play


နှစ်နိုင်ငံ အငြင်းပွားမှုဖြစ်နေတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်တပ်က ပစ်ခတ်မှုကြောင့် ပါကစ္စတန်စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောပါတယ်။ နှစ်နိုင်ငံနယ်စပ်မျဉ်းရဲ့ ဘီဟမ်ဘာနယ်မြေမှာ အိန္ဒိယစစ်တပ်က နိုဝင်ဘာ ၁၃ ရက် ညလုံးပေါက် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုအတွင်း စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဆိုပါတယ်။

play


ပါကစ္စတန်စစ်တပ်ရဲ့ ပြောကြားမှုကို အိန္ဒိယဘက်က တုံ့ပြန်ပြောဆိုမှု မရှိသေးကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်ဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ကက်ရှ်မီးယားမှာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပါကစ္စတန်စစ်သားများ တစ်ကြိမ်တည်းဖြင့် အများဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။

play


အိန္ဒိယ-ပါကစ္စတန် နယ်စပ်ဒေသ ကက်ရှ်မီးယားမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အိန္ဒိယစစ်စခန်း တိုက်ခိုက်ခံရပြီးနောက် တင်းမာမှုများ မြင့်တက်နေခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ကြောင်း အိန္ဒိယနဲ့ပါကစ္စတန်က အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။

လတ်တလော သီတင်းပတ်များအတွင်း နယ်စပ်ဒေသမှာ နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် နှစ်ဖက်လုံးမှ အရပ်သားများနဲ့ စစ်သားများ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် တင်းမာမှုများ မြင့်တက်နေတာကြောင့် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးမှ ကျေးရွာများမှ ဒေသခံတွေကို ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video