News: နယူးဇီလန်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်မယ်လို့ အံ့အားသင့်ဖွယ် ကြေညာ

ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ရမှုဟာ ၎င်းအတွက် အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဂျွန်ကီးက ပြောပါတယ်။

play
နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီး


နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးက ရာထူးမှ နုတ်ထွက်သွားတော့မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် ၈ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်တော့မယ်လို့ ဂျွန်ကီးက အံ့အားသင့်ဖွယ် ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ရမှုဟာ ၎င်းအတွက် အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်းနဲ့ နောက်ထပ် ဘာဆက်လုပ်မယ်ဆိုတာ မသိကြောင်း ဂျွန်ကီးက ပြောပါတယ်။

play
နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးနှင့် ဇနီး


ဂျွန်ကီးက ရာထူးမှ အချိန်တိုအတွင်း နုတ်ထွက်သွားမှာဖြစ်ပြီး အမျိုးသားပါတီက ဝန်ကြီးချုပ်အသစ်ရွေးချယ်ခြင်း မပြုမီအထိ ဒုတိယဝန်ကြီးချုပ် ဘီလ်အင်္ဂလစ်က ဝန်ကြီးချုပ်အဖြစ် ယာယီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နယူးဇီလန်သတင်းတွေရဲ့ အဆိုအရ ဝန်ကြီးချုပ်ဂျွန်ကီးဟာ ၎င်းရဲ့ဇနီးဖြစ်သူက တောင်းဆိုခဲ့တာကြောင့် ရာထူးမှ နုတ်ထွက်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဂျွန်ကီးဟာ နယူးဇီလန်မှာ လူကြိုက်များတဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ရွေးကောက်ပွဲမှာ တတိယအကြိမ်သက်တမ်း အနိုင်ရရှိခဲ့ပါတယ်။ ၎င်းက လာမယ့် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ကြောင်း အစောပိုင်းက ပြောကြားထားခဲ့ပါတယ်။

အပတ်စဉ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျွန်ကီးက မိသားစုကိစ္စများကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်တော့မယ်လို့ အံ့အားသင့်ဖွယ် ကြေညာလိုက်တာ ဖြစ်ပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးဟာ ဒီဇင်ဘာ ၁၂ ရက်မှာ ရာထူးမှ တရားဝင် နုတ်ထွက်မှာဖြစ်ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ