play


ပါကစ္စတန်အစိုးရက နိုင်ငံအတွင်း အိန္ဒိယ ရုပ်မြင်သံကြားနဲ့ ရေဒီယိုအစီအစဉ် အားလုံးကို ထုတ်လွှင့်ခွင့်ပိတ်ပင်လိုက်ပြီး မလိုက်နာတဲ့ ထုတ်လွှင့်မှုလုပ်ငန်းတွေကို ပိတ်သိမ်းအရေးယူသွားမယ်လို့ ပြောပါတယ်။ ပါကစ္စတန်အစိုးရရဲ့ ယခု အစီအစဉ်ကို နိုင်ငံအတွင်းရှိ ရုပ်သံပရိသတ် ပြည်သူတွေက ချက်ချင်းပင် ဝေဖန်ပြစ်တင်ခဲ့ကြကြောင်းလည်း သိရပါတယ်။

play


ပါကစ္စတန်မှာ အိန္ဒိယက ရိုက်ကူးထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေနဲ့ ဘောလိဝုဒ်ဇာတ်ကားတွေကို အားပေးနှစ်ခြိုက်တဲ့ပရိသတ် များပြားစွာ ရှိနေပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေခဲ့တဲ့ ကက်ရှ်မီးယားဒေသမှာ ယခုနှစ် ဇူလိုင်လမှစတင်ပြီး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာလျက်ရှိနေပါတယ်။

play


ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်သွေးကြွများက ကက်ရှ်မီးယားရှိ အိန္ဒိယစစ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့မှုကြောင့် စစ်သား ၁၈ ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ပါကစ္စတန်က ကက်ရှ်မီးယား ခွဲထွက်ရေး စစ်သွေးကြွတွေကို လက်နက် တပ်ဆင်ပေးခြင်းနဲ့ စစ်သင်တန်းပေးခြင်းတို့ဖြင့် ကူညီပေးနေကြောင်း အိန္ဒိယက စွပ်စွဲထားပြီး ပါကစ္စတန်က အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

play


နှစ်နိုင်ငံနယ်စပ်ရှိ အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ယခုနှစ် ဇူလိုင်လမှာ စတင်ဖြစ်ပွားခဲ့တဲ့ အိန္ဒိယအစိုးရဆန်ကျင့်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ ပဋိပက္ခတွေကြောင့် နှစ်လကျော်ကာလအတွင်း လူ ၈၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video