play

 

ဒီနေ့ ကိုမိုးတိမ်ကနေ တစ်ဆင့်ပို့ပေးတဲ့ My Amsterdam စာအုပ်ကိုဖတ်ရတော့ စာတိုလိုလို ဘာဂလိုလို တစ်ပုဒ်လောက်ရေးဖို့ဖြစ်လာတယ်။ သူ့ဇာတ်ကြောင်းက အမ်စတာဒမ်ကိုသွားတယ်။ ကော်ဖီဆိုင်တစ်ဆိုင်ပြီး တစ်ဆိုင်သွားပြီး မုတ်သောက်တယ်။ အဲဒါပဲ။

အဲလောက်ရိုးရှင်းတဲ့စာကို ဘယ်လိုများ လူစိတ်ဝင်စားအောင် တည်ဆောက်ထားလဲ?

ဒီနေရာ ကိုယ်ကြိုက်တာနဲ့မကြိုက်တာနဲ့ နှစ်ပိုင်းခွဲပြောရမယ်။ ကိုယ် ဒီစာကိုသဘောကျမိတာက ဖြန့်ကျက်ထားတဲ့အတွေးနဲ့ ရိုးရှင်းတဲ့အရေးအသားပဲ။ အမ်စတာဒမ်သွားတဲ့ဇာတ်ကြောင်း သီးသန့်ကိုမဟုတ်ဘဲ သူနဲ့ထိတွေ့မိတဲ့ အရာတွေအပေါ်မှာ ဆင်ခြင်သုံးသပ်ခြင်းအပေါ်မှာ တည်ထားတယ်။ ခရီးစဉ်တွေကို ပုံလှလှလေးတွေနဲ့ ဂျင်းထည့်တာမျိုးမဟုတ်ဘဲနဲ့။
အမ်စတာဒမ်အကြောင်း ပြည့်တန်ဆာတန်းအကြောင်း ဥရောပတိုက်တွေရဲ့ လူနေမှုစနစ်အကြောင်း တွေကို တဖြည်းဖြည်းဆွဲထုတ်သွားတယ်။

play

 

ကျနော် အထူးသဘောကျရတာက လူငယ်သဘာဝ ရထားခိုးစီးတာကို ရေးထားတာပဲ။ ဒီနေရာမှာ သိက္ခာကျတယ် ဘာညာမရောင်းဘဲ လူငယ်တွေ ဒီလိုပဲဂျစ်ကျတာကို ပေါ်လွင်စေတဲ့ အတွက်ပဲ။ ဒီစာမှာ လူငယ်ချင်းမှာ မပူပင်တတ်တဲ့စိတ်တွေ လူတစ်ကိုယ်စိတ်တစ်မျိုးတွေ မိန်းမနဲ့ ယောက်ျားကြားက ကွာခြားတဲ့ သဘာဝတွေကို ဖတ်ရမယ်။ အဲဒီကနေမှာ အမ်စတာဒမ်ရဲ့ ကော်ဖီဆိုင်တွေအကြောင်းကို အသေးစိတ်ခြယ်မှုန်းသွားတယ်။ အထူးသဖြင့် မုတ်ရတဲ့ ကော်ဖီဆိုင်တွေအကြောင်း ဘားတွေအကြောင်း စနုဒေါ့လာလာအားပေးတဲ့ မုတ်ဆိုင်တွေ အကြောင်းက တကယ့်အသစ်အဆန်းတွေပဲ။

အဲဒီကနေမှ မုတ်တွေအကြောင်းကနေ လူနေမှုစနစ် ဥပဒေနဲ့ချိတ်ဆက်ထားတဲ့ ကိုယ်ချင်းစာ တရားတွေကို ဖတ်နိုင်တယ်။ ပြီးတော့ fast food တွေအကြောင်း Airbnb အကြောင်းတွေနဲ့ တို့ထိထားသေးတယ်။ ဒီနေရာမှာ Airbnb ကပေးတဲ့ အတွေ့အကြုံသစ်တွေဟာ ခရီးသွားလုပ်ငန်းရဲ့ အမြင်သစ်တွေဖြစ်လာနိုင်တယ်။

play

 

မကြိုက်တာက စာလုံးပေါင်းအမှားလေးတွေနဲ့ ဒီစာအုပ်ကို ရေးရတဲ့အကြောင်းပြချက်။ ဘာလို့ ဒီစာအုပ်ကိုရေးရသလဲ ဝေမျှရုံလား။ မုတ်အကြောင်းလား။ ဘာအကြောင်းလဲဆိုတဲ့ စာရေးဆရာရဲ့ စိတ်ကို ကျနော်ဖမ်းဆုပ်မရလို့ မကျေနပ်မိဘူး။ နောက်တစ်ကြိမ်ပြန်ဖတ်ကြည့်မယ် တေးထားတယ်။

စာရေးသူဟာ ဒီစာအုပ်မှာ စက်ဘီး ဆေးခြောက် တူးမြောင်း ပြည့်တန်ဆာဟာ အမ်စတာဒမ်ပဲလို့ ဆိုတယ်။ ဒါဟာကိုယ့်အတွက် တကယ်ပဲ သဘောကျစရာမြို့တစ်မြို့ ဖြစ်စေတယ်။ ပြည့်တန်ဆာ မှတစ်ပါး ကျန်တာတွေကို မြည်းစမ်းချင်မိသလို အဲဒီက ပြတိုက်တွေကို ကိုယ်စိတ်ရှည် လက်ရှည် ထိုင်ကြည့်ချင်မိတယ်။

play

 

ဒီနေရာမှာ အထူးပြောချင်တာက ပြည်သူ့အစိုးရဆိုတာ ဘာလဲဆိုတာ အမ်စတာဒမ်က ရောင်းစရာ မလိုဘူးဆိုတာ ဖတ်ကြည့်ရင်သိနိုင်တယ်။ ပြည်သူနဲ့ အစိုးရ ဘယ်လိုအလျှော့အတင်းလုပ်လဲ လူငယ်တွေအပေါ်မှာ ဘာမဟုတ်တာလေးနဲ့ ဂေါ်ဆယ်နဲ့ထောင်ခြောက်လမချတဲ့ အစိုးရဆိုတာ ဒါမျိုးဟေ့လို့ မပြောလည်း ပြောသလိုခံစားရပါကြောင်း။

(ယခု ဆောင်းပါးသည် Social Media Marketing ကျွမ်းကျင်သူ ရန်နိုင်ဦး၏ အတွေးအမြင်လက်ရာ တစ်ခုဖြစ်သည်။)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video