International News: ပါကစ္စတန် ရဲသင်တန်းကျောင်း တိုက်ခိုက်ခံရမှု လူ ၆၀ သေဆုံး

ရဲသင်တန်းကျောင်းကို အကြမ်းဖက်တိုက်ခိုက်သူတွေဟာ ကောင်းစွာလေ့ကျင့်ထားသူတွေ ဖြစ်နိုင်ကြောင်းလည်း ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။

play


ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကွတ်တာမြို့ရှိ ရဲတပ်ဖွဲ့သင်တန်းကျောင်းကို လက်နက်ကိုင် စစ်သွေးကြွများက ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်) ည နှောင်းပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ရာ လူ ၆၀ ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ တပ်သားသစ်များ အပါအဝင် ၁၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


ကွတ်တာမြို့ရှိ ဘာလိုချီစတန် ရဲသင်တန်းကျောင်းမှာ တပ်သားသစ် ၂၀၀ မှ ၂၅၀ ခန့် သင်တန်းတက်ရောက်နေပြီး စီးနင်းတိုက်ခိုက်ခံမှုအတွင်း စစ်သွေးကြွတွေက အချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

play


စစ်သွေးကြွ အကြမ်းဖက်သမား ငါးဦးမှ ခြောက်ဦးက ယမန်နေ့ည ဒေသစံတော်ချိန် ၁၁း၃၀ ခန့်မှာ ရဲသင်တန်းကျောင်း တည်းခိုဆောင်ကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရဲသင်တန်းကျောင်း တိုက်ခိုက်ခံရမှုဟာ ပါကစ္စတန်မှာ ယခုနှစ်အတွင်း တတိယမြောက် သေဆုံးဒဏ်ရာရမှု အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

play


အကြမ်းဖက်သမားတွေဟာ ရဲသင်တန်းကျောင်း အရှေ့ဖက်ဂိတ်ပေါက်မှ ဝင်ရောက်လာခဲ့ပြီးနောက် တပ်သားသစ်များ နေထိုင်ရာ တည်းခိုဆောင်ကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ရဲသင်တန်းကျောင်းကို အကြမ်းဖက်တိုက်ခိုက်သူတွေဟာ ကောင်းစွာလေ့ကျင့်ထားသူတွေ ဖြစ်နိုင်ကြောင်းလည်း ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။

play


၎င်းတို့ဟာ ရဲသင်တန်းကျောင်းကို မတူညီတဲ့ နေရာငါးခုမှ မီးရှို့ခဲ့ကြောင်း လုံခြုံရေးအရာရှိတွေက ဆိုပါတယ်။ ရဲသင်တန်းကျောင်း စီးနင်းတိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုများ ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက်အစောပိုင်းအထိ ဆက်လက် ဖြစ်နေတယ်လို့ သိရပါတယ်။

play


ရဲသင်တန်းကျောင်းကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။

play


ရဲသင်တန်းကျောင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ မည်သည့် အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ အကြမ်းဖက်သမားများ စီးနင်းတိုက်ခိုက်ခံရတဲ့ ရဲသင်တန်းကျောင်းဟာ ကွတ်တာမြို့ပြင် ၈ မိုင်အကွာမှာ တည်ရှိကြောင်း သိရပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ