AD
AD
AD

မရမ်းကုန်းမြို့နယ် အမှတ် ၈ ရပ်ကွက် မြစံပယ်လမ်းမှာရှိတဲ့ အ.မ.က (၂၇) အခြေခံပညာမူလတန်းကျောင်းတစ်ခုကို သတ်မှတ်ကျောင်းသားဦးရေ မပြည့်မီတဲ့အတွက် ပိတ်လိုက်ပြီလို့သိရပါတယ်။

play
Photo - UNICEF

 

၂၀၁၈-၁၉ ပညာသင်နှစ်ကစတင်ပြီး အဆိုပါ ကျောင်းမှာ ကျောင်းလာရောက်အပ်နှံတဲ့ ကျောင်းသားဦးရေ မပြည့်မီတဲ့အတွက်ပိတ်လိုက်ရတာဖြစ်တယ်လို့ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

အခြေခံပညာအလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေမှာလည်း မူလတန်းတွေကို ထည့်သွင်းပညာသင်ကြားထားတာကြောင့် မိဘတွေအနေနဲ့ မူလတန်းပြီးမှ ကျောင်းပြောင်းတဲ့အခြေအနေကို မလုပ်တော့ဘဲ တဆက်တည်း အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေမှာပဲ အပ်နှံလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျောင်းတစ်ကျောင်းပိတ်လိုက်ရတယ်ဆိုတာက ကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူး။ ပညာရေးလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်လို့ပဲ မြင်ပါတယ်။ မိဘတွေ ကလေးတွေကို နာမည်ကြီးကျောင်းတွေမှာ ထားချင်တာရယ်၊ နောက်ပြီး အလုပ်ရှုပ်သက်သာအောင် မူလတန်းကျောင်းတွေမှာ သီးသန့်မထားကြတော့ဘူး” လို့ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က ဓူဝံကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ရှိတဲ့ အခြေခံပညာကျောင်းသားတွေကို နေထိုင်ရာမြို့နယ်ကနေ အခြားမြို့နယ်တွေက ကျောင်းတွေမှာ နယ်ကျော်ပြီး အပ်နှံခြင်းမပြုလုပ်ဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပေးမယ့် နယ်ကျော်အပ်နှံခြင်းတွေတော့ရှိနေဆဲပဲ ဖြစ်ပါတယ်။

လက်ရှိမှာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အခြေခံပညာအထက်တန်းကျောင်း ၃၀၀၀ ကျော်၊ အလယ်တန်းကျောင်း ၆၀၀၀ ကျော်နဲ့ မူလတန်းကျောင်းပေါင်း ၃၅၀၀၀ ကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD