲ့ လူတစ်ဦးက ပြောတယ်။ ဒါပေမဲ့ ဒီလောက်လှတဲ့မြင်ကွင်းကို ကြည့်ရှုခံစားဖို့အတွက်ပဲ သူက ရောက်လာခဲ့တာ။

 

ရေတံခွန်တစ်ဝိုက် ရှိသမျှအရာအားလုံးဟာ နှင်းတွေနဲ့ဖုံးလွှမ်းနေလို့ ဖြူဆွတ်နေတာကိုလည်း တွေ့ရတယ်။ လာရောက်သူ အများစုကတော့ ကင်မရာတွေကိုယ်စီနဲ့ပါ။ ဒီလိုမျိုး မြင်ရခဲတဲ့ မြင်ကွင်းကို မှတ်တမ်းတင်ကြသူတွေ ဖြစ်ပါတယ်။ Niagara ရေတံခွန်ကြီးကနေ တစ်စက္ကန့်ကို ရေပေါင်း တန် ၃၀၀၀ ကျော် စီးဆင်းနေပြီး ရာနဲ့ချီတဲ့ ရေဂါလံပေါင်းများစွာဟာ ရေတံခွန်သုံးခုကနေ စီးဆင်းကာ ရေတံခွန်ကြီးဖြစ်ပေါ်နေတာပါ။ နောက်ထပ် ရက်အနည်းငယ်လောက်ထိ အေးခဲနေဦးမယ်လို့လည်း သိရပါတယ်။

Source : Washington Post, Independent

Share

Loading Next Article...
က္က